Page:UN Charter (Burmese translation).djvu/12

This page has been proofread.

၃။ အခြားကိစ္စများကို ညီလာခံအစည်းအဝေးသို့ တက်ရောက်မဲပေးခဲ့သော အဖွဲ့ဝင်နိုင်ငံများ၏ မဲအများစုဖြင့် ဆုံးဖြတ်ရမည်။ ထိုကိစ္စများတွင် မဲသုံးပုံနှစ်ပုံ မဲအများစုဖြင့် ဆုံးဖြတ်ရမည့် နောက်ထပ် ကိစ္စအမျိုးအစားများ သတ်မှတ်ရေးလည်း ပါဝင်သည်။

အပိုဒ် ၁၉။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံသည် အဖွဲ့အား ပေးသွင်းရန် ထောက်ပံ့ငွေကျန်ရှိနေ၍ သို့ကျန်ရှိနေသည့် ငွေပေါင်းမှာလည်း ယခင် (၂) နှစ်ပတ်လုံးအတွက် မိမိပေးသွင်းသင့်သည့် ထောက်ပံ့ငွေနှင့် ညီမျှလျှင် သို့မဟုတ် ထို့ထက်ပိုလျှင် အထွေထွေညီလာခံတွင် မဲမပေးစေရ။ သို့ရာတွင် ထိုသို့ပေး သွင်းရန် ပျက်ကွက်ခြင်းမှာ ယင်းအဖွဲ့ဝင်နိုင်ငံကတားဆီးဖြေရှင်းခြင်းငှာ မစွမ်းနိုင်သော အခြေအနေအကြောင်းခြင်းရာများကြောင့်ဖြစ်သည်ဟူ၍ အထွေထွေညီလာခံက ယုံကြည်ကျေနပ်လျှင် ထိုအဖွဲ့ဝင်နိုင်ငံကို မဲပေးခွင့်ပြုနိုင်သည်။

အပိုဒ် ၂၀။

လုပ်ငန်းစဉ်

အထွေထွေညီလာခံသည် ကျင်းပမြဲ နှစ်ပတ်လည် ညီလာခံများကို ကျင်းပရမည်ပြင် အထူးညီလာခံများကိုလည်း လိုအပ်သည်အခါတိုင်း ကျင်းပရမည်။ အထူးညီလာခံများကို လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်အရဖြစ်စေ၊ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစု၏ တောင်းဆိုချက်အရ ဖြစ်စေ အတွင်းရေးမှူးက ဖိတ်ခေါ်ရမည်။

အပိုဒ် ၂၁။

အထွေထွေညီလာခံသည် မိမိ၏ လုပ်ငန်းစဉ်နည်း ဥပဒေများကို မိမိကပင် ပြဋ္ဌာန်းရမည်။ အထွေထွေညီလာခံသည် ညီလာခံ ကျင်းပသည်အခါတိုင်း ဥက္ကဋ္ဌကို ရွေးကောက်တင်မြှောက်ရမည်။

အပိုဒ် ၂၂။

အထွေထွေညီလာခံသည် မိမိ၏ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်ဟု မိမိယူဆသော လက်အောက်ခံ လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းတည်ထောင်နိုင်သည်။