"ငါတို့ 'အားလုံး' ပါရာဇိက မကျကုန်၊ ခိုးသောရဟန်းသာ ပါရာဇိက ကျ၏"ဟု ပြောဆိုကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။ပ။ ရဟန်းတို့ သင်တို့ 'အားလုံး' သည် ပါရာဇိက ကျကုန်ပြီဟု (မိန့်တော်မူ၏)။ (၁၀၇)
တစ်ရံရောအခါ များစွာသော ရဟန်းတို့သည် တိုင်ပင်၍ ဥစ္စာကို ခိုးကြပြီးနောက် ဝေစုခွဲကြရာ တစ်ပါးတစ်ပါးအတွက် ဝေစုသည် ငါးပဲ မပြည့်ချေ၊ ထိုရဟန်းတို့သည် "ငါတို့ ပါရာဇိက မကျကုန်"ဟုပြောဆိုကြကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။ပ။ ရဟန်းတို့ သင်တို့သည် ပါရာဇိက ကျကုန်ပြီဟု (မိန့်တော်မူ၏)။ (၁၀၈)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သာဝတ္ထိပြည်၌ အစားအစာ ရှားပါးသောအခါ အိမ်ဈေးသည်'အိမ်ဆိုင်ရှင်'၏ ဆန်တစ်ဆုပ်ကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ခိုး၏၊ ထိုရဟန်းအား တွေးတောမူ'သံသယ ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၀၉)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သာဝတ္ထိပြည်၌ အစားအစာ ရှားပါးသောအခါ အိမ်ဈေးသည်၏ပဲနောက်တစ်ဆုပ်ကို။ပ။ ပဲကြီးတစ်ဆုပ်ကို။ပ။ နှမ်းတစ်ဆုပ်ကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ ခိုး၏၊ ထိုရဟန်းအား တွေးတောမူ 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၁၀-၁၁၂)
တစ်ရံရောအခါ သာဝတ္ထိပြည် အန္ဓဝန်တော၌ သူခိုးတို့သည် နွားကို သတ်၍ အမဲသားကို စားကြပြီးလျှင် အကြွင်းကို သိုမှီးသိမ်းဆည်း၍ သွားကုန်၏၊ ရဟန်းတို့သည် ပံ့သကူဟု ထင်မှတ်ကြသဖြင့်အကပ်ခံစေပြီးလျှင် သုံးဆောင်ကြကုန်၏၊ သူခိုးတို့သည် ထိုရဟန်းတို့ကို "သင် (အသျှင်ဘုရား) တို့သည်ရဟန်း မဟုတ်ကြတော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြကုန်၏။ပ။ ရဟန်းတို့ ပံ့သကူဟု ထင်မှတ်သော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၁၃)
တစ်ရံရောအခါ သာဝတ္ထိပြည် အန္ဓဝန်တော၌ သူခိုးတို့သည် ဝက်ကို သတ်၍ ဝက်သားကို စားကြပြီးလျှင် အကြွင်းကို သိုမှီးသိမ်းဆည်း၍ သွားကုန်၏၊ ရဟန်းတို့သည် ပံ့သကူဟု ထင်မှတ်သဖြင့်အကပ်ခံစေပြီးလျှင် သုံးဆောင်ကြကုန်၏၊ သူခိုးတို့သည် ထိုရဟန်းတို့ကို "သင် (အသျှင်ဘုရား) တို့သည်ရဟန်းမဟုတ်ကြတော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြကုန်၏။ပ။ ရဟန်းတို့ ပံ့သကူဟု ထင်မှတ်သော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၁၄)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မြက်ခင်းသို့ သွား၍ ရိတ်ပြီးဖြစ်သော ငါးပဲတန်မြက်ကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ခိုး၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၁၅)