Page:ပါရာဇိကပါဠိတော်.pdf/112

This page has not been proofread.

ထိုသူသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၀၂)

တစ်ရံရောအခါ ယောက်ျားတစ်ယောက်သည် ဆွေမျိုးအိမ်၌ လက်ပြတ် ခြေပြတ်ဖြစ်၍ ဆွေမျိုးတို့ သည်ဝိုင်းရံ၍ နေကုန်၏၊ ရဟန်းမိန်းမ 'ဘိက္ခုနီမ' တစ်ယောက်သည် ထိုလူတို့ကို "ဒါယကာတို့ ဤသူကိုသေစေလိုကြသလော"ဟု မေးရာ "အသျှင်မ သေစေလိုကြပါသည်"ဟု လျှောက်ကုန်၏၊ သို့ဖြစ်လျှင်လောဏသောဝိရကဆေးကို တိုက်ကျွေးကြလော့ဟု ပြောသဖြင့် ထိုလူတို့သည် ထိုသူ့ကိုလောဏသောဝိရကဆေးကို တိုက်ကြရာ ထိုသူသည် သေလေ၏၊ ထိုရဟန်းမိန်းမအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်လေ၏၊ ထိုအခါ ထိုရဟန်းမိန်းမသည် အခြားရဟန်းမိန်းမတို့အား ဤအကြောင်းကို လျှောက်လေ၏၊ ရဟန်းမိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို (တစ်ဆင့်) လျှောက် ကုန်၏၊ ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏၊ ရဟန်းတို့ထိုရဟန်းမိန်းမသည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၀၃)

ဝိနီတဝတ္ထု ဖြတ်ထုံးများ ပြီး၏။

တတိယ ပါရာဇိက ပြီး၏။

၁။ ကိုယ်ဝန်ယူနိုင် 'လက်ခံနိုင်' သော်လည်း မတည်နိုင်သူကို ရည်ရွယ်၍ အမြုံမဟု ဆိုရသည်၊ ဥတုလာသော မိန်းမတိုင်း ကိုယ်ဝန်ယူနိုင်လေသည်၊ အကုသိုလ်ကံအားကြီးသူသည် ထိုမိန်းမဝမ်း၌ လေပိုးတို့ကြောင့် ပျက်စီးရလေသည်၊ ယင်းတို့ကို နိုင်အောင် ဆေးပေးရမည်ဖြစ်လျက် ထိုရဟန်းကား ဆေးပေးမှား၍ ထိုမိန်းမ သေဆုံးရသည်၊ ၎င်းဆေးပေးမှုကို ရည်ရွယ်၍ ဒုက္ကဋ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။

၄-စတုတ္ထပါရာဇိက

ဝဂ္ဂုမုဒါ မြစ်ကမ်းနေ ရဟန်းများ ဝတ္ထု

၁၉၃။ အခါတစ်ပါး၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီမြို့ မဟာဝုန်တောပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူသော အခါ မြင်ဖူးကာမျှ မိတ်ဆွေအတူနေ အတူစား မိတ်ဆွေ ဖြစ်ကုန်သော များစွာသော ရဟန်းတို့သည် ဝဂ္ဂုမုဒါ မြစ်ကမ်း၌ ဝါကပ်နေထိုင်ကြကုန်၏။

ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ၊ ထိုအခါ ရဟန်းတို့အား-

"ယခုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုး ရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ၊ ငါတို့သည် အဘယ်နည်းဖြင့် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြရဘဲ ချမ်းသာစွာ ဝါကပ်ကြရပါအံ့နည်း၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိပါကုန်အံ့နည်း"ဟု အကြံဖြစ်၏။ အချို့သော ရဟန်းတို့က-

"ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့၏ အမှုကြီးငယ်ကို စီရင်ကုန်အံ့၊ ဤသို့ စီရင်လျှင် ထိုလူတို့ သည်ငါတို့အား ပေးလှူကြဖို့ရာ အမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည် အညီ အညွတ်ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲရှိကြရပေလိမ့်မည်"ဟု ပြောဆိုကြကုန်၏။ အချို့သော ရဟန်းတို့က-

"ငါ့သျှင်တို့