Page:ပါရာဇိကပါဠိတော်.pdf/108

This page has not been proofread.

တစ်ရံရောအခါ ယောက်ျားတစ်ယောက်အား မယားနှစ်ယောက်ရှိလေရာ တစ်ယောက်က မြုံ ၍ တစ်ယောက်က သားဖွားသူ ဖြစ်၏၊ အမြုံမသည် အိမ်သို့ ကပ်သော ဆရာရဟန်းကို "အသျှင်ဘုရားဤမိန်းမ သားဖွားလျှင် ဥစ္စာအားလုံးကို စိုးပိုင်သွားပါလိမ့်မည်၊ အသျှင်ဘုရား တောင်းပန်ပါရစေ၊ ထိုမိန်းမ၏ ကိုယ်ဝန်ကျဆေးကို သိတော်မူပါလော့"ဟု လျှောက်ရာ "ကောင်းပြီ နှမ"ဟု ဝန်ခံ၍ ထိုမိန်းမအား ကိုယ်ဝန်ကျဆေးကို ပေးရာ သားအမိ နှစ်ယောက်လုံး သေဆုံး၏။ပ။

သားအမိနှစ်ယောက်လုံး မသေကြချေ၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၆၃-၆၄)

၁၈၇။ တစ်ရံရောအခါ ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်သည် အိမ်သို့ ကပ်သော ဆရာရဟန်းကို"ကိုယ်ဝန်ကျဆေးကို သိတော်မူပါလော့"ဟု လျှောက်ရာ သို့ဖြစ်လျှင် နှမ အနှိပ်ခံပေးလေဟု ပြောဆို၏၊ ထိုမိန်းမသည် အနှိပ်ခိုင်း၍ ကိုယ်ဝန်ကို ပျက်စေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၆၅)

တစ်ရံရောအခါ ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်သည် အိမ်သို့ ကပ်သော ဆရာရဟန်းကို"ကိုယ်ဝန်ကျဆေးကို သိတော်မူပါလော့"ဟု လျှောက်ရာ သို့ဖြစ်လျှင် နှမ အပူတိုက်ပေးလေဟု ပြောဆို၏၊ ထိုမိန်းမသည် အပူတိုက်၍ ကိုယ်ဝန်ကို ပျက်စေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၆၆)

တစ်ရံရောအခါ အမြုံမ၁တစ်ယောက်သည် အိမ်သို့ ကပ်သော ဆရာရဟန်းကို "တောင်းပန်ပါသည် အသျှင်ဘုရား တပည့်တော်မ သားဖွားနိုင်မည့်ဆေးကို သိတော်မူပါလော့"ဟု လျှောက်ရာ "ကောင်းပြီ နှမ"ဟု ဝန်ခံ၍ ထိုမိန်းမအား ဆေးပေးရာ ထိုမိန်းမသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၆၇)

တစ်ရံရောအခါ သားဖွားတတ်သော မိန်းမတစ်ယောက်သည် အိမ်သို့ ကပ်သော ဆရာရဟန်းကို"တောင်းပန်ပါသည် အသျှင်ဘုရား၊ တပည့်တော်မအား သားမဖွားနိုင်မည့်ဆေး 'ပဋိသန္ဓေတားဆီးနိုင်သည့်ဆေး' ကို သိတော်မူပါလော့"ဟု လျှောက်တောင်းရာ "ကောင်းပြီ နှမ"ဟု ထိုမိန်းမအား ဆေးပေးလေရာ ထိုမိန်းမသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၆၈)

တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီရဟန်းကို ချိုင်းထိုး ကစားပျော်ပါးကြရာ ထိုရဟန်းသည် ပင်ပန်း၍ အသက် မရှူနိုင်သဖြင့် သေလေ၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်းတို့ ပါရာဇိကအာပတ် မသင့်ဟု မိန့်တော်မူ၏။ (၆၉)