သင် သွားလော့၊ သင့်ကို ငါတို့ မသိကြ ကုန်"ဟု ပြောဆိုကြကုန်၏။
ထိုအခါ အသျှင်ဥဒါယီသည် ထိုအာဇီဝက၏ တပည့်တို့က မောင်းမဲ နှင်ထုတ်အပ်ရကား တစ်ဖန်သာဝတ္ထိမြို့သို့သာ ပြန်လာ၏။
သုံးကြိမ်မြောက်လည်း ထိုသတို့သမီးသည် မိခင်ထံသို့-
"အကျွန်ုပ်သည် မကောင်းသော အမျိုးသို့ ရောက်နေရပါသည်၊ ဆင်းရဲနေရပါသည်၊ ကိုယ်စိတ်ချမ်းသာမှုကို မရပါ၊ အကျွန်ုပ်ကို တစ်လမျှသာလျှင် ချွေးမအဖြစ်ဖြင့် အသုံးပြုကြပါသည်၊ ထိုတစ်လမှ လွန်သော အခါ၌ ကျွန်မအဖြစ်ဖြင့် အသုံးပြု ကြပါသည်၊ အို အကျွန်ုပ်၏ မိခင် လာပါလော့၊ အကျွန်ုပ်ကို ခေါ်ဆောင်ပါလော့"ဟု တမန်စေလွှတ်၏။
နှစ်ကြိမ်မြောက်လည်း ထိုဟူးရားကတော်သည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီကို-
"အသျှင်ဘုရား ထိုသတို့သမီးသည် မကောင်းသော အမျိုးသို့ ရောက်နေရသတတ်၊ ဆင်းရဲနေရသတတ်၊ ကိုယ်စိတ်ချမ်းသာမှုကို မရသတတ်၊ တစ်လမျှသာလျှင် ထိုသတို့သမီးကို ချွေးမ အဖြင့်ဖြင့်အသုံးပြု ကြသတတ်၊ ထိုတစ်လမှ လွန်သော အခါ၌ ကျွန်မအဖြစ်ဖြင့် အသုံးပြု ကြ သတတ်၊ အမောင်တို့ ဤသတို့သမီးကို ကျွန်မအဖြစ်ဖြင့် အသုံးမပြု ကြပါလင့်၊ ချွေးမအဖြစ်ဖြင့် အသုံးပြုကြပါလော့"ဟု ပြောတော်မူပါ အသျှင်ဘုရားဟု လျှောက်၏။
ပဌမကလည်း ငါ့ကို ထိုအာဇီဝက၏ တပည့်တို့သည် မောင်းမဲနှင်ထုတ်လေပြီ၊ သင် သွားလော့၊ ငါ မသွားအံ့ဟု (ဥဒါယီက ပြန်ပြော၏)။
၂၉၈။ ထိုအခါ ထိုဟူးရားကတော်သည် "ငါ၏ သမီးသည် ယုတ်မာသော ယောက္ခမမိန်းမသူ ကြောင့် ယုတ်မာသော ယောက္ခမယောက်ျားသူကြောင့် ယုတ်မာသောလင်ကြောင့် မကောင်းသော အမျိုးသို့ရောက်ရသကဲ့သို့၊ ဆင်းရဲနေရသကဲ့သို့၊ ကိုယ်စိတ်ချမ်းသာမှုကို မရသကဲ့သို့ ဤအတူ အသျှင်ဥဒါယီသည်မကောင်းရာသို့ ရောက်ပါစေသတည်း၊ ဤအတူ အသျှင်ဥဒါယီသည် ဆင်းရဲပါစေသတည်း၊