၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ

၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ  (1960) 
by ဝင်းမောင်

၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ။

[၁၉၆၀ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၃၇။]

(၁၉၆၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်)

နိဒါန်း။

ဆည်မြောင်းဌာန၊ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်း၊ အလားတူအစိုးရ ဌာနနှင့်ကိုယ်စားလှယ်ဌာနတို့က၊ လိုအပ်သောစီမံချက်များ မဆောင်ရွက်နိုင်သော ကျေးလက်ဒေသများ တွင်၊ ကောက်ပဲသီးနှံစိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံမဟုတ်သော ပစ္စည်းများထုတ်လုပ်ရေး တိုးတက် လာစေရန်လည်းကောင်း၊ ကျေးလက်စီးပွားရေး တိုးတက်ကောင်းမွန်လာစေရန်လည်းကောင်း ရည်ရွယ် သည့်စီမံကိန်းများ ဆောင် ရွက်ရေးအတွက်ပြဋ္ဌာန်းချက် ပြုလုပ်သင့်သည် တစ်ကြောင်း။ ထို့ပြင် ဤအက်ဥပဒေ ရည်ရွယ်ချက်များဖြစ်မြောက်အောင် ဆောင်ရွက်ရေးအတွက် ရန်ပုံငွေတစ်ခုတည် ထောင်ထားရှိ၍၊ အာဏာများအပ်နှင်းသင့်သည်လည်းတစ်ကြောင်း။

ထိုအကြောင်းများကြောင့်၊ အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤအက်ဥပဒေကို ၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေအက်ဥပဒေ ဟုခေါ်တွင်စေရမည်။

(၂) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမ္မတက၊ အမိန့်ကြော်ငြာစာဖြင့် ပြဋ္ဌာန်းသည့်နေ့ရက်၊ သို့တည်း မဟုတ်နေ့ရက်များနှင့် နယ်မြေများတွင် စတင်အာဏာတည်ရမည်။


အဓိပ္ပာယ်ဖော်ပြချက်။

၂။ ။ ဤအက်ဥပဒေတွင်၊ အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏အဓိပ္ပာယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-

(က) “မင်းကြီး” ဆိုသည်မှာ၊ တိုင်းမင်းကြီးကို ဆိုလိုသည်။
(ခ) “ရန်ပုံငွေ” ဆိုသည်မှာ၊ ကျေးလက်စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေကို ဆိုလိုသည်။
(ဂ) “အကျိုးခံစားခွင့်ရှိသူ” ဆိုသည်မှာ၊ ဤအက်ဥပဒေအရ စရိတ်စကများလက်ခံရန် သဘောတူသော သူတစ်ဦး၊ သို့တည်းမဟုတ် တစ်စုကိုဆိုလိုသည်။
(ဃ) “ခရိုင်” ဆိုသည်မှာ၊ အခွန်တော်နှင့် စီရင်အုပ်ချုပ်မှုကိစ္စများအလို့ငှာ၊ ခရိုင်အဖြစ်ဖွဲ့စည်းထား သည့်နယ်မြေကိုဆိုလိုသည်။
(င) “တိုင်း” ဆိုသည်မှာ၊ အခွန်တော်နှင့် စီရင်အုပ်ချုပ်မှုကိစ္စများအလို့ငှာ၊ တိုင်းအဖြစ်ဖွဲ့စည်းထား သည့်နယ်မြေကို ဆိုလိုသည်။
(စ) “နည်းဥပဒေ” ဆိုသည်မှာ၊ ဤအက်ဥပဒေအရ၊ နိုင်ငံတော်သမ္မတကပြုသည့် နည်းဥပဒေကို ဆိုလို သည်။
(ဆ) “စရိတ်စကများ” ဆိုသည်မှာ၊ လုပ်ငန်းများတည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ကြီးကြပ်ခြင်း၊ သို့တည်းမဟုတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းအတွက်ကုန်ကျစရိတ်များ ကာမိစေရန် ငွေဖြင့် သော်လည်းကောင်း၊ ပစ္စည်းဖြင့်သော်လည်းကောင်း၊ ထုတ်ပေးပြီးနောက် အကျိုးခံစားခွင့်ရှိသူက၊ မိမိ ၏ကြိုတင်သဘောတူညီချက်ဖြင့် ခရိုင်ဝန်အမိန့်ချမှတ်သည့် စည်းကမ်းချက်များအရ၊ အမိန့်ချမှတ်သည့် နည်းလမ်းအတိုင်း ပေးဆပ်ရမည့်ချေးငွေနှင့် ကြိုတင်ထုတ်ပေးငွေ အရပ်ရပ်မှစ၍ ၎င်းတို့ ပေါ်တွင်အတိုး ငွေကို ဆိုလိုသည်။


ရန်ပုံငွေတည်ထောင်ထားရှိခြင်း။


၃။ ။ တိုင်းအသီးသီးအတွက် ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုရန်ပုံငွေကို တည်ထောင်ထားရှိရမည့် ပြင်၊ ထိုရန်ပုံငွေသို့၊ အောက်ပါငွေများကိုလည်း ထည့်သွင်းရမည်-

(က) ဤအက်ဥပဒေအရ မင်းကြီးက၊ ပြည်ထောင်စုအစိုးရထံမှ ရရှိသည့်ငွေအားလုံး။
(ခ) အကျိုးခံစားခွင့်ရှိသူများထံမှ၊ ၎င်းတို့အား အကျိုးဖြစ်ထွန်းစေသည့် စီမံကိန်းအတွက် ကုန်ကျစရိတ် များနှင့် အတိုးအဖြစ်ရရှိသည့်ငွေအားလုံး။
(ဂ) ရန်ပုံငွေနှင့်သက်ဆိုင်သည့် အခြားငွေများ။


ရန်ပုံငွေသုံးစွဲခြင်း။


၄။ ။ ရန်ပုံငွေကို၊ ဤကိစ္စအလို့ငှာပြုသည့် နည်းဥပဒေများနှင့် မဆန့်ကျင်စေဘဲ အောက်ပါကိစ္စအားလုံး အတွက်ဖြစ်စေ၊ တစ်ခုခုအတွက်ဖြစ်စေ အသုံးပြုရမည်-

(က) လယ်ယာစိုက်ပျိုးရေးကိစ္စများအလို့ငှာသော်လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးတွင် ခိုင်းစေ သည့်ကျွဲနွားတိရစ္ဆာန်များနှင့် လူများအသုံးပြုရန် အလို့ငှာသော်လည်းကောင်း၊ ရေသိုလှောင်ရေး၊ ရေပေးသွင်းရေးနှင့် ရေဝေငှရေးအတွက် တာတမံများဖို့လုပ်ပြုပြင်ရန်၊ ရေတွင်းရေကန်များ တူးဖော်ပြု ပြင်ရန်နှင့်အခြားလုပ်ငန်းများ တည်ဆောက်ပြုပြင်ရန်ကိစ္စ။
(ခ) ဆည်မြောင်းအတွက်မြေကို သင့်လျော်အောင်ပြုပြင်စီမံရန်၊ တူးမြောင်းငယ်များဖောက်လုပ်၊ သို့တည်းမဟုတ် ပြုပြင်ရန်ကိစ္စ။
(ဂ) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းတူးဖော်ရေး အသုံးအဆောင်နှင့်စက်ကိရိယာများ ဝယ်ယူ ခြင်း၊ သို့မဟုတ် ငှားရမ်းခြင်းကိစ္စ။
(ဃ) လယ်ယာစိုက်ပျိုးရေးကိစ္စများအတွက် ရေသွင်းခြင်း၊ ရေထုတ်ခြင်းကို ဆောင်ရွက်ရန်၊ မပျက်စီး အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ သို့တည်းမဟုတ် ခုတ်ထွင်ရှင်းလင်းရန်ကိစ္စ။
(င) အထက်အဆိုပါ လုပ်ငန်းတစ်ခုခုကို အသစ်လဲလှယ်ရန်၊ သို့တည်းမဟုတ် ပြန်လည်တည်ဆောက်ရန် ကိစ္စ၊ သို့တည်းမဟုတ် ထိုလုပ်ငန်းတွင် ပြုပြင်ပြောင်းလဲရန်၊ သို့တည်းမဟုတ် ဖြည့်စွက်ရန်ကိစ္စ။ ထို့ပြင်
(စ) ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် မင်းကြီးက ဆုံးဖြတ်သည့် အခြားလုပ်ငန်းများ ဆောင်ရွက်ရန်ကိစ္စ။


စရိတ်စကများပေးဆပ်ရန်ကာလအပိုင်းအခြား။


၅။ ။ ဤအက်ဥပဒေအရ ထုတ်ပေးသည့် စရိတ်စကအားလုံးကို၊ အကျိုးခံစားခွင့်ရှိသူက ခရိုင်ဝန်ဆုံး ဖြတ်သည့် နည်းလမ်းအတိုင်း ပေးဆပ်ရမည်။


စရိတ်စကများအရတောင်းခံခြင်း


၆။ ။ ဤအက်ဥပဒေအရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများအရဖြစ်စေ ထုတ်ပေးသည့် စရိတ်စကဟူသမျှကိုလည်းကောင်း၊ ထိုစရိတ်စကပေါ်တွင်တောင်းခံသည့် အတိုးများရှိလျှင်၊ ထိုအတိုး အားလုံးကိုလည်းကောင်း၊ ထိုစရိတ်စကနှင့် အတိုးကိုတောင်းခံရာတွင် ကုန်ကျသည့် စရိတ်များရှိလျှင်၊ ထိုစရိတ်များကိုလည်းကောင်း ခရိုင်ဝန်ကအကျိုးခံစားခွင့်ရှိသူ၊ သို့တည်းမဟုတ် ၎င်း၏ခံဝန်သူများထံ မှဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူ၊ သို့တည်းမဟုတ် ခံဝန်သူများပိုင် ပစ္စည်းများထဲမှဖြစ်စေ ၎င်းက ပေးဆောင်ရန်ရှိသည့် အခွန်တော်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့အရ တောင်းခံရမည်။

အချို့သောအချက်များတွင် စရိတ်စကများ ထုတ်ပေးရန်ချမှတ်သည့် အမိန့်မှာအပြီးအပြတ် သက်သေမဖြစ်ခြင်း။


၇။ ။ ဤအက်ဥပဒေပါ ကိစ္စများအလို့ငှာ၊ ခရိုင်ဝန်က စရိတ်စကများခွင့်ပြုသော မည်သည့်အမိန့်စာမဆို-

(က) ထိုအမိန့်စာတွင် ဖော်ပြထားသည့် စရိတ်စကများမှာ၊ ဤအက်ဥပဒေအဓိပ္ပာယ်အရ စရိတ်စကများ ဖြစ်ကြောင်း၊
(ခ) ထိုအမိန့်စာတွင် ဖော်ပြထားသည့် အကျိုးခံစားခွင့်ရှိသူမှာ၊ အဆိုပါ စရိတ်စကများမှ အကျိုးခံ စားရသူဖြစ်ကြောင်းအပြီးအပြတ် သက်သေခံ ဖြစ်စေရမည်။


အကျိုးခံစားခွင့်ရှိသူများတွဲဖက်၍ဖြစ်စေ၊ ကိုယ်စီကိုယ်ငှဖြစ်စေ တာဝန်ရှိခြင်း။


၈။ ။ (၁) ဤအက်ဥပဒေအရ စရိတ်စကကို၊ သူတစ်ဦးတည်းအားသော်လည်းကောင်း၊ လူတစ်စုအား သော်လည်းကောင်း၊ ထိုစရိတ်စကနှင့် စပ်လျဉ်း၍ပေးဆပ်ရမည့်ငွေတစ်ရပ်လုံးကို ပေးဆပ်ရန်၊ ၎င်းတို့အားလုံးတွဲဖက်၍ဖြစ်စေ၊ ကိုယ်စီကိုယ်ငှဖြစ်စေ တာဝန်ယူပါသည်ဟူသော စည်းကမ်းချက်အရ ထုတ်ပေးသည့်အခါ၊ ထို့ပြင် ထိုသူတို့အသီးသီးပေးဆပ်ရန် တာဝန်ရှိသည့် ငွေပေါင်းဖော်ပြသောစာရင်း ကို၊ ထို စရိတ်စကခွင့်ပြုသည့် အမိန့်တွင်ရေးသွင်း၍၊ ဤကိစ္စအလို့ငှာ ထိုသူတို့အသီးသီးကလည်း ကောင်း၊ ထို အမိန့်ချမှတ်သည့် အရာရှိကလည်းကောင်း လက်မှတ်ရေးထိုးခြင်း၊ ကြက်ခြေခတ် အမှတ်မှတ်သားခြင်း၊ သို့တည်းမဟုတ် တံဆိပ်ခတ်နှိပ်ခြင်းပြုသည့်အခါ၊ ထိုစာရင်းသည်၊ ထိုသူတို့ ပေးဆပ်ရန်တာဝန်ရှိသည့်ငွေနှင့် စပ်လျဉ်း၍၊ အပြီးအပြတ်သက်သေခံဖြစ်စေရမည်။

(၂) ထိုငွေကို ပေးဆပ်ရန်ပျက်ကွက်ခဲ့သော်၊ ပျက်ကွက်သူတို့အပေါ်တွင်၊ အထက်ပါ ပုဒ်မ ၆ ၌ ပြဋ္ဌာန်း ထားသည့်နည်းလမ်းအတိုင်းအရေးယူဆောင်ရွက်နိုင်သည့်အပြင်၊ ခရိုင်ဝန်သည်ပေးဆပ်ရန်ရှိသော စရိတ်စကများ ပြေလည်အောင်ပေးဆပ်ခြင်းမပြုသေးသည့် ကာလအတွင်း-
(က) သီးစားချထားရေးအက်ဥပဒေနှင့်ထိုအက်ဥပဒေအရ ပြုသည့် နည်းဥပဒေများအရ၊ အခွင့်အရေး များကို၊ ပျက်ကွက်သူအား၊ နောက်လာမည့် လယ်ယာစိုက်ပျိုးချိန်တွင် မပေးဘဲ ငြင်းပယ်ရန်သော်လည်း ကောင်း၊
(ခ) လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေနှင့် နည်းဥပဒေများအရ၊ ခွင့်ပြုထားသော အခွင့်အရေး များအနက်၊ မြေကို လက်ရှိထားနိုင်ခွင့်နှင့်လုပ်ကိုင်နိုင်ခွင့်မှအပ၊ အခြားကျန်ရှိသော အခွင့်အရေးများကို ပျက်ကွက်သူထံမှ ရုပ်သိမ်းရန် သော်လည်းကောင်း အရေးယူဆောင်ရွက်စေနိုင်သည်။
ရှင်းလင်းချက်။ ။ အထက်ပါပုဒ်မ ၈ (၂) အရ ပျက်ကွက်သူဆိုသည်မှာ၊ ပေးဆပ်ရန်ငွေကို အမှန်တကယ် ပျက်ကွက်သူကိုသာ ဆိုလိုသည်။ ဝိုင်းကြီးချုပ်အရ အခြားတာဝန်ရှိသူများ မပါဝင်ချေ။


နည်းဥပဒေများပြုနိုင်ခွင့်အာဏာ။


၉။ ။ နိုင်ငံတော်သမ္မတသည်၊ အခါအားလျော်စွာအမိန့် ကြော်ငြာစာဖြင့်၊ အောက်ပါကိစ္စများကို ပြဋ္ဌာန်း ရန်ဤအက်ဥပဒေနှင့် ညီညွတ်သောနည်းဥပဒေများပြုနိုင်သည်-

(က) လုပ်ငန်းများနှင့်စီမံကိန်းများအထမြောက်အောင် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ခြင်းနှင့် ဆွေးနွေးခြင်းပြုပြီးနောက်၊ ၎င်းတို့ကို မည်သည့်နည်းလမ်းဖြင့် အဆိုပြုရန်ကိစ္စ။
(ခ) စရိတ်စကများနှင့်ပေးဆပ်ရန်ရှိသောငွေများကို မည်သည့် အရာရှိများက အမိန့်ချမှတ်ရန်ကိစ္စ။
(ဂ) ပေးဆပ်ရန်ရှိသော ငွေများအတွက် မည်သည့် အာမခံမျိုးကို ရယူရန်ကိစ္စ။ ပေးဆပ်ရန်ရှိသောငွေ များနှင့်အတိုးများပေးဆပ်ရေးကိစ္စ။ ထို့ပြင်ပေးဆပ်ရန်ရှိသော ငွေများကို မည်သည့်နည်းလမ်းအတိုင်း မည်သည့်အချိန်တွင်ပေးဆပ်ရန်ကိစ္စ။
(ဃ) ကျခံသည့်ကုန်ကျစရိတ်ကို မည်ရွေ့မည်မျှအရစ်ကျဖြင့် မည်သည့်နည်းလမ်းအတိုင်းပေးဆပ်ရန် ကိစ္စ။
(င) ဤအက်ဥပဒေအရ လုပ်ကိုင်ဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အခြားကိစ္စများ။


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

ဦးဝင်းမောင်၊

နိုင်ငံတော်သမ္မတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၂၂ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်။

(၁၉၆၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်။)


အမိန့်အရ၊

သာထက်၊

နိုင်ငံတော်သမ္မတ၏အတွင်းဝန်။