အသက်သခင်ကို ပြစ်မှားသူ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၂။ အသက်သခင်ကို ပြစ်မှားသူ(ကျောင်းသားကိုင်သို့)
348330ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၃၂။ အသက်သခင်ကို ပြစ်မှားသူ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂)

သင်ခန်းစာခေါင်းစဉ်။ ။ အသက်သခင်ကို ပြစ်မှားသူ

သင်ယူမှုဦးတည်ချက်။ ။ သူတစ်ပါးကျေးဇူးကို သိပြီး ပြန်ဆပ်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက အောက်ပါမေးခွန်းများကို မေး၍ စာသင်ချိန်ကို စတင်ပါ။

-“ကျေးဇူးတင်ပါတယ်ရှင်/ခင်ဗျာ” “ကျေးဇူးပါပဲ”လို့ ပြောတာကို ကြားဖူးလား။
-သားတို့သမီးတို့ကိုယ်တိုင်ရော “ကျေးဇူးတင်ပါတယ်ရှင်/ခင်ဗျာ”လို့ ဘယ်သူတွေကို ပြောဖူးလဲ။ ဘာကြောင့် ပြောတာလဲ။

֍ “သားတို့သမီးတို့မှာ ကျေးဇူးတင်သင့်တဲ့သူတွေ ရှိမှာပဲ။ အဲဒီလူတွေက ဘယ်သူတွေလဲ၊ ဘာကြောင့် ကျေးဇူး တင်သင့်တာလဲ”ဟု စဉ်းစားခိုင်းပြီး ကလေးများ၏ မှတ်စုစာအုပ်တွင် ရေးကြပါစေ။

֍ ချရေးထားသည့် ပုဂ္ဂိုလ်များထဲမှ မိမိကြိုက်နှစ်သက်သည့် တစ်ဦးအကြောင်းကို မတ်တတ်ရပ်၍ တစ်ဦးချင်းစီက ပြောပြကြပါစေ။

֍ ကလေးများ၏ တင်ပြချက်များကို ဆရာက သင်ပုန်းပေါ်တွင် မှတ်သား၍ လိုအပ်ချက်များရှိလျှင် ဖြည့်စွက်ဆွေး နွေးကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား “ကိုယ့်အပေါ်ပြုဖူးတဲ့ ကျေးဇူးကို သိတတ်ဖို့ အရေးကြီးတယ်၊ ဒါပေမယ့် တချို့ လူတွေကတော့ ကျေးဇူးကို မသိတတ်ရုံသာမက ကျေးဇူးတောင် ကန်းကြသေးတယ်။ ဒါနဲ့ပတ်သက်လို့ ဇာတ်လမ်းလေး တစ်ပုဒ်ကို ဖတ်ကြည့်ရအောင်”ဟု ပြော၍ ဇာတ်လမ်းတစ်ပုဒ်လုံးကို ကလေးတိုင်းက ဖတ်ကြပါစေ။

အသက်သခင်ကို ပြစ်မှားသူ

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ လယ်သမားတစ်ယောက်ရှိတယ်။ တစ်နေ့မှာသူဟာ နွားတွေကို စားကျက်မှာ လွှတ်ထားပြီး ပေါက်တူးပေါက်နေတယ်။ နွားတွေက စားကျက်မှာ စားသောက်နေရင်းနဲ့ တောအုပ်ထဲကို ဝင်သွား ကြတယ်။ လယ်သမားဟာ နွားပျောက်ရှာရင်း တောအုပ်ထဲမှာ မျက်စိလည် လမ်းမှားနေတယ်။ ထမင်းမစားရတာလည်း ခုနစ်ရက်တောင်ရှိနေပြီ။ ဒီလိုနဲ့ အိမ်ပြန်လမ်းရှာရင်း တည်ပင်တစ်ပင်နားရောက်တော့ တည်သီးစားဖို့ အပင် ပေါ် တက်ခူးတာ ခြေချော်ပြီး ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားတယ်။ ချောက်ကမ်းပါးက အလွန်နက်တော့ အပေါ်ကို ပြန်မတက်နိုင်ရှာဘူး။

ဆယ်ရက်လောက် ကြာသွားတဲ့အချိန်မှာ ခွန်အားကြီးတဲ့ မျောက်မင်းတစ်ကောင်ဟာ တည်သီးစားဖို့ တည်ပင်ပေါ် တက်ရင်း ချောက်ကမ်းပါးထဲ ပြုတ်ကျနေတဲ့ လယ်သမားကို တွေ့သွားတယ်။ ဒါကြောင့် လယ်သမားကို သူ့ကျောပေါ်တင်ပြီး ချောက်ကမ်းပါးထဲကနေ ခက်ခက်ခဲခဲနဲ့ ကယ်တင်ခဲ့တယ်။ ကုန်းပေါ်ကို ရောက်တော့ မျောက်မင်းက “ကျွန်ုပ် အလွန်ပင်ပန်းနေတဲ့အတွက် ခေတ္တခဏမျှ အနားယူပါဦးမယ်၊ ကျွန်ုပ်ကို စောင့်နေပါ”လို့ ပြောပြီး ကျောက်ဖျာပေါ်မှာ ပက်လက်လှန် အနားယူရင်း အိပ်ပျော်သွားတယ်။

မျောက်မင်း အိပ်ပျော်နေတဲ့အချိန်မှာ လယ်သမားက “တောထဲမှာရှိတဲ့ တိရစ္ဆာန်ဆိုတာ လူတွေရဲ့ အစာဖြစ်တယ်၊ ဒါ့ကြောင့် ဒီမျောက်ကြီးကို သတ်ပြီးစားလို့ရတယ်၊ ငါလည်း ဆာလောင်နေတယ်၊ ဒီမျောက်သားကို ယူသွားရမယ်၊ တောအုပ်ထဲက ထွက်ဖို့ ရိက္ခာလိုတယ်” ဟု ကြံစည်ပြီး အနီးအနားမှာရှိတဲ့ ကျောက်တုံးနဲ့ မျောက်မင်းရဲ့ ခေါင်းကို ထုရိုက်လိုက်တယ်။ မျောက်မင်းလည်း နိုးသွားပြီး သစ်ပင်ပေါ်ကို ခုန်တက်လိုက်တယ်။ ထို့နောက် မျောက်မင်းက “အို လူသား... သင်မြေပြင်က သွားပါ၊ ကျွန်ုပ်က သစ်ခက်တွေနဲ့ သင့်ကို လမ်းညွန်ခေါ်ဆောင်သွားပါ့မယ်” လို့ ပြောပြီး သစ်ပင်ပေါ်ကနေ လမ်းပြခေါ်ဆောင်သွားတယ်။ ရွာအနီးနားကို ရောက်တဲ့အခါ မျောက်မင်းက လယ်သမားကို ထားခဲ့ပြီး တောအုပ်ထဲကို ပြန်ဝင်လာတယ်။

မကြာမီမှာ လယ်သမားဟာ ကျေးဇူးရှင် သူတော်ကောင်းမျောက်မင်းကို ကိုယ်ထိလက်ရောက် စော်ကားမိ တဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံး အနာတွေ ပေါက်လာတယ်။ အနာတွေက ယားယံပြီး ပူလောင်လွန်းတဲ့အတွက် ငှက်ပျောရွက်တွေ ခင်းပြီးတော့ အိပ်ရတယ်။ ဒါပေမဲ့ ဝေဒနာက သက်သာမလာဘဲ ခုနစ်နှစ်ကြာ ဆင်းရဲစွာ ခံစားရပြီး ကွယ်လွန်သွားပါတယ်။ လယ်သမားဟာ ကျေးဇူးရှင်ကို ပြစ်မှားစော်ကားမိတဲ့ အကုသိုလ်ကံကြောင့် လက်ရှိဘဝမှာပဲ ဒုက္ခခံစားသွားရပါတယ်။

မှီငြမ်း။ ။ မဟာကပိဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ စတုတ္ထတွဲ၊ ၇၀၈။ ဇာ၊ဋ္ဌ၊၅၊၆၉။

֍ ဆရာက အောက်ပါမေးခွန်းများကို မေးပါ။

-ဒုက္ခရောက်နေသူဟာ ဘယ်သူလဲ။ ဘာကြောင့် ဒုက္ခရောက်တာလဲ။
-လယ်သမားကို ကူညီပေးတဲ့သူဟာ ဘယ်သူလဲ။ ဘယ်လို ကူညီခဲ့တာလဲ။
-မျောက်မင်းဟာ လယ်သမားကို ဘယ်လိုစိတ်နဲ့ ကူညီကယ်တင်ပေးတာလဲ။
-လယ်သမားဟာ မျောက်မင်းကို ဘာလုပ်လိုက်သလဲ။
-လယ်သမားဘယ်လို သေဆုံးသွားရသလဲ၊ ဘာကြောင့်လဲ။
-လယ်သမားနေရာမှာ သားတို့သမီးတို့သာဆိုရင် မျောက်မင်းကို ဘယ်လို တုံ့ပြန်မလဲ။
-မျောက်မင်းနေရာမှာ သားတို့သမီးတို့သာဆိုရင် ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို ဆက်ကူညီနိုင်ပါဦးမလား။ ဘာကြောင့်လဲ။
-ကိုယ့်ကို ကူညီပေးတဲ့သူတွေအပေါ် ဘယ်လိုကျေးဇူးတုံ့ပြန်မလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ခင်ပွန်းကြီး ဆယ်ပါး ရေးထားသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ခင်ပွန်းကြီးဆိုတာ ကြားဖူးသလား”ဟု ဆရာက မေး၍ စာသင်ချိန်ကို စတင်ပါ။ ကလေးများ ဖြေဆိုသမျှကို လက်ခံပေးပါ။

֍ နောက်ဆုံးတွင် ဆရာက “ကျေးဇူးရှိတဲ့သူ၊ မပြစ်မှားအပ်တဲ့သူကို ခင်ပွန်းကြီးလို့ ခေါ်တယ်၊ ခင်ပွန်းကြီး ဆယ်ပါး ရှိတယ်”ဟု ပြော၍ အောက်ပါအတိုင်း ရှင်းပြပါ။

၁။ ဗုဒ္ဓ = သဗ္ဗညုမြတ်စွာဘုရား
၂။ ပစ္စေကဗုဒ္ဓ = သီးခြားပွင့်တော်မူသည့် ဘုရားငယ်
၃။ အရဟန္တာ = အာသဝေါကုန်ခန်းပြီးသော ရဟန္တာ
၄။ အဂ္ဂသာဝက = မြတ်စွာဘုရား၏ လက်ဝဲရံ၊ လက်ယာရံ တပည့်ကြီးများ
၅။ မာတာ = မိခင်
၆။ ပိတာ = ဖခင်
၇။ ဝုဍ္ဎပစာယန = အသက်၊ သိက္ခာစသည် မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
၈။ အာစရိယ = သွန်သင်ဆုံးမ ပညာပေးသော ဆရာမြတ်
၉။ ဟိတကာရ = မိမိ၏အကျိုးစီးပွားကိုဆောင်ရွက်ပေးသည့် ကျေးဇူးရှိဖူးသူ
၁၀။ ဓမ္မကထိက = တရားဟော၊ တရားပြပေးသူ

֍ “သားတို့သမီးတို့ ... မြတ်စွာဘုရားက ခင်ပွန်းကြီးဆယ်ပါးကို မပြစ်မှားအပ်ဘူးလို့ ဘာကြောင့် ဟောခဲ့တယ်ထင် သလဲ။ စာသင်ချိန် (၂)မှာ ဖတ်ခဲ့တဲ့ ဇာတ်လမ်းထဲက မျောက်မင်းဟာ ခင်ပွန်းကြီး ဆယ်ပါးထဲက ဘယ်သူဖြစ်မယ် ထင်သလဲ”ဟု မေးမြန်းပါ။ (အဖြေ။ ။ ဟိတကာရ = မိမိ၏အကျိုးစီးပွားကို ဆောင်ရွက်ပေးသည့် ကျေးဇူးရှိဖူးသူ)

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အုပ်စု (၅) စု ဖွဲ့ပြီး အောက်ပါမေးခွန်းများကို ဆွေးနွေးပါစေ။

-သားတို့သမီးတို့ကို ဘယ်သူတွေက ကူညီခဲ့သလဲ။ (မိဘနှင့် အခြားသူများ)
-ဘယ်လိုကူညီခဲ့သလဲ။ (စားဝတ်နေရေး၊ ပညာရေးနှင့် အခြားအကူအညီများ)
-အဲဒီကျေးဇူးတွေကို ဘယ်လိုပြန်ဆပ်မလဲ။ (အဖြေအမျိုးမျိုးရှိနိုင်)

֍ ဆွေးနွေးထားသောအချက်များကို စာရွက်လွတ်တွင်ရေးပြီး အုပ်စုကိုယ်စားလှယ်အသီးသီးက အလှည့်ကျတင်ပြပါစေ။

֍ ကလေးများ အလှည့်ကျတင်ပြပြီးလျှင် ဆရာက အနှစ်ချုပ်ပေးပါ။

֍ နောက်ဆုံးတွင် အောက်ပါအတိုင်း ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

“သူတစ်ပါးကို ကူညီရမယ်၊ ကိုယ့်အပေါ် ကျေးဇူးပြုဖူးသူတွေအပေါ်လည်း ကျေးဇူးသိတတ်ရမယ်လို့ ဆရာတို့ရဲ့ မြတ်စွာဘုရားရှင်က အမြဲဆုံးမလေ့ရှိတယ်။ အဲဒီလိုပြုမူရင် ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝမယ်။ အကယ်၍ သူတစ်ပါးရဲ့ ကျေးဇူးကို မသိတတ်ရင် ကိုယ့်အကျိုး ပျက်တတ်တယ်လို့ ဆုံးမခဲ့တယ်။ ဒါ့ကြောင့် သားတို့သမီးတို့ တတွေလည်း သူတစ်ပါးလိုအပ်ချိန်မှာ အတတ်နိုင်ဆုံး ကူညီပေးတတ်တဲ့၊ ကိုယ့်အပေါ် ကျေးဇူးပြုဖူးသူတွေကိုလည်း ကျေးဇူးသိတတ်တဲ့ သားလိမ္မာသမီးလိမ္မာလေးများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”