Page:ပါရာဇိကပါဠိတော်.pdf/70

This page has not been proofread.

သာဝတ္ထိမြို့၌ ဆန်တစ်လက်ဆုပ်စသည်ကို ခိုးသော လေးဝတ္ထု။ စားကြွင်းစား နှစ်ဝတ္ထု။ မြက် နှစ်ဝတ္ထု။ သံဃာ့ပစ္စည်းကို ဝေဖန်ခြင်းစသော ခုနစ်ဝတ္ထု။ ပိုင်ရှင် မရှိသော ခုနစ်ဝတ္တု။ သစ်သား ရေ မြေ မြက်တို့နှင့် သက်ဆိုင်သော နှစ်ဝတ္ထု။ သံဃာ့ပစ္စည်းနှင့် သက်ဆိုင်သော ခုနစ်ဝတ္ထု။ အရှင်ရှိသော အိပ်ရာနေရာကို တစ်ပါးသို့ မဆောင်ယူရသောဝတ္ထု။ အရှင်ရှိသော အိပ်ရာနေရာကို အခိုက်အတန့် ဆောင်ယူရသောဝတ္ထု။ စမ္ပာနှင့် ရာဇဂြိုဟ် ၌ ထုလ္လနန္ဒာဝတ္ထု။ ဝေသာလီ ၌ အဇ္ဇုကဝတ္ထု။ ဗာရာဏသီ ၌ ပိလိန္ဒဝစ္ဆဝတ္ထု။ ကောသမ္ဗီ ၌ ပဏ္ဍုကနှင့် ကပိလဝတ္ထု။ သာဂလမြို့ ၌ ဒဠှိကဝတ္ထု။ ဤကား ခေါင်းစဉ်မာတိကာတည်း။

ဝိနီတဝတ္ထု ဖြတ်ထုံးများ

၁၃၂။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခဝါဆိပ်သို့ သွား၍ ခဝါထုပ်ကို ခိုးကုန်၏၊ ထိုရဟန်းတို့အား "မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်ပြီး ဖြစ်၏၊ ငါတို့သည် ပါရာဇိကကျကုန်ပြီလော"ဟု တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအားဤအကြောင်းအရာကိုလျှောက်ထားကုန်၏။ပ။ ရဟန်းတို့ သင်တို့သည် ပါရာဇိက ကျကုန်ပြီဟု (မိန့်တော်မူ၏)။ (၁)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ခဝါဆိပ်သို့ သွား၍ အဖိုးများစွာ ထိုက်တန်သော အဝတ်ကိုမြင်လတ်သော် ခိုးလိုသော စိတ်ဖြစ်ပေါ်၏၊ ထိုရဟန်းအား "ငါသည် ပါရာဇိက ကျပြီလော"ဟု တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းအရာကို လျှောက်ထား၏။ပ။ ရဟန်း စိတ်ဖြစ်ကာမျှဖြင့် အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၂)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ခဝါဆိပ်သို့ သွား၍ အဖိုးများစွာ ထိုက်တန်သော အဝတ်ကိုမြင်လတ်သော် ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်၏၊ ထိုရဟန်းအား တွေးတောမူ 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ခဝါဆိပ်သို့ သွား၍ အဖိုးများစွာ ထိုက်တန်သော အဝတ်ကို မြင်လတ်သော် ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ လှုပ်စေ၏၊ ထိုရဟန်းအား တွေးတောမူ 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၄)