၁၉၈၉ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ

စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ  (1989) 
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၅/၈၉)
၁၃၅၁ ခုနှစ်၊ နယုန်လဆန်း ၁၅ ရက်

(၁၉၈၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို စကားရပ်များပြောင်းလဲ သတ်မှတ်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် တည်ဆဲဥပဒေများပါ “Union of Burma” ဆိုသည့် စကားရပ်အစား “Union of Myanmar” ဆိုသည့် စကားရပ်ကို လည်းကောင်း၊ “Burma” သို့မဟုတ် “Burman” သို့မဟုတ် “Burmese” ဆိုသည့် စကားရပ်အစား “Myanmar” ဆိုသည့် စကားရပ်ကိုလည်းကောင်း ထည့်သွင်းရမည်။

၃။ (က) အင်္ဂလိပ်ဘာသာဖြင့် လက်ရှိရေးသား သုံးစွဲလျက်ရှိသည့် ပြည်နယ်၊ တိုင်း၊ မြို့နယ်စု၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သို့မဟုတ် ကျေးရွာတစ်ခုခု၏ အမည်အခေါ်အဝေါ်ကို လည်းကောင်း၊ မြစ်၊ ချောင်း၊ တော၊ တောင် သို့မဟုတ် ကျွန်း တစ်ခုခု၏ အမည်အခေါ်အဝေါ်ကို လည်းကောင်း၊ မြန်မာအသံထွက်နှင့် ကိုက်ညီအောင်အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရေးသားရန် လိုအပ်လျှင် အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြင်ဆင်သတ်မှတ်နိုင်သည်၊

(ခ) ပုဒ်မခွဲ (က) အရ အစိုးရအဖွဲ့က ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် ပါရှိသည့် အမည်တစ်ခုခု သည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် ပါရှိနေလျှင် ယင်းအမည်ကို အဆိုပါအမိန့်ကြော်ငြာစာတွင် အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရေးသားထားသည့်အတိုင်း ပြင်ဆင်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ပုံ)
စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့