သိမ်မျိုးစုံမဟာဋီကာ/အဓိကရုဏ်း ၄-ပါး ပြခန်း

သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၈၈။ အဓိကရုဏ်း ၄-ပါး ပြခန်း

     ဤနေရာ၌ ဝိနည်းဓိုရ်နှင့်စပ်သော အရာဖြစ်၍
(က) အဓိကရုဏ်း (၄) ပါးကိုလည်း သိသင့်သည်။
(ခ) သမထ (၇)ပါးကိုလည်း သိသင့်သည်။
(ဂ) သမ္မုခါ (၄)ပါးကိုလည်း သိသင့်သည်။

(က) အဓိကရုဏ်းကား
     စတ္တာရိမာနိ ဘိက္ခဝေ အဓိကရဏာနိ ဝိဝါဒါဓိကရဏံ အနုဝါဒါဓိကရဏံ အာပတ္တာဓိကရဏံ ကိစ္စာဓိကရဏံ၊ ဟူသော စူဠဝါ သမထက္ခန္ဓက (၂၁၁) ပရိဝါ-အဓိကရဏဘေဒ (၂၆၄) တို့နှင့် အညီ သမထတို့တည်ရာ ဖြစ်ရာ အဓိကရုဏ်းဟူသည် (၄) ပါးရှိ၏။ ထို (၄)ပါးတို့တွင်-

၁။ ဓမ္မ အဓမ္မ စသည်ဖြင့် ငြင်းခုံခြင်းကို ဝိဝါဒါဓိကရုဏ်းဆိုသည်။

၂။ သီလ အကျင့် အယူ အသက်မွေးမှု ပျက်စီးခြင်းဖြင့် ဆဲရေး ခြင်း စောဒနာခြင်းဟု ဆိုအပ်သော စွပ်စွဲခြင်းကို အနုဝါဒါဓိကရုဏ်း ဆိုသည်။

၃။ ငါးပါးသော အာပတ်အစု၊ ခုနစ်ပါးသော အာပတ်အစုကို အာပတ္တာဓိကရုဏ်းဆိုသည်။

၄။ အပလောကနကံ စသော ကံ (၄)ပါးတို့တွင် တစ်ပါးပါး သော ကံပြုခြင်းကို ကိစ္စာဓိကရုဏ်းဆိုသည်။

     ထို့ကြောင့်။ ။ ဣဓ ဘိက္ခဝေ ဘိက္ခု ဘိက္ခုံ ဝိဝဒန္တိ ဓမ္မောတိဝါ အဓမ္မောတိဝါ-စသည်ဖြင့် စူဠဝါပါဠိတော် သမထက္ခန္ စသည်၌ ဟောတော်မူအပ်ပြီ။ ကင်္ခါအဋ္ဌကထာ စသည်မှာလည်း အဓိကရဏ သရုပ်ကို ဖွင့်အပ်ပြီး။