အဘိုးအဘွားများကို ကူညီမယ် -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၉) အဘိုးအဘွားများကို ကူညီမယ် (ကျောင်းသားကိုင်သို့)
339270ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၉) အဘိုးအဘွားများကို ကူညီမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၉)

အဘိုးအဘွားများကို ကူညီမယ်

သင်ယူမှုဦးတည်ချက် ။ ။ အဘိုးအဘွားများကို ကူညီရမည်ဖြစ်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ သက်ကြီးပူဇော်ပွဲရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍သက်ကြီးပူဇော်ပွဲ ရုပ်ပုံများကို ဆေးရောင်ခြယ်ကြပါစေ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ သက်ကြီးပူဇော်ပွဲပိုစတာနှင့် တောင်ဝှေးတစ်ချောင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍သက်ကြီးပူဇော်ပွဲ ပိုစတာကို ကလေးများ ကြည့်ရှုကြပါစေ။

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့မှာ ဘိုးဘိုး၊ ဘွားဘွားတွေ ရှိလား။
-ဘိုးဘိုး၊ ဘွားဘွားတွေကို ကူညီဖူးလား။
-ပိုစတာထဲမှာ ဘာတွေလုပ်နေကြတယ်လို့ ထင်သလဲ။
-ဘယ်သူတွေပါလဲ။
-ဘာပစ္စည်းတွေ တွေ့လဲ။ (ငှက်ပျောသီး၊ အုန်းသီး၊ အဝတ်အထည် စသည်ဖြင့်)

֍ကလေးများ ပိုစတာကို အသေးစိတ် ကြည့်ရှုတတ်အောင် ဆရာက ဦးဆောင် ဆွေးနွေးပေးပါ။

֍ဆွေးနွေးပြီးလျှင် အောက်ပါအတိုင်း ရှင်းပြပါ။

“ဒီပိုစတာထဲမှာပါတဲ့ ပွဲဟာ သက်ကြီးပူဇော်ပွဲပဲ၊ တစ်ရွာလုံး၊ တစ်ရပ်ကွက်လုံး စုပေါင်းပြီး ရပ်ကွက်ထဲ၊ ရွာထဲမှာရှိတဲ့ အဘိုးအဘွားတွေကို ကန်တော့လေ့ရှိကြတယ်”

֍ထို့နောက် ကလေးများ ပျော်ရွှင်စေရန်အတွက် အောက်ပါအတိုင်း ပျော်ရွှင်စွာ ကစား ကြပါစေ။

֍ယောက်ျားလေးတစ်ယောက်ကို အဘိုးအိုပုံစံပြုလုပ်စေပြီး အတန်းရှေ့ သို့မဟုတ် အတန်းအလယ်တွင် လမ်းလျှောက်နေပါစေ။ ထိုသို့လမ်းလျှောက်နေစဉ် ကျန်ကလေး များက “အဘိုးကြီးအို ခါးကုန်းကုန်း မအိုပါနဲ့ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး”ဟု လက်ခုပ်တီးပြီး သီဆိုနေကြပါစေ။

֍ထို့နောက် မိန်းကလေးတစ်ယောက်ကို အဘွားအိုပုံစံပြုလုပ်စေပြီး အထက်ပါအတိုင်း လမ်းလျှောက်နေစေပြီး “အဘွားကြီးအို ခါးကုန်းကုန်း မအိုပါနဲ့ဦး၊ နောက်နှစ်ခါ တန် ဆောင်မုန်း ပွဲကြည့်ပါဦး”ဟု လက်ခုပ်တီးပြီး သီဆိုနေကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ညိုညိုနဲ့ ဖြူဖြူဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကို ပြပြီး အောက်ပါ ညိုညိုနဲ့ ဖြူဖြူအကြောင်းကို ပြောပြပါ။

ညိုညိုနဲ့ ဖြူဖြူ

မြေလတ်မြို့ လေးမှာ ညိုညိုနဲ့ ဖြူဖြူဆိုတဲ့ ညီအစ်မနှစ်ယောက်ရှိတယ်။ မမကြီး ညိုညိုဟာ သူ့ညီမလေးဖြူဖြူကို သူသွားတဲ့နေရာတွေကို ခေါ်သွားလေ့ရှိတယ်။ တစ်နေ့မှာ မမကြီးညိုညိုက ဖြူဖြူကို တစ်နေရာခေါ်သွားခဲ့တယ်။ “ညီမလေးရေ မမကြီး သွားစရာ ရှိတယ်၊ မမကြီးနဲ့ လိုက်ခဲ့နော်။” “ဘယ်ကိုသွားမှာလဲ မမကြီး”၊ “ရောက်ရင် သိမှာပေါ့။”

မမကြီးပြောတဲ့နေရာရောက်တော့ အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေ အများ ကြီးတွေ့ ရတယ်၊ သူ့မမကြီးရဲ့ သူငယ်ချင်းတွေကိုလည်း တွေ့ ရတယ်။ သူတို့က ဘိုးဘိုး ဘွားဘွားတွေကို လက်သည်းညှပ်ပေးတယ်၊ ရေချိုးပေးတယ်၊ ခေါင်းလျှော်ပေးတယ်၊ အင်္ကျီလဲပေးတယ်၊ ခေါင်းကို အုန်းဆီထည့်ပြီး ခေါင်းဖြီးပေးတယ်၊ အိပ်ရာတွေကိုလည်း သန့်ရှင်းရေး လုပ်ပေးတယ်။ ဖြူဖြူကိုလည်း ဝိုင်းကူခိုင်းတယ်။

“ဖြူဖြူရေ ဒီဘွားဘွားကို တွဲပေးပါဦး”
“ဖြူဖြူရေ တံမြက်စည်းယူပေးပါဦး”
“ဖြူဖြူရေ အင်္ကျီလေးယူခဲ့ပေးပါ”

အပြန်လမ်းမှာ မမကြီးနဲ့ ဖြူဖြူတို့ စကားပြောရင်း ပြန်လာကြတယ်။ “ခုနက မမကြီးတို့ သွားတဲ့နေရာကို “ဘိုးဘွားရိပ်သာ”လို့ ခေါ်တယ်။ အသက်ကြီးတဲ့ အဘိုး၊ အဘွားတွေ စုပြီး နေကြတဲ့နေရာပေါ့။ “မမကြီးတို့၊ ဖြူဖြူတို့က သူတို့ကို ကူညီပေးရမယ် နော်” “ဟုတ်ကဲ့”။

ဒီဘိုးဘွားရိပ်သာမှာ စုပေါင်းနေတဲ့ ဘိုးဘိုး၊ ဘွားဘွားတွေ ရှိသလိုပဲ မိသားစုတွေ ဆွေမျိုးတွေနဲ့ နေနေတဲ့ ဘိုးဘိုး၊ ဘွားဘွားတွေလည်း ရှိတယ်။ သူတို့ကိုတွေ့ ရင်လည်း ကူညီပေးရမယ်နော်။

“ဘယ်လို ကူညီပေးရမလဲ မမကြီး”
ဒီနေ့ ဖြူဖြူကူညီသလိုမျိုး ကူညီပေးလို့ ရတယ်လေ”။

֍ညိုညိုနဲ့ ဖြူဖြူအကြောင်း ပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-ဖြူဖြူနဲ့ သူ့မမ ဘယ်ကိုသွားသလဲ။
-အဲဒီမှာ ဘယ်သူတွေ နေကြသလဲ။
-ဖြူဖြူနဲ့ သူ့မမက ဘာတွေလုပ်ခဲ့ကြသလဲ။
-အသက်ကြီးတဲ့ ဘိုးဘိုး၊ ဘွားဘွားတွေကို တွေ့ ရင် ဖြူဖြူ ဘယ်လိုကူညီမယ်လို့ ထင်သလဲ။
-သားတို့၊ သမီးတို့ရော အသက်ကြီးတဲ့ ဘိုးဘိုး၊ ဘွားဘွားတွေကို ဘယ်လို ကူညီမလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ အဘိုးအဘွားများကို ကူညီမယ် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ရွတ်ဆိုပြပါ။

အဘိုးအဘွားများကိုကူညီမယ်

ဘိုးဘိုးကြီးက လမ်းလျှောက်ချင်၊
အားနည်းနေလို့ မပျော်ရွှင်၊
လက်တွဲကြင်နာ ကူညီပေး၊
ဘိုးဘိုး ကျန်းမာရေး။
ဘွားဘွားကြီးက အိပ်ရာဝင်၊
ညောင်းညာနေလို့ မပျော်ရွှင်။
ဆေးလိမ်းကာပင် နှိပ်နယ်ပေး၊
ဘွားဘွား ကျန်းမာရေး။

֍ကဗျာရွတ်ဆိုပြီးသောအခါ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ ပေးပါ။

֍အုပ်စုတစ်ခုချင်းစီအား “အဘိုးအဘွားတွေကို ဘယ်လိုကူညီကြမလဲ၊ သားတို့၊ သမီးတို့ ကူညီချင်တဲ့အရာတွေကို ၃-ခုလောက် ပြောပြပါဦး”ဟု မေးမြန်းပြီး တစ်အုပ်စုကို ၎င်းတို့ ကူညီချင်သောအရာ၊ လုပ်ပေးချင်သောအရာ ၃-ခုခန့်ကို ပြောပြကြပါစေ။

֍ထို့နောက် အသက်ကြီးသော ဘိုးဘိုး၊ ဘွားဘွား၊ လူကြီးမိဘများကို အကူအညီပေးရ မည်ဖြစ်ကြောင်း ပြောပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။