၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ

၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ  (1949) 
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေလည်းရှု

တရားဌာန
ဥပဒေပြုဌာနခွဲ။
၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်နည်းဥပဒေများ။
အမှတ် ၁၉၈
ရန်ကုန်မြို့၊ ၁၃၁၁ ခု၊ တော်သလင်းလဆုတ် ၁၃ ရက်။
(၁၉၄၉ ခု၊ စက်တင်္ဘာလ ၁၉ ရက်။)

အမှတ် ၁၉၈။ ။၁၉၄၉ခုနှစ်၊ အာဇာနည်ဗိမာန် အက်ဥပဒေ ပုဒ်မ ၄အရ၊ အပ်နှင်းသည့် အာဏာများကို ဆောင်ရွက်လျက်၊ နိုင်ငံတော်သမတက၊ ထိုအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန်အလို့ငှါ၊ အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်သည်။

၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေပုဒ်မ ၄ အရ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမတက၊ အောက်ပါနည်းဥပဒေများကိုပြဋ္ဌာန်းသည်။


၁။ ။ ဤနည်းဥပဒေများကို၊ ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန် နည်းဥပဒေများဟု ခေါ်ရမည်။


၂။ ။ ဤနည်းဥပဒေများတွင်-

(က) “အက်ဥပဒေ” ဆိုသည်မှာ၊ ၁၉၄၉ ခုနှစ်၊ အာဇာနည်ဗိမာန်အက်ဥပဒေကို ဆိုလိုသည်။
(ခ) “အဖွဲ့” ဆိုသည်မှာ၊ အက်ဥပဒေ ပုဒ်မ ၂ အရ ဖွဲ့စည်းထားသောအာဇာနည်ဗိမာန်ထိန်းသိမ်းရေး အဖွဲ့ကိုဆိုလိုသည်။
(ဂ) “အဖွဲ့ဝင်” ဆိုသည်မှာ၊ အက်ဥပဒေ ပုဒ်မ ၂ အရ ဖွဲ့စည်းထားသောအာဇာနည်ဗိမာန် ထိန်းသိမ်းရေး အဖွဲ့တွင်ပါဝင်သော အဖွဲ့ဝင်ကိုဆိုလိုသည်။


၃။ ။ (၁) အဖွဲ့ဝင်များသည်၊ သာမာန် အစည်းအဝေး၊ သို့တည်းမဟုတ် အထူးအစည်းအဝေးကျင်းပ၍၊ မိမိတို့အထဲမှ ဥက္ကဋ္ဌတဦးနှင့်ဒုတိယဥက္ကဋ္ဌတဦး ရွေးချယ်ခန့်ထားရမည်။ ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့၏ ရာထူးသက်တမ်းသည် သုံးနှစ်ဖြစ်စေရမည်။

(၂) ရာထူးအလျောက်ခန့်ထားသော အဖွဲ့ဝင်မဟုတ်သည့်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် သုံးနှစ်ဖြစ် စေရမည်။ နောက်ထပ်လည်းအရွေးခံနိုင်ခွင့် ရှိစေရမည်။


၄။ ။ (၁) ရာထူးအလျောက်ခန့်ထားသော အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့ဝင်တဦးက၊ မိမိသည်ရာထူးမှနုတ် ထွက်လိုကြောင်းဖြင့် အဖွဲ့သို့စာဖြင့် အကြောင်းကြားလျှင်၊ အဖွဲ့သည်၊ ထိုအကြောင်းကြားစာကို၊ မှုခင်းကိစ္စမှတ်တမ်းများတွင်၊ ရေးမှတ်စေရမည်။ ထိုအခါယင်းသို့အကြောင်းကြားစာပေးပို့သော အဖွဲ့ဝင် သည်၊ အဖွဲ့ဝင်အဖြစ်မှရပ်စဲရမည်။

(၂) ရာထူးအလျောက် ခန့်ထားသော အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့ဝင်တဦးသည်၊ သာမန်အစည်းအဝေးများ သို့ အဖွဲ့၏ခွင့်ပြုချက်မရရှိဘဲတက်ရောက်ရန် တဆက်တည်း သုံးကြိမ်တိုင်တိုင်ပျက်ကွက်လျှင်၊ ထိုသူ သည်အဖွဲ့ဝင်အဖြစ်မှရပ်စဲရမည်။


၅။ ။ ဥက္ကဋ္ဌသည်၎င်း၊ ဥက္ကဋ္ဌမရှိလျှင် ဒုတိယဥက္ကဋ္ဌသည်၎င်း၊ မိမိတို့တက်ရောက်သော အဖွဲ့၏သာမန်၊ သို့တည်းမဟုတ် အထူးအစည်းအဝေးများ၌ဖြစ်စေ၊ ကော်မီတီအစည်းအဝေးများ၌ဖြစ်စေ၊ သဘာပတိ အဖြစ် ဆောင်ရွက်ရမည်။ အကယ်၍ ထိုသူနှစ်ဦးလုံး မတက်ရောက်လျှင်၊ အစည်းအဝေးတက်ရောက် သော အဖွဲ့ဝင်များသည် မိမိတို့အထဲမှ အဖွဲ့ဝင်တယောက်ကို အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ရမည်။


၆။ ။ အဖွဲ့ဝင်တို့၏ အစည်းအဝေးများသည်၊ သာမန် အစည်းအဝေးများသော်၎င်း၊ အထူးအစည်းအဝေး များသော်၎င်းဖြစ်ရမည်။ ထိုအစည်းအဝေးများကို ဥက္ကဋ္ဌကဘိတ်ခေါ်ရမည်။


၇။ ။ သာမန်အစည်းအဝေးများကို သုံးလတကြိမ်ကျ၊ ဇန္နာဝါရီလ၊ ဧပြီလ၊ ဇူလိုင်လနှင့်အောက်တိုဘာလ များတွင် ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့ရက်နှင့်အချိန်တွင် သတ်မှတ်သည့်နေရာ၌ ကျင်းပရမည်။ အစည်း အဝေးကျင်းပမည့် အကြောင်းနှင့်တကွ ထိုအစည်းအဝေး လုပ်ငန်းအစီအစဉ်ကို အဖွဲ့ဝင်အသီးသီးထံ အစည်းအဝေးမကျင်းပမီ အနည်းဆုံးငါးရက်ကြိုတင်ပေးပို့ရမည်။


၈။ ။ အထူးအစည်းအဝေးများကို ဥက္ကဋ္ဌက မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို ဘိတ်ခေါ်နိုင်သည်။ သို့ရာတွင် အစည်းအဝေးကျင်းပမည့် အကြောင်းနှင့်တကွ အစည်းအဝေးလုပ်ငန်းအစီအစဉ်ကို အဖွဲ့ဝင် အသီးသီးထံ အနည်းဆုံးသုံးရက် ကြိုတင်ပေးပို့ရမည်။ သို့သော် အဖွဲ့ဝင်ဦးရေအနည်းဆုံးထက်ဝက် လက်မှတ်ရေးထိုးသောစာဖြင့် အထူးအစည်းအဝေးဘိတ်ခေါ်ပေးရန် တောင်းဆိုလျှင်၊ ထိုတောင်းဆိုလွှာ တွင် အစည်းအဝေးလုပ်ငန်းအစီအစဉ်ကို အစုံအလင်ဖေါ်ပြထားပါက၊ ဥက္ကဋ္ဌသည် ထိုတောင်းဆိုလွှာကို ရသည့်နေ့မှ ဆယ့်ငါးရက်အတွင်း အထူးအစည်းအဝေးဘိတ်ခေါ်ရမည်။


၉။ ။ သာမန်၊ သို့တည်းမဟုတ် အထူးအစည်းအဝေး အထမြောက်ရေးအတွက် လိုအပ်သည့်အဖွဲ့ဝင်ဦးရေ မှာ လေးယောက်ဖြစ်ရမည်။


၁၀။ ။ မည်သည့် အစည်းအဝေး၌မဆို သဘာပတိသည်၊ အနိုင်မဲပေးနိုင်သည်။


၁၁။ ။ ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ အစည်းအဝေးတိုင်း၌ လုပ်ငန်းနှင့် စပ်လျဉ်း၍၊ သဘာပတိ စည်းမျဉ်းသတ်မှတ်ရမည်။ စည်းကမ်းကျ မကျ အဆုံးအဖြတ် တောင်းဆိုချက် တခုခုနှင့် ပတ်သက်၍၊ သဘာပတိ၏ အဆုံးအဖြတ်သည် အပြီးသတ်ဖြစ်ရမည်။ အစည်းအဝေး၌ ပဌမ ဦးဆုံးဆောင်ရွက်ရမည့်ကိစ္စမှာ လွန်ခဲ့သည့် နောက်ဆုံးအစည်းအဝေး၏ မှတ်တမ်းကိုဘတ်ကြား၍ ထိုမှတ်တမ်းမှန်ကန်လျှင် အတည်ပြုရန်၊ အကယ်၍ မမှန်ကန်လျှင် မှန်ကန်အောင် ပြင်ဆင်ပြီးနောက် အတည်ပြုရန်ဖြစ်သည်။ အစည်းအဝေးလုပ်ငန်း အစီအစဉ်နှင့်ပတ်သက်၍ ပေါ်ပေါက်သောပြဿနာ တိုင်း၊ ထိုသဘာပတိမှတဆင့် အစည်းအဝေးသို့တင်ပြ၍၊ အစည်းအဝေး၏ဆန္ဒကိုယူစေလျက် ဆုံးဖြတ် ရမည်။ အဆိုတခု၏ အရှုံးအနိုင်နှင့်ပတ်သက်၍ သဘာပတိ၏ ကျေညာချက်နှင့် ထိုကျေညာချက် အတိုင်း၊ အစည်းအဝေးမှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားသော မှတ်တမ်းသည်၊ အဆို၏အရှုံးအနိုင် နှင့်ပတ်သက်၍ အပြီးသတ်သက်သေခံဖြစ်ရမည်။


၁၂။ ။ အဖွဲ့ဝင်တဦးတယောက်သည်၊ အစည်းအဝေးကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ဆယ့်ငါး ရက်လုံးလုံး ကြိုတင်၍ ဥက္ကဋ္ဌထံသို့အစည်းအဝေး၌ တင်သွင်းလိုသောပြဿနာ၊ သို့တည်းမဟုတ် အဆို နှင့်ပတ်သက်၍ အကြောင်းကြားခြင်းမပြုလျှင်၊ အစည်းအဝေးလုပ်ငန်း အစီအစဉ်တွင် ဥက္ကဋ္ဌက၊ ထည့်သွင်းထားသောပြဿနာ၊ သို့တည်းမဟုတ် အဆိုမှတပါး အခြားမည်သည့်ပြဿနာကိုမျှ၊ သို့တည်း မဟုတ် အဆိုကိုမျှ အစည်းအဝေးလုပ်ငန်း အစီအစဉ်တွင် ထည့်သွင်းခြင်းမပြုရ။ သို့ရာတွင် အစည်း အဝေးသဘာပတိသည် အရေးကြီးသည်ဟု မိမိယူဆသောပြဿနာ၊ သို့တည်းမဟုတ် အဆိုကို အစည်း အဝေး အစီအစဉ်တွင်မပါသော်လည်း စဉ်းစားဆွေးနွေး ဆုံးဖြတ်ခွင့်ပြုနိုင်သည်။


၁၃။ ။ အစည်းအဝေး၌ တင်သွင်းသည့် အဆိုတိုင်းကိုဖြစ်စေ၊ အဆိုနှင့်ပတ်သက်သည့် ပြင်ဆင်ချက်တိုင်း ကိုဖြစ်စေ၊ ထောက်ခံသည့်သူရှိရမည်။ အကယ်၍ ထောက်ခံသူမရှိလျှင်၊ ထိုအဆိုကို၊ သို့တည်းမဟုတ် ပြင်ဆင်ချက်ကို အစည်းအဝေး၌ တင်သွင်းခြင်း၊ ဆွေးနွေးခြင်းမပြုရ။


၁၄။ ။ အာဇာနည်ဗိမာန်နှင့် ဗိမာန်ဥပစာနှင့် သက်ဆိုင်သည့်သာမာန်၊ သို့တည်းမဟုတ် အထူးကိစ္စ တရပ်ရပ်ကို ဆောင်ရွက်ရန်အလို့ငှါ၊ အဖွဲ့ဝင်များသည် ဆောင်ရွက်ရေးကော်မီတီနှင့်လိုအပ်လျှင် အခြား ကော်မီတီကို အခါကာလအားလျော်စွာ ခန့်ထားနိုင်သည့်ပြင်၊ ထိုကော်မီတီများသို့ လွှဲအပ်ရန်လိုအပ်သည် ဟု ထင်မြင်သော မိမိတို့၏ ငွေသုံးစွဲရေးနှင့်ဆောင်ရွက်ရေး အာဏာများကိုလွှဲအပ်နိုင်သည်။


၁၅။ ။ အဖွဲ့သည်-

(က) အဖွဲ့ဝင်တဦးကို အကျိုးဆောင်အင်ဂျင်နီယာ အဖြစ်ဖြင့် အဆောက်အဦများ၊ လမ်းများနှင့် အခြား အင်ဂျင်နီယာ အလုပ်အားလုံးကိုဆောက်လုပ်ခြင်း၊ ဖေါက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံထားခြင်း စသောလုပ်ငန်းများကို ကြီးကြပ်စီမံရန်အတွက်၎င်း၊

(ခ) အဖွဲ့ဝင်တဦးအား ငွေစာရင်းများနှင့် ဘဏ္ဍာရေး အခြေအနေကိုစစ်ဆေးရန် အတွက်၎င်း၊

(ဂ) အဖွဲ့ဝင်တဦးကို အာဇာနည်ဗိမာန်နှင့် ဗိမာန်ဥပစာထိန်းသိမ်းစောင့်ရှောက်စီမံခြင်း ကိစ္စအတွက်ခန့် ထားသော အမှုထမ်းများ၏ အလုပ်ဝတ္တရားများကို စီမံခန့်ခွဲရန်အတွက်၎င်း၊ အခါကာလအားလျော်စွာ ခန့်ထားနိုင်သည်။

အဖွဲ့၏ကြိုတင်ခွင့်ပြုချက်ကိုမရရှိဘဲ၊ ထိုအဖွဲ့ဝင်လူကြီးများက၊ အမှုထမ်းအား ပေးသည့်ညွှန်ကြားချက် အားလုံးကိုစာဖြင့် ရေးမှတ်ထားရမည်။


၁၆။ ။ အာဇာနည်ဗိမာန်ဥပစာအတွင်း အနေအထားခင်းကျင်းသတ်မှတ်ခြင်း၊ မွမ်းမံခြင်း၊ ကြည့်ရှုစောင့် ရှောက်စီမံခြင်းကိစ္စ၊ အာဇာနည်ဗိမာန်၊ သို့တည်းမဟုတ် ဗိမာန်ဥပစာအတွင်းထားရှိသည့်၊ သို့တည်းမဟုတ် ပေးအပ်ထားသည့် ဝတ္ထုပစ္စည်းတို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းကိစ္စများအတွက်၊ အဖွဲ့သည်အခါကာလအားလျော်စွာ ဗိမာန်အုပ်တယောက်ကို ခန့်ထားနိုင်သည့်ပြင်၊ အခြားမည်သူကိုမဆို လခစားအဖြစ်ဖြင့်သော်၎င်း၊ အကျိုးဆောင်အဖြစ်ဖြင့်သော်၎င်း၊ သင့်တော်မည်ထင်သော ရာထူးကိုပေး၍ ခန့်ထားနိုင်သည်။


၁၇။ ။ အဖွဲ့သည် အတွင်းရေးမှူး၊ ဗိမာန်အုပ်နှင့်အကျိုးဆောင် အင်ဂျင်နီယာတို့၏ အာဏာများ၊ တာဝန် ဝတ္တရားများနှင့် အလုပ်ဝတ္တရားများကို ညွှန်ကြားချက်များဖြင့် အခါကာလအားလျော်စွာ ပြဋ္ဌာန်း နိုင်သည်။


၁၈။ ။ အဖွဲ့သည်အဖွဲ့ဝင်တဦးကိုဖြစ်စေ၊ တဦးထက်ပိုသောအဖွဲ့ဝင်များကိုဖြစ်စေ၊ အာဇာနည်ဗိမာန်နှင့် ဥပစာများကိုကြည့်ရှုသူ၊ သို့တည်းမဟုတ် ကြည့်ရှုသူများအဖြစ်လာမည့် သုံးလပတ်အတွင်း တလ၊ သို့တည်းမဟုတ် တလထက်ပိုသော ကာလအပိုင်းအခြားအတွက်၊ ခန့်ထားနိုင်သည်။ ကြည့်ရှုသော အဖွဲ့ဝင်များသည် ကြည့်ရှုသူတို့၏ မှတ်တမ်းစာအုပ်တွင် မည်သည့်မှတ်ချက်များကိုမဆို ရေးမှတ် နိုင်သည်။ ထိုမှတ်ချက်များကို နောက်လာမည့် အဖွဲ့အစည်းအဝေး၌ ဆွေးနွေးရန်သော်၎င်း၊ အမိန့်ချမှတ်ရန်သော်၎င်း တင်ပြရမည်။


၁၉။ ။ အဖွဲ့၏အခွင့်မရရှိဘဲ၊ မည်သူမျှအာဇာနည်ဗိမာန်နှင့်ဗိမာန်ဥပစာအတွင်း ပေါက်နေသော သစ်ပင်ပန်းပင်များမှ အသီးကို၊ သို့တည်းမဟုတ် အပွင့်ကိုဆွတ်ခူးခြင်း၊ ကောက်ယူခြင်း၊ သစ်ပင်ကို၊ သို့တည်းမဟုတ် အကိုင်းအခက်ကိုခုတ်ခြင်း၊ ချိုးဖဲ့ခြင်း၊ ပန်းပင်များကိုချိုးနုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ သစ်ပင်ထိုင်ခုံ၊ ဝင်းခြံတံတိုင်း၊ သို့တည်းမဟုတ် အဆောက်အဦတခုခုပေါ်တွင် အမည်၊ သို့တည်းမဟုတ် အမှတ်အသားတခုခု ခုတ်ထစ်ခြင်း၊ ထုထွင်းခြင်း၊ စာရေးသားခြင်း၊ စာကပ်ခြင်း၊ အဆောက်အဦ ပရိ ဘောဂ အထိမ်းအမှတ်ဝတ္ထုပစ္စည်း၊ သို့တည်းမဟုတ် အခြားပစ္စည်းတခုခုကိုရုပ်ပျက်ဆင်းပျက်ဖြစ်စေ ခြင်း၊ သို့တည်းမဟုတ် ပျက်စီးယိုယွင်းစေခြင်း၊ သို့တည်းမဟုတ် ရုပ်ပျက်ဆင်းပျက်ဖြစ်စေရန် အားထုတ် ခြင်း၊ သို့တည်းမဟုတ် ပျက်စီးယိုယွင်းစေရန် အားထုတ်ခြင်းမပြုရ။


၂၀။ ။ အာဇာနည်ဗိမာန်ဥပစာ၏ ဝင်းခြံတံတိုင်းတခုခုပေါ်သို့ဖြစ်စေ၊ ဥပစာအတွင်းရှိဝင်းခြံ တံတိုင်း တခုခုပေါ်သို့ဖြစ်စေ၊ ဥပစာအတွင်းရှိအဆောက်အဦတခုခုပေါ်သို့ဖြစ်စေ၊ အဖွဲ့၏အခွင့်မရရှိဘဲမည်သူမျှ မတက်ရ၊ သို့တည်းမဟုတ် တက်ရန်အားထုတ်ခြင်းမပြုရ။


၂၁။ ။ အာဇာနည်ဗိမာန်အတွင်းရှိ ရေဘုံဘိုင်များ၌ အဖွဲ့၏ အခွင့်မရရှိဘဲ၊ မည်သူမျှရေချိုးခြင်း၊ အဝတ် ဖွပ်လျှော်ခြင်းမပြုရ။


၂၂။ ။ အဖွဲ့၏ခွင့်ပြုချက်မရရှိဘဲ၊ မည်သူမျှအာဇာနည်ဗိမာန်နှင့်ဥပစာအတွင်း သီချင်းဆိုခြင်း၊ ကခုန် ခြင်း၊ ကစားမြူးထူးခြင်း၊ အရောင်းအဝယ်တခုခုပြုလုပ်ခြင်း၊ စာကပ်ခြင်း၊ သို့တည်းမဟုတ် ဝေငှခြင်း၊ တရားဟောခြင်း၊ လူစုရုံးခြင်းမပြုရ။


၂၃။ ။အဖွဲ့ကပြဋ္ဌာန်းသည့် စည်းကမ်းများနှင့် အညီမှတပါး၊ မည်သူမျှအာဇာနည်ဗိမာန်နှင့်ဥပစာအတွင်း သို့မည်သည့်တိရစ္ဆာန်ကိုမျှ ခေါ်ဆောင်၍မလာရ။


၂၄။ ။ မည်သူမျှ အာဇာနည်ဗိမာန်ဥပစာအတွင်း၌၊ မည်သည့်တိရစ္ဆာန်ကိုမျှ စားကျက်ချခြင်းမပြုရ။


၂၅။ ။ မည်သူမျှ အာဇာနည်ဗိမာန်အတွင်း၌ဖြစ်စေ၊ ဗိမာန်ဥပစာအတွင်း၌ဖြစ်စေ၊ ဖလ်ကွဲဖလ်စ၊ စက္ကူ၊ သို့တည်းမဟုတ် အခြားမည်သည့်အမှိုက်သရိုက်ကိုမျှစွန့်ပစ်ခြင်းမပြုရ။


၂၆။ ။ မည်သည့်သေရည်မူးယစ်နေသူမျှ၊ အာဇာနည်ဗိမာန်ဥပစာအတွင်းသို့မဝင်ရ၊ သို့တည်းမဟုတ် ဥပစာအတွင်း၌မနေရ။ ထို့ပြင်မည်သူမျှစည်းမဲ့ ကမ်းမဲ့ကျင့်ခြင်း၊ ဆူပူလှုပ်ရှားစေခြင်း၊ သို့တည်းမဟုတ် ဆူပူလှုပ်ရှားမှု၌ပါဝင်ခြင်း၊ အာဇာနည်ဗိမာန်ဥပစာသို့လာရောက်သူများအား စိတ်ငြိုငြင်စေရန် ညစ်ညမ်း ယုတ်မာမဖွယ်မရာသော စကားပြောဆိုခြင်း၊ အာဇာနည်ဗိမာန်တွင် မြှုပ်နှံသင်္ဂြိုလ်ထားရှိသော အာဇာနည်များကိုသော်၎င်း၊ အာဇာနည်များ၏ ရုပ်ကလာပ် အရိုးပြာစသည် တို့ကိုသော်၎င်း၊ မရိုမသေ ပြုခြင်း စသည်တို့ကိုမပြုရ။


၂၇။ ။ မည်သူမျှအများပြည်သူတို့ သုံးစွဲရန်သီးသန့်ထားသောရေဘုံပိုင်များမှ တပါး၊ အခြားမည်သည့်ရေ ဘုံပိုင်ကိုမျှ အဖွဲ့၏အခွင့်မရရှိဘဲမဖွင့်ရ။


၂၈။ ။ နည်းဥပဒေ ၁၉ မှ ၂၇ အထိ နည်းဥပဒေများအနက် နည်းဥပဒေတခုခုကိုဖေါက်ဖျက်သူ၊ မည်သူမဆို အာဇာနည်ဗိမာန်နှင့်ဗိမာန်ဥပစာမှ နှင်ထုတ်ခံရမည့်ပြင်၊ ရာဇဝတ်တရားသူကြီးတဦးက ပြစ်မှုထင်ရှားစီရင်သည့်အခါ၊ ခြောက်လထက်မပိုသောထောင်ဒဏ်ကိုဖြစ်စေ၊ ငါးရာအထိငွေဒဏ်ကို ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ စီရင်ခြင်းခံရမည်။

အမိန့်အရ၊
စံညွန့်၊
အတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊
တရားဌာန။