Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/31

This page has been proofread.
၁၄
နိဒါန်း


ပြီးမြောက်အောင် သင်ကြားပါမူ ဂီတအရာတွင် ကဝိတဆူ ဖြစ်လတ္တံ့၊ ကိစ္စလေးခု ဟူသည်ကား ပထမကိစ္စ သီချင်းကို အက္ခရာကာရန် မှန်မှန်နှင့် ရေးကူးကျက်မှုတ်ရခြင်း, ဒုတိယကိစ္စ ထိုသီချင်း၏အကြောင်းအတ္ထုပ္ပတ္တိနှင့် အဓိပ္ပါယ်ကို ကောင်းစွာ သိရှိအောင် မေးမြန်းမှတ်သားရခြင်း, တတိယကိစ္စ ထို ရရှိပြီးသော သီချင်းကို အတော အဆိုင်း အပိုင်း အဖြတ်, စည်း ဝါး အဝင် အထွက်ကို ကျနစွာ သင်ကြားရခြင်း, စတုတ္ထကိစ္စမှာ ထိုသီချင်းကို သီဆိုရာ၌ သာယာနာပျော်ဖွယ်ရှိအောင် လေယဉ် - လေနွဲ့ အရှူအရှိုက်, လေသိမ်းလေယူ စသော အမူအရာကို သင်ကြားရခြင်းတို့ပင် ဖြစ်လေ၏၊ ထိုသို့ဆိုအပ်ပြီးသောကိစ္စများကို သင်ကြား တတ်မြောက်စေကြောင်း ကောင်းသော အာသီသမေတ္တာဖြင့် ဤ မဟာဂီတပေါင်းချုပ် မည်သောကျမ်းကို ကြိုးပမ်းသုတ်သင် ပြင်ဆင်ပုံရိုက်ထုတ်ဝေလိုက်ပါအံ့ ဟူလို။