သူရဲကောင်းငါးကလေးများ -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၂) သူရဲကောင်းငါးကလေးများ (ကျောင်းသားကိုင်သို့)
339283ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၂) သူရဲကောင်းငါးကလေးများ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂)

သူရဲကောင်းငါးကလေးများ

သင်ယူမှုဦးတည်ချက် ။ ။ စည်းလုံးညီညွတ်စွာနေထိုင်ရမည်ကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍စာသင်ခုံများကို ဘေးသို့ ရွှေ့ထားပါ။

֍မြွေအဖြစ် သရုပ်ဆောင်မည့်သူကို ကြိုတင်ရွေးချယ်ပြီး ကလေးအားလုံးကို သူသည် မြွေအဖြစ် သရုပ်ဆောင်မည့်သူဖြစ်ကြောင်း ပြောပြထားပါ။

֍ကလေးများအားလုံးကို .. စာသင်ခန်းအလယ်တွင် လွတ်လပ်စွာနေစေပြီး “အခု ဆရာပြောတဲ့အတိုင်း ကစားကြရအောင်”ဟု ပြောပါ။

֍“သားတို့၊ သမီးတို့က ငါးကလေးတွေ ဖြစ်တယ်၊ အခု မြွေက ငါးကလေးတွေကို လိုက်ဖမ်းတော့မယ်”ဟု ပြောပြီး မြွေအဖြစ်သရုပ်ဆောင်သူက ကလေးများကို လိုက်ဖမ်းပါစေ။

֍ဖမ်းမိသောကလေးများကို ဘေးသို့ဖယ်ထား၍ ကလေး ၂/၃ ဦးခန့်ကို ဖမ်းပြီးလျှင် “သားတို့၊ သမီးတို့ဟာ အချင်းချင်း လက်တွဲပြီး စည်းစည်းလုံးလုံး မရှိတဲ့အတွက် မြွေဖမ်းတော့ ပါသွားတာပေါ့၊ အခု မြွေဖမ်းလို့မရအောင် အားလုံး လက်တွေ တွဲထား မယ်၊ လက်တွေမလွှတ်ရဘူးနော်”ဟု ပြောပြီး ကလေးများအားလုံးကို လက်တွဲထား ကြပါစေ။

֍ထို့နောက် မြွေအဖြစ်သရုပ်ဆောင်သူကို နောက်တစ်ကြိမ် လိုက်ဖမ်းပါစေ။

֍အချိန်အနည်းငယ်အထိ ကစားစေပြီးလျှင် “ကဲ ...သားတို့၊ သမီးတို့ စောစော ကတော့ မြွေက လာဖမ်းတဲ့အခါ သားတို့၊ သမီးတို့က တစ်ကွဲတစ်ပြားစီနဲ့ စည်းစည်း လုံးလုံး မနေတဲ့အတွက် လွယ်လွယ်လေးနဲ့ ဖမ်းလို့ရတယ်၊ အခု သားတို့၊ သမီးတို့က လက်တွေတွဲပြီး စည်းစည်းလုံးလုံးနေတဲ့အတွက် မြွေက ဖမ်းလို့မရတော့ဘူး၊ ဒါကြောင့် သားတို့၊ သမီးတို့အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ နေကြပါ”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သူရဲကောင်း ငါးကလေးများ ဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

“စည်းလုံးညီညွတ်စွာ လုပ်ဆောင်မှုကြောင့် အောင်မြင်မှုရရှိတဲ့ သူရဲကောင်း ငါး ကလေးများဇာတ်လမ်းကို ပြောပြမယ်”ဟုပြော၍ စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 1]

သူရဲကောင်း ငါးကလေးများ

ဟိုးရှေးရှေးတုန်းက ရွာကြီးတစ်ရွာရဲ့ တောင်ဘက်မှာ အမြဲတမ်း စီးဆင်းနေတဲ့ ချောင်းကလေးတစ်ချောင်း ရှိတယ်။ အဲဒီချောင်းလေးထဲမှာ ငါးလေးတွေက အုပ်စုလိုက် လွတ်လပ်ပျော်ရွှင်စွာ ကူးခတ်နေကြတယ်...အဲဒီချောင်းလေးထဲမှာ ငါးလေးတွေ တစ်ကောင်နဲ့ တစ်ကောင် စလိုက်နောက်လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် ကစားနေကြတာကို ကြည့်ပြီး သွားရည်ကျနေတဲ့ ရေမြွေတစ်ကောင်လည်း ရှိနေတယ်။ ရေမြွေကလည်း ငါးလေးတွေကို ဘယ်လိုစားရရင် ကောင်းမလဲလို့ အမြဲကြံစည်နေခဲ့တယ်။

တစ်နေ့မှာတော့ ငါးဖမ်းသမားကြီးတစ်ယောက် ရောက်လာပြီး “အင်း ဒီချောင်း ထဲမှာ ငါးတွေ တော်တော်ပေါတာပဲ။ ဒီချောင်းမှာ မြှုံးထောင်လိုက်ရင်တော့ တစ်ပတ်စာ လောက် ဟင်းမပူရတော့ဘူး” ဆိုပြီး မြှုံးထောင်ခဲ့တယ်။ ငါးကလေးတွေကလည်း မြှုံးကို မမြင်ဖူးတော့ မသိကြဘူး။ တစ်ကောင်နဲ့ တစ်ကောင် ဆော့ကစားရင်း မြှုံးထဲဝင်မိ ကြတယ်။ တစ်ဖြည်းဖြည်းနဲ့ မြှုံးထဲဝင်မိနေတဲ့ ငါးလေးတွေ တစ်စတစ်စများလာပြီး စုမိ နေခဲ့ကြတယ်။

အဲဒီမှာ အကွက်ချောင်းနေတဲ့ ရေမြွေကလည်း အဆင်သင့်ပဲလေ၊ စားရကံ ကြုံတော့ အလွယ်ကလေးပဲ စားရတော့မယ်ဆိုပြီး ပျော်နေခဲ့တယ်။ အဲဒီနောက် မြှုံးနား ကို ကပ်သွားပြီး မြှုံးထဲကို ဝင်လိုက်တော့တယ်။ ငါးကလေးတွေက “အောင်မလေး ငါတို့တွေတော့ ဒုက္ခရောက်ပါပြီ၊ ရေမြွေကြီးအစားခံရတော့မယ်”ဆိုပြီး ကြောက်နေကြတယ်။ ဒါပေမဲ့ ဘေးကိုကြည့်လိုက်တော့ မျိုးတူငါးကလေးတွေက အများကြီးဆိုတော့ ပြန်အားတက်လာကြပြီး “ငါတို့မှာ အင်အားအများကြီးရှိတယ်၊ ရေမြွေက တစ်ကောင်တည်း၊ ဘာမှကြောက်နေဖို့ မလိုဘူး၊ လာကြ လာကြ၊ ငါတို့မြွေကြီးကို ဝိုင်းကိုက်ကြစို့၊ မင်းတို့က ခေါင်းကိုကိုက်၊ ငါတို့က အမြီးကို ကိုက်မယ်၊ ဟိုတစ်ဖက် အုပ်စုက ကျောကုန်းကိုကိုက်”လို့ ပြောလိုက်တာနဲ့တစ်ပြိုင်နက် ရေမြွေကို ဝိုင်းကိုက်ကြတာ ရေမြွေလည်း သူ့အထင်နဲ့ တခြားစီဖြစ်ပြီး “အမလေးဗျ ... ကယ်ကြပါဦးဗျာ၊ ကျုပ်ကို ဝိုင်းကိုက်နေကြ ပြီ”ဆိုပြီး ဒဏ်ရာတွေအများကြီးနဲ့ မြှုံးထဲကနေ တစ်ချိုးတည်း ထွက်ပြေးသွားတော့ တယ်။

ဒီအဖြစ်အပျက်ကို မြှုံးတံရဲ့ထိပ်မှာ ထိုင်နေတဲ့ ဖားညိုကြီးတစ်ကောင်က ကြည့်ပြီး သဘောကျနေခဲ့တယ်။ ရေမြွေကလည်း ဖားညိုရယ်နေတာကို မြင်သွားပြီး “ဖားညို ကြီး၊ မင်းက ရယ်နိုင်သေးတယ်နော်၊ ငါးတွေက ငါ့ကိုဒီလို ဝိုင်းကိုက်ကြတာ တရား သလား၊ ငါကတစ်ကောင်တည်း၊ သူတို့တွေက အုပ်စုလိုက်ကြီး အနိုင်ကျင့်တာပဲ” လို့ ပြောလိုက်တယ်။ ဖားညိုကြီးကလည်း “အိုး အိုး ... ရေမြွေကြီးရယ်၊ သိပ်တရားတာ ပေါ့ကွာ၊ မင်းက သူတို့ကို စားဖို့သွားတာကိုး၊ သတ္တဝါတွေက ကိုယ်နေထိုင်တဲ့ အရပ်မှာ အားရှိကြတယ်၊ ကျွမ်းကျင်ကြတယ်၊ သူတစ်ပါးကို ညှဉ်းဆဲဖျက်ဆီးမယ့်သူဟာ သူကိုယ်တိုင် ပျက်စီးရတာ တရားပါတယ်ဗျာ”လို့ ပြန်ပြောလိုက်တယ်။

ရေမြွေကြီးကလည်း ဘာမှပြန်မပြောနိုင်တော့ဘဲ ဆက်ပြီး ထွက်ပြေးသွားခဲ့ တယ်။ ငါးလေးတွေကလည်း မြှုံးထဲကနေထွက်ပြီး လိုက်ကြဟေ့ လိုက်ကြ၊ ရေမြွေကို ကိုက်ကြမယ်ဟေ့”လို့ ဆိုပြီး ရေမြွေနောက်ကို အုပ်စုလိုက် ဆက်ပြေးပြီး လိုက်ကိုက်တော့ ရေမြွေက အလွန်ကြောက်ပြီး ငါးလေးတွေနဲ့ ဝေးရာကို ထွက်ပြေးသွားရရှာတယ်။ ဒီလိုနဲ့ ငါးလေးတွေဟာ သူတို့တွေ စုပေါင်းအားနဲ့ ဝိုင်းဝန်းတိုက်ခိုက်ကြလို့ ဘေးရန်ကနေ လွတ်မြောက်သွားကြပါတော့တယ်။

မှီငြမ်း ။ ။ ဟရိတမဏ္ဍူကဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု၊ ဒုတိယတွဲ။ ၃၆၅။ ဇာ၊ ဋ္ဌ၊ ၂။ ၂၁၈။

֍ဇာတ်လမ်းပြောပြီးလျှင် အောက်ပါမေးခွန်းများ မေးပါ။

-ဇာတ်လမ်းထဲမှာ ဘယ်သူတွေ ပါဝင်သလဲ။
-ငါးကလေးတွေဟာ ဘယ်မှာ နေကြသလဲ။
-ငါးကလေးတွေဟာ ဘယ်မှာ မိသွားကြသလဲ။
-ငါးကလေးတွေရဲ့ ရန်သူကြီးက ဘယ်သူလဲ။
-ငါးကလေးတွေက မြွေကြီးကို ဘာလုပ်လိုက်ကြသလဲ။
-ငါးကလေးတွေက မြွေကြီးကို ဘယ်လို တိုက်ခိုက်ကြသလဲ။
-နောက်ဆုံးမှာ ငါးကလေးတွေက ဘာဖြစ်သွားသလဲ စသည်ဖြင့် မေးပါ။

֍ဆရာက ငါးကလေးများဟာ စည်းလုံးရဲရင့်စွာနဲ့ မြွေကြီးကို တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ငါးကလေးတွေက ညီညီညွတ်ညွတ် နေထိုင်ကြလို့ အသက်ဘေးမှ လွတ်မြောက်ခဲ့ ကြောင်း ပြောကြားပြီး အနှစ်ချုပ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ပုံဆွဲရန် စာရွက်များနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား ငါးပုံ၊ မြွေပုံ၊ ဖားပုံများ ဆွဲခိုင်းပါ။

֍ပုံဆွဲပြီးသောအခါ ဇာတ်လမ်းနှင့်ချိတ်ဆက်ပြီး ပုံများအကြောင်း ဆွေးနွေးပါ။

ဥပမာ ... “ဇာတ်လမ်းထဲမှာ ငါးလေးတွေ ဘာလုပ်သလဲ”စသည်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ စာသင်ချိန် (၂) တွင် အသုံးပြုခဲ့ပြီးသော ဇာတ်လမ်းသရုပ်ဖော်ပုံများနှင့် စည်းလုံးခြင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ကလေးများအား ဇာတ်လမ်းသရုပ်ဖော်ပုံများကို ပြလျက် အောက်ပါ ကဗျာကို ဟန်အမူအရာဖြင့် ရွတ်ဆိုပြပါ။

[သတိပြုရန် 2]

စည်းလုံးခြင်း

ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်၊
ငါးလေးများအသွင်။
အကူအညီလိုရင် ညီညာမနှေး၊
ဝိုင်းဝန်းကူညီပေး။
ဖေးဖေးမမ ညီအစ်ကို၊
မောင်နှမတွေလို။
ကြိုဆိုကာ လက်ချင်းဆက်၊
စည်းလုံးခြင်းအတွက်။

֍စည်းလုံးညီညွတ်ခြင်း၏ အကျိုးကို ကလေးများအား ပြောပြပါ။

֍ထို့နောက် ကလေးများအား မျက်လုံးမှိတ်ထားပြီး ခဏ ငြိမ်သက်ကြပါစေ။

֍ငါးကလေးများကို နမူနာယူပြီး သားတို့၊ သမီးတို့လည်း တစ်ယောက်နှင့်တစ်ယောက် ညီညီညွတ်ညွတ် ချစ်ချင်ခင်ခင် နေထိုင်သင့်ကြောင်း၊ အဲဒီလို နေထိုင်မှသာ ကျောင်း မှာရော အိမ်မှာပါ ပျော်ရွှင်နိုင်မည်ဖြစ်ကြောင်း ပြောပြပြီး “သားတို့၊ သမီးတို့ အားလုံး ငါးကလေးတွေလို စည်းလုံးညီညွတ်တဲ့ ကလေးများ ဖြစ်ကြပါစေ”ဟု ဆုတောင်း ပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ဆရာက စကားပြောဟန်၊ အသံနေအသံထားဖြင့် ပြောရန် လိုအပ်ပါသည်။
  2. ဆရာက ဟန်အမူအရာ၊ အသံနေအသံထားဖြင့် ရွတ်ဆိုပြရန်လိုပါသည်။