အထူးရာဇဝတ်ရုံးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

အထူးရာဇဝတ်ရုံးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ  (1974) 
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ

အထူးရာဇဝတ်ရုံးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

[၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၈။]


ပြည်သူ့တရားကို ပြည်သူကစီရင်သည့်စနစ်ကို ပျိုးထောင်လေ့ကျင့်ရန်ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေကို ပြဋ္ဌာန်းကာ၊ ပြည်သူတို့ပါဝင်သော တရားစီရင်ရေးအဖွဲ့များဖြင့် ပြစ်မှုကြီးများကို စစ်ဆေးစီရင်နိုင်ရန် စီမံဆောင်ရွက်ခဲ့ပါသည်။ ယခု အခါတွင် ပြည်သူ့တရားစီရင်ရေးစနစ်သည် ထိရောက်ကျယ်ပြန့်လာပြီဖြစ်သည်တကြောင်း၊ ယင်းစနစ် ကို အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်၍ ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီအဆင့်ဆင့်က ရွေး ချယ်တင်မြှောက်သော တရားသူကြီးအဖွဲ့များ ပေါ်ပေါက်လာတော့မည်ဖြစ်သည်တကြောင်း တို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်-


၁။ (က) ဤဥပဒေကို အထူးရာဇဝတ်ရုံးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟုခေါ်တွင် စေရမည်။

(ခ) ဤဥပဒေသည် ချက်ခြင်းအာဏာတည်ရမည်။


၂။ ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။


၃။ (က) အထူးရာဇဝတ်ရုံးဖြင့် စစ်ဆေးဆဲအမှုများကို သက်ဆိုင်ရာ မြို့နယ်တရားသူကြီးအဖွဲ့သို့ လွှဲပြောင်းပေးပြီးဖြစ်သည်ဟု မှတ်ယူရမည်။ယင်းအမှုများကို မြို့နယ်တရားသူကြီးအဖွဲ့က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ဆက်လက်ကြားနာဆုံးဖြတ်ရမည်။ မြို့နယ်တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက်ကို ယင်းကျင့်ထုံး ဥပဒေအရ အယူခံဝင်ခွင့်ရှိသည်။

(ခ) အထူးရာဇဝတ်ရုံးများဆိုင်ရာ အတည်ပြုအဖွဲ့က အတည်ပြုသည့်အမိန့်နှင့်စီရင်ချက်ကို ထုတ်ပြန် ကြေညာသည့်နေ့မှ ရက်ပေါင်းခြောက်ဆယ်အတွင်း အယူခံဝင်ခွင့်ရှိသည်။
(ဂ) အထက်ဖေါ်ပြပါကာလ စည်းကမ်းသတ်အတွင်း တင်သွင်းပြီးသော အယူခံမှုများကို ပြည်သူ့တရား သူကြီးအဖွဲ့သို့ လွှဲပြောင်းပေးပြီးဖြစ်သည်ဟု မှတ်ယူရမည်။
(ဃ) ပြည်သူ့ တရားသူကြီးအဖွဲ့သည် အယူခံမှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ကြားနာဆုံး ဖြတ်ရမည်။


ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ