Page:ရွှေဘုံနိဒါန်း.pdf/44

This page has been proofread.

ယူ၍ ဇေတဝန် ခေါ်ဝေါ်သမုတ်သည်။ ပညာရှိတို့ စပ်ဆို

သည်မှာလည်း "ဘဝါးရွှေစက် ညံ့သက်ဖြိုးညီ လက်ျာ

ချီ၍ ရှေ့ဆီတူရူ လှမ်းတော်မူမှ ထွက်ပြူနန်းမ စနု

စသား ရှေ့မှတတန် ဇေတဝန်သို့ ဘုန်းဝှန်နတ်တူ ရောက်

တော်မူက" ဟူ၍ စပ်ဆိုလေသည်။

(၃၆) ဗြဲတိုက်မှာ ပတိုက်ဗြဲ ဆိုသည်။ ဗြဲတိုက်၊ စနု၊

စမုတ်၊ ဒဝယ် အဆောင်များသည် ရာမညတိုင်းသားတို့

အခေါ်အဝေါ်ဖြစ်သည်။ ပ ဆိုသည်မှာ ပျိုသည် ဆို

သည်။ ပတိုက်အဆောင် ဆိုသည် လူပျိုမြဲအဆောင် ဆို

လိုသည်။

(၃၇) ဗြဲတိုက်ဆောင်တော်မြောက် ရွှေနန်းကြက်

သရေ ဆင်တော်တင်းကုပ်သည် ဗြဲတိုက်သို့ ထွက်တော်

မူလျှင် ပြတင်းကြီးက ရှုမြင်တော်မူသာအောင် ဖြစ်သည်။

နန်းတော်ဆောင်မ၏ အရှေ့မြောက် တင်းကုပ်ဆောက်

လုပ်ခြင်းသည် "အန္တေပုရံပဒက္ခိဏံ ကတွာ အန္တေပုရ

ဿစ ဥတ္တရသီဟ ပဉ္ဇရသဒိသေဌာနေ" အစရှိသော ပါဌ်

ကိုထောက်၍ စကြာမင်းတို့ဝယ် စကြာရတနာကို နန်း

တော်အတွင်း အရှေ့မြောက်ထောင့်က ထားသည်ကို

အကြောင်းပြုသဖြင့် ရတနာခုနစ်ပါးတွင် ဆင်လည်း

ရတနာတပါးအဝင် ဖြစ်၍ နန်းတော်ဆောင်မ အရှေ့

မြောက်အရပ်၌ ဆင်တော်တင်းကုပ် ထားလေသည်။

"ဥတ္တရသီဟ ပဉ္ဇရသဒိသေဌာနေ" ပါဌ်ကို ထောက်၍

စကြာကို နန်းတော်အတွင်း အရှေ့မြောက်က ထားသည်။