Page:UN Charter (Burmese translation).djvu/54

This page has been proofread.

တရားရုံးသို့ ဖြစ်စေ လွှဲအပ်ရန် ပြဋ္ဌာန်းထားလျှင် ထိုကိစ္စကို လက်ရှိ ဥပေဒနှင့် သက်ဆိုင်သည့် နိုင်ငံအချင်းချင်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေတရားရုံးသို့ လွှဲအပ်ရမည်။

အပိုဒ် - ၃၈။

၁။ တရားရုံးသည် မိမိထံတွင် တင်သွင်းသည့် အငြင်းပွားမှုများကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ ဆုံးဖြတ်ရန် တာဝန်ရှိသဖြင့် အောက်ပါတို့ကို အကိုးအကား ပြုရမည်။

(က) အငြင်းပွားနိုင်ငံများ အတိအလင်း အသိအမှတ်ပြုထားသော နည်းဥပဒေများကို အတည်ဖြစ်စေသည့် အပြည်ပြည်ဆိုင်ရာ အထွေထွေ သို့မဟုတ် အထူးသဘော တူစာချုပ်များ။
(ခ) တရားဥပဒေအဖြစ် လက်ခံထား၍ နိုင်ငံအများ လိုက်နာကြောင်း ထင်ရှားသည့် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံ။
(ဂ) ယဉ်ကျေးသောနိုင်ငံများ အသိအမှတ်ပြုထားသည့် အရပ်ရပ်ဥပဒေ သဘောတရားများ။
(ဃ) အပိုဒ် - ၅၉ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဥပဒေစီရင်ထုံးများ သတ်မှတ်ရေးအတွက် အထောက်အကူဖြစ်စေသော တရားစီရင်ထုံးများနှင့် နိုင်ငံအမျိုးမျိုးမှ အရည်အချင်းပြည့်ဝသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ကျွမ်းကျင်သော ပါရဂူများ၏ ဩဝါဒများ။

၂။ ဤပြဋ္ဌာန်းချက်သည် အမှုသည်နိုင်ငံများက သဘောတူလျှင် အမှုအခင်းတစ်ရပ်ကို နှစ်ဘက်အကျိုးအတွက် တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်သော တရားရုံး၏ အာဏာကို မထိခိုက်စေရ။


အခန်း (၃) -
ကျင့်ထုံး

အပိုဒ် - ၃၉။

၁။ တရားရုံး၏ ရုံးသုံးဘာသာများမှာ ပြင်သစ်ဘာသာနှင့် အင်္ဂလိပ် ဘာသာတို့ ဖြစ်ရမည်။ အမှုကို ပြင်သစ်ဘာသာဖြင့် ကြားနာစစ်ဆေးရန် အမှုသည် နိုင်ငံတို့သဘောတူလျှင် စီရင်ချက်ကို ပြင်သစ်ဘာသာဖြင့် ချမှတ်ရမည်။ အမှုကို အင်္ဂလိပ်ဘာသာဖြင့် ကြားနာစစ်ဆေးရန် အမှုသည် နိုင်ငံတို့ သဘောတူလျှင် စီရင်ချက်ကို အင်္ဂလိပ် ဘာသာဖြင့် ချမှတ်ရမည်။

၂။ ထိုဘာသာ နှစ်ရပ်အနက် မည်သည့်ဘာသာကို အသုံးပြုရမည်ဟူ၍ သဘောတူချက်မရှိလျှင် အမှုသည် အသီးသီးသည် အဆိုအခြေ စာတမ်းတွင် မိမိတို့ ကြိုက်နှစ်သက်ရာဘာသာကို အသုံးပြုနိုင်၍ တရားရုံး၏စီရင်ချက်ကို ပြင်သစ်ဘာသာဖြင့် လည်းကောင်း အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ချမှတ်ရမည်။ သို့ စီရင်ချက်ချမှတ် သည်နှင့် တစ်ချိန်တည်းတွင် ယင်းစီရင်ချက် မူနှစ်ရပ်အနက် မည်သည့် စီရင်ချက်မူကို လက်ခံလိုက်နာရမည်ကို တရားရုံးက သတ်မှတ်ရမည်။