အမှန်အတိုင်း ပြောကြမယ် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၂။ အမှန်အတိုင်း ပြောကြမယ် (ကျောင်းသားကိုင်သို့)
339365ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၃၂။ အမှန်အတိုင်း ပြောကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ ( ၃၂)

အမှန်အတိုင်း ပြောကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ မှန်မှန်ကန်ကန် ပြောဆိုခြင်းသည်ကောင်းသည့်အလေ့အကျင့်တစ်ခု ဖြစ်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မောင်ဦးနှင့်မောင်နီ သရုပ်ဖော်ပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ထို့နောက် “မောင်ဦးနဲ့မောင်နီ” ရုပ်ပုံကို အုပ်စုများအား ဝေပေး၍ လေ့လာစေကာ ရုပ်ပုံနှင့် ပတ်သက်ပြီး မည်သို့ ထင်မြင်ကြောင်းကို ခန့်မှန်းပြောဆိုကြပါစေ။

֍ကလေးများ ပြောပြီးပါက ဇာတ်လမ်းကို အောက်ပါအတိုင်း ပြောပြပါ။

-မောင်ဦးနဲ့မောင်နီဟာ မုန့်စားပြီး အိတ်ခွံတွေကို ခုံအောက်မှာ ပစ်ချထားကြတယ်။ ဆရာက ဒါ ဘယ်သူပစ်ထားတာလဲလို့ မေးတဲ့အခါ မောင်ဦးက “ကျွန်တော်မပစ်ဘူး” လို့ ပြောသတဲ့။ ဒါပေမဲ့ မောင်နီကတော့ “ကျွန်တော် ပစ်တာပါ”လို့ ပြောပြီး အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်လိုက်သတဲ့။

֍ထို့နောက် အောက်ပါမေးခွန်းများနှင့် ဆွေးနွေးပါ။

-မောင်ဦးနဲ့မောင်နီတို့ နှစ်ဦးထဲမှာ ဘယ်သူက စကားကို အမှန်အတိုင်း ပြောသလဲ။
-မောင်ဦး လိမ်ညာပြောတာကို ဆရာသိသွားရင် ဘာဖြစ်မယ် ထင်သလဲ။
-မောင်နီက အမှိုက်တွေ ဘယ်ကို ပစ်လိုက်သလဲ။
-သားတို့၊ သမီးတို့အနေနဲ့ ဘယ်သူ့ကို သဘောကျသလဲ။ ဘာဖြစ်လို့လဲ။
-အခြားသူတွေကရော ဘယ်သူ့ကို ပိုသဘောကျမယ် ထင်သလဲ။ ဘာဖြစ်လို့လဲ။
-သားတို့၊ သမီးတို့ဟာ လူတွေရဲ့ ချစ်တာကို ခံချင်သလား၊ မုန်းတာကို ခံချင်သလား။
-လူတွေရဲ့ ချစ်ခင်တာကို ခံချင်ရင် မောင်ဦးလို ပြုမူပြောဆိုမလား၊ မောင်နီလို ပြုပြောဆိုမလား။

֍နောက်ဆုံးတွင် ဆရာက “စကားကို အမှန်အတိုင်း မပြောဘဲ ညာပြောတတ်တဲ့သူဆိုရင် ဘယ်သူကမှ မချစ်ဘူး။ နောက်တစ်ချိန်ကျရင် ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်။ အဲဒီ ဇာတ်လမ်းထဲမှာ စကားကို အမှန်အတိုင်းမပြောတဲ့အတွက် ဘယ်သူကမှ မချစ်တဲ့အပြင် ဘာတွေ ဖြစ်သွားသလဲ ဆိုတာပါတယ်။ ကလေးတို့ သေချာနားထောင်နော်” စသည်ဖြင့် ပြောပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ လိမ်ညာသော ကျီးကန်းကြီး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခု သားတို့၊ သမီးတို့ကို ကျီးကန်းကြီးတစ်ကောင်အကြောင်း ပြောပြမယ်”ဟု အစချီပြီး အောက်ပါဇာတ်လမ်းကို ဟန်အမူအရာဖြင့် ပြောပြပါ။

֍ဇာတ်လမ်းပြောရာတွင် စိတ်ဝင်စားဖွယ်ကောင်းသော နေရာများရောက်ပါက “ဘာဆက် ဖြစ်သွားမယ် ထင်သလဲ၊ မှန်းကြည့်ပါဦး” စသည်ဖြင့်ပြောကာ ကလေးများ၏ သိလိုစိတ်ကို နှိုးဆွပေးသွားပါ။

လိမ်ညာသော ကျီးကန်းကြီး

တစ်ခါတုန်းက ပင်လယ်ထဲမှာ ကျွန်းတစ်ကျွန်းရှိတယ်။ အဲဒီကျွန်းဟာ လူတွေနဲ့ အလှမ်းဝေးတဲ့နေရာဖြစ်ပြီး လူတွေ သွားလာမှုမရှိတဲ့ နေရာတစ်နေရာ ဖြစ်တယ်။ ကျွန်းပေါ်မှာ ငှက်တွေအများကြီးရှိတယ်။ ငှက်ခေါင်းဆောင်ကြီးလည်းရှိပြီး ငှက်တွေအားလုံးဟာ စည်း စည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်နဲ့ နေထိုင်ကြတယ်။

တစ်နေ့မှာ အဲဒီကျွန်းပေါ်ကို ကျီးကန်းကြီးတစ်ကောင် ရောက်လာခဲ့တယ်။ အဲဒီကျီးကန်းကြီးဟာ ငှက်တွေနဲ့ မလှမ်းမကမ်းတစ်နေရာမှာ ခြေထောက်တစ်ဖက်တည်း ထောက်ပြီး ရပ်နေတယ်။ ပါးစပ်ကိုလည်း ဟ ထားတယ်။ ကျွန်းပေါ်မှာရှိတဲ့ ငှက်တွေလည်း “ဒီကျီးကန်း ကြီး ဘာလုပ်နေတာပါလိမ့်”လို့ ဝိုင်းကြည့်ကြတယ်။ ပြီးတော့ ကျီးကန်းကြီးနားကို သွားပြီး “ဘာဖြစ်လို့ ဒီလိုလုပ်နေတာလဲ”လို့ မေးကြတယ်။ အဲဒီအခါ ကျီးကန်းကြီးက “ငါ သတ္တဝါတွေ ကို အလွန် သနားတယ်။ ဒါကြောင့် တခြားကျီးကန်းတွေလို အသား၊ ငါး မစားဘူး။ လေကိုပဲ စားတာ။ အဲဒါကြောင့် ပါးစပ်ဂါ ဟ ထားတာပေါ့။ ပြီးတော့ ခြေထောက်နှစ်ဖက်လုံး ရပ်လိုက် ရင် မြေကြီးတွေ ကွဲအက်ပြီး အားလုံးဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် ခြေတစ်ဖက်ထဲ ရပ်နေ တာ”လို့ ပြောလိုက်တယ်။ ရိုးသားတဲ့ ငှက်တွေက ဒီကျီးကန်းကြီးဟာ အလွန်တော်တာပဲ”လို့ ချီးကျူးကြတယ်။ အလွန်လည်း လေးစားသွားကြတယ်။

နောက်နေ့မှာ ရိုးသားတဲ့ငှက်တွေဟာ သူ့တို့အသိုက်တွေ၊ ဥတွေ၊ သားသမီးတွေကို စောင့်ကြည့်ပေးဖို့ ကျီးကန်းကြီးကို ပြောပြီး အစာရှာထွက်ကြတယ်။ ငှက်တွေ အစာရှာထွက် သွားတာနဲ့တစ်ပြိုင်တည်း ကျီးကန်းကြီးဟာ အသိုက်ထဲက ငှက်ဥတွေ၊ ငှက်ပေါက်လေးတွေကို ရက်ရက်စက်စက်သတ်ပြီး စားပစ်လိုက်တယ်။ အစာရှာထွက်တဲ့ငှက်တွေ ပြန်လာတဲ့အခါ ဥတွေ၊ ငှက်လေးတွေ ပျောက်ဆုံးသွားတဲ့အတွက် ဝမ်းနည်းကြရတယ်။ ကျီးကန်းကြီးကို မေး တော့လည်း သူ ဘာမှမသိဘူးလို့ လိမ်ညာပြောလိုက်တယ်။ ငှက်တွေကလည်း ကျီးကန်းကြီး ပြောတာကို ယုံကြတယ်။ ဒါပေမဲ့ ငှက်ခေါင်းဆောင်ကြီးကတော့ ဒီကျီးကန်းကြီး ရောက်လာမှ အခုလို အဖြစ်ဆိုးတွေ ကြုံရတယ်ဆိုပြီး ကျီးကန်းကြီးကို သံသယဖြစ်လာတယ်။

နောက်နေ့မှာလည်း ဒီလိုပဲ ငှက်ဥတွေ၊ ငှက်ပေါက်လေးတွေ ပျောက်ပြန်တယ်။ အဲဒီ တော့ ငှက်ခေါင်းဆောင်ကြီးဟာ အစာရှာသွားသလိုလိုနဲ့ ကျွန်းပေါ်ကို တိတ်တိတ်ကလေး ပြန်လာပြီး ကျီးကန်းကြီးကို ချောင်းကြည့်နေခဲ့တယ်။ အဲဒီအချိန်မှာ ဘယ်သူမှမရှိဘူး ထင်ပြီး ငှက်ဥတွေ၊ ငှက်ပေါက်ကလေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်စားသောက်နေတဲ့ ကျီးကန်းကြီးကို တွေ့ သွားခဲ့ပါတယ်။

ငှက်ခေါင်းဆောင်ကြီးလည်း ငှက်တွေအားလုံးကို ခေါ်ပြီး အားလုံးရှေ့မှာပဲ ကျီးကန်းကြီးကို စစ်ဆေးတယ်။ နောက်ဆုံးတော့ ငှက်တွေယုံအောင် လိမ်ညာပြောဆိုခဲ့တဲ့ ကျီးကန်း ကြီးဟာ သူ့အမှားကို ဝန်ခံလိုက်ရတယ်။ စိတ်မကောင်းဖြစ်၊ ဒေါသထွက်နေတဲ့ ငှက်တွေဟာ ကျီးကန်းကြီးကို ဝိုင်းပြီး ထိုးဆိတ်ကြတော့တယ်။ နောက်ဆုံးတော့ စကားကို လိမ်ညာပြောဆို တဲ့ ကျီးကန်းကြီးဟာ အဲဒီနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

မှီငြမ်း ။ ။ ဓမ္မဓဇဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ။ ၁၆၇။ ဇာ၊ ဋ္ဌ၊ ၃။ ၂၅၂။

ဇာတ်လမ်းပြောပြီးပါက ဇာတ်လမ်းပါအကြောင်းအရာ အချက်အလက်များကို ပြန်လည် မေးမြန်းပြီး လိမ်ညာပြောခြင်းကြောင့် ကျီးကန်းကြီး ဘေးဒုက္ခတွေ့ သွားရပုံကို မီးမောင်း ထိုးပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ကျီးကန်း၏လိမ်ညာပြောဆိုပုံ၊ ကျီးကန်းက ငှက်များကိုစားသောက်ပုံ၊ ငှက် ခေါင်းဆောင်ကဖမ်းမိပုံ၊ လိမ်ညာဟန်ဆောင်သော ကျီးကန်းကြီးကို ငှက်အပေါင်းတို့က ဝိုင်းပြီး ထိုးဆိတ်နေပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ရုပ်ပုံများကို လေ့လာကြပါစေ။ (အုပ်စုတိုင်းအား ဝေပေးနိုင်က ပေးပါ။) ကြိုက်ရာရုပ်ပုံ တစ်ခုကို ရွေးစေပြီး ရုပ်ပုံ၏အဓိပ္ပာယ်ကို ပြောတတ်သလို ပြောပါစေ။ အုပ်စုတိုင်းမှ အလှည့်ကျ ပြုလုပ်ပါစေ။

֍ထို့နောက် အောက်ပါအတိုင်း မေးမြန်းပြောဆို၍ ဆန္ဒရှိသူများက သရုပ်ဆောင်ပြကြပါစေ။

-ကျီးကန်းကြီးက ငှက်တွေကို ဘယ်လို ညာပြောသလဲ၊ ကျီးကန်းကြီးပုံကို လုပ်ပြပါ။
-ငှက်ကလေးတွေ သေသွားလို့ ငှက်ဖို၊ ငှက်မတွေ ဘယ်လိုဖြစ်သွားကြသလဲ။
-ငှက်ဖို၊ ငှက်မတွေ ဒေါသဖြစ်တဲ့အမူအရာ လုပ်ပြပါဦး။
-ငှက်ခေါင်းဆောင်ကြီးက ကျီးကန်းကြီးကို ဘယ်လို ချောင်းကြည့်သလဲ။ အမူအရာ လုပ်ပြပါဦး။

֍ရှေ့စာသင်ချိန်များကို ပြန်လည်ချိတ်ဆက် ပြောပြပြီး သင်ခန်းစာ၏ အဓိက ရည်ရွယ်ချက် ကို ဆရာက အနှစ်ချုပ်၍ ပြောဆိုပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မှန်တာကိုပဲပြောကြမယ် သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ မှန်တာကိုပဲပြောကြမယ် သီချင်းကဗျာပါ အကြောင်းအရာများကို ကလေးများ ကို ဦးစွာ ရှင်းပြထားပေးပြီး ကလေး (၃/၄) ဦးခန့်က လိုက်ဖက်သော အမူအရာကို လုပ်ပြ ကြပါစေ။

֍ပြီးနောက် ဆရာနှင့်တကွ ကလေးများအားလုံး အောက်ပါ သီချင်းကဗျာကို အမူအရာနှင့် တကွ သီဆိုကြပါ။

မှန်တာကိုပဲ ပြောကြမယ်

လိမ်တယ် ညာတယ်ဆိုတာရယ်
မကောင်းပါဘူးကွယ်။
ဘုရားရှင်လည်း မကြိုက်
မိဘဆရာလည်း မကြိုက်
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (မကြိုက်)၃။
မှန်မှန်ကန်ကန် ပြောတာရယ်
အလွန်ကောင်းတာပေါ့ကွယ်။
ဘုရားရှင်လည်း ကြိုက်
မိဘ ဆရာလည်း ကြိုက်
ဆွေမျိုးတွေရော သူငယ်ချင်းတွေရော
အားလုံးကကွယ် (ကြိုက်)၃။

֍သီချင်းကဗျာ ရွတ်ဆိုပြီးသောအခါ ကလေးများအား လိမ်ညာပြောဆိုခြင်း မပြုလုပ်သင့် ကြောင်း၊ လိမ်ညာပြောဆိုလျှင် ဇာတ်လမ်းထဲက ကျီးကန်းကြီးကဲ့သို့ ဆင်းရဲဒုက္ခရောက် တတ်ကြောင်း၊ ယနေ့မှစ၍ လိမ်ညာပြောဆိုခြင်း မပြုလုပ်ဘဲ မှန်မှန်ကန်ကန်၊ ရိုးရိုးသား သား ပြောဆိုရမည်ဖြစ်ကြောင်း ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။