Page:ပါရာဇိကပါဠိတော်.pdf/45

This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တပ်နှစ်သက်သော စိတ်ဖြစ်ပေါ်လာရကား သစ်သားယဉ်မင်းရုပ်၏ နိမိတ်အင်္ဂါဇာတ်ကို (မိမိ) အင်္ဂါဇာတ်ဖြင့် တို့လေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂၅)

၇၂။ တစ်ရံရောအခါ ရာဇဂြိုဟ်မြို့မှ ရဟန်းပြုသော သုန္ဒရမည်သော ရဟန်းသည် ရထားလမ်းခရီးဖြင့် သွား၏၊ မိန်းမတစ်ယောက်သည် အသျှင်ဘုရား ခေတ္တ ဆိုင်းငံ့တော်မူပါ၊ ရှိခိုးပါရစေဟု လျှောက်ထားပြီးလျှင် ထိုမိန်းမသည် ရှိခိုးလျက် သင်းပိုင်ကိုမ၍ ပါးစပ်ဖြင့် အင်္ဂါဇာတ်ကို စုပ်လေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် သာယာသလောဟု (မေးတော်မူရာ) မြတ်စွာဘုရား တပည့်တော် မသာယာပါဟု (လျှောက်ထား၏)၊ ရဟန်း မသာယာသူအား အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၂၆)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရဟန်းကိုမြင်၍ အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါဟု (လျှောက်ထား၏)။ နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ တပည့်တော်မ အားထုတ်ပါမည်၊ အသျှင်ဘုရား အားမထုတ်ပါလင့်၊ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု (လျှောက်ထား၏)။ ထိုရဟန်း သည် ထိုမိန်းမဆိုတိုင်း ပြု၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၇)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရဟန်းကိုမြင်၍ အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မူပါဟု (လျှောက်ထား၏)။ နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ အသျှင်ဘုရား အားထုတ်တော်မူပါ၊ တပည့်တော်မ အားမထုတ်ဘဲ နေပါမည်၊ ဤသို့ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု (လျှောက်ထား၏)။ ထိုရဟန်းသည် ထို မိန်းမဆိုတိုင်း ပြု၏၊ ထိုရဟန်းအား တွေးတောမူ 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၈)

တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရဟန်းကိုမြင်၍ အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲတော်မှုပါဟု (လျှောက်ထား၏)။ နှမ မသင့်တော်၊ ဤကိစ္စသည် မအပ်စပ်ဟု (ပြောဆို၏)၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ အတွင်း၌ စေ့ဆော်အားထုတ်၍ အပြင်၌ သုက်ကို လွှတ်ပါ။ပ။ အပြင်၌ စေ့ဆော်အားထုတ်၍ အတွင်း၌ သုက်ကို လွှတ်ပါ၊ ဤသို့ ပြုလျှင် အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါဟု (လျှောက်ထား၏)။ ထိုရဟန်းသည် ထိုမိန်းမဆိုတိုင်း ပြု၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၂၉-၃၀)

၇၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်းချိုင်းသို့ သွားရာ ခွေးမစားသေးသော သူသေကောင်ကိုမြင်၍ ထိုသူသေကောင်၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲလေ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၁)