ကိုယ်ချင်းစာတရား (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၆။ ကိုယ်ချင်းစာတရား (ကျောင်းသားကိုင်သို့)
339349ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၆။ ကိုယ်ချင်းစာတရား (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၆)

ကိုယ်ချင်းစာတရား

သင်ယူမှု ဦးတည်ချက် ။ ။ တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာစိတ်ထားရှိပြီး ကူညီတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ စာသားမပါသော သရုပ်ဖော်ပုံများ။ (အကြောင်းအရာ (၃) ခုခန့်)

- လမ်းလျှောက်လာ
- ငှက်ကို လေးခွနဲ့ပစ်
- ကိုရင်လေးများ ချမ်းနေ
- ချော်လဲ
- ပြုတ်ကျ
- အလှူခံ
- ဝိုင်းရယ်နေကြ
- ဆေးထည့်ပေး
- သင်္ကန်းလှူ

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍အုပ်စုတစ်စုစီကို ဇာတ်လမ်းတစ်ခု၏ ရှေ့ဆုံးပုံတစ်ပုံစီ ဝေပေးပါ။

֍မိမိတို့ရရှိထားသော ရုပ်ပုံကိုကြည့်ပြီး နားလည်သလို ပြောဆိုကြပါစေ။

֍ဒုတိယရုပ်ပုံကို မပေးမီ ရုပ်ပုံပါအကြောင်းအရာများကို ခန့်မှန်းပြောဆိုကြပါစေ။

֍ခန့်မှန်းပြောဆိုပြီးသောအခါ ဒုတိယပုံကို ဝေပေးပါ။

֍ရုပ်ပုံများတွင်ပါသော ချော်လဲခြင်း၊ လောက်စာလုံးမှန်ပြီး ပြုတ်ကျသွားခြင်း၊ သင်္ကန်း အလှူခံခြင်း ဖြစ်ရပ်များကို ကြည့်၍ “သင်သာဆိုရင် ဘယ်လိုဆက်လုပ်မလဲ”ဟု မေးမြန်း ဆွေးနွေးပေးပါ။

֍အလှည့်ကျ ပြောပြီးပါက “အဘယ်ကြောင့် ထိုသို့ ပြုလုပ်ပေးချင်သနည်းဟု ဆက်လက် မေးမြန်းပါ။

֍မေးမြန်းဆွေးနွေးပြီးပါက နောက်ဆုံးရုပ်ပုံများကို သက်ဆိုင်ရာအုပ်စုများအား ပေးပြီး အောက်ပါအတိုင်း မေးပါ။

-ဘာလုပ်နေတဲ့ပုံလဲ။
-ရုပ်ပုံသုံးခုဆက်လိုက်ရင် ဘယ်လိုဇာတ်လမ်း ဖြစ်သွားမလဲ။
-နောက်ဆုံးရုပ်ပုံကို ကြိုက်သလား/မကြိုက်ဘူးလား။ ဘာဖြစ်လို့လဲ။

֍ဆရာက ကိုယ်ချင်းစာခြင်းဆိုသည်မှာ အရာရာတွင် မိမိသာ ထိုသို့ဖြစ်ခဲ့ပါက မည်သို့ ခံစားရမည်ကို တွေး၍ တစ်ဖက်လူအပေါ် ကိုယ်ချင်းစာကူညီခြင်းဖြစ်ကြောင်း ကလေး များ နားလည်အောင် ရုပ်ပုံများအား ပြန်လည်အသုံးပြု၍ ရှင်းပြပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကိုယ်ချင်းစာနာ ပြုမူပါ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ရှေ့စာသင်ချိန်မှာ သူတစ်ပါးကို ကိုယ်ချင်းစာနာသင့်တဲ့အကြောင်းကို ပြောပြခဲ့ပြီးပြီ၊ အခုတော့ တိရစ္ဆာန်လေးတွေကို စာနာထောက်ထားမှုမရှိဘဲ ရက်ရက်စက်စက် သတ် ဖြတ်လို့ ဆိုးကျိုးဒုက္ခတွေ ရရှိသွားတဲ့သူတစ်ယောက်အကြောင်းကို ဇာတ်လမ်းလေးနဲ့ ပြောပြမယ်” စသည်ဖြင့် ဆိုကာ အောက်ပါဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြပေးပါ။

[သတိပြုရန် 1]

ကိုယ်ချင်းစာနာ ပြုမူပါ

ဟိုးရှေးရှေးတုန်းက သိဝိမင်းကြီး အုပ်ချုပ်နေထိုင်တဲ့ တိုင်းပြည်က ရွာတစ်ရွာမှာ လယ်သမားတစ်ဦး ရှိတယ်။ သူဟာ လယ်ယာလုပ်ကိုင်ပြီး သူ့မိဘ၊ သားနဲ့ မိန်းမတို့ကို လုပ် ကျွေးပြုစုတယ်။ တစ်နေ့မှာ လယ်သမားဟာ လယ်ထဲမှာ တစ်ယောက်တည်း ထိုင်နေရင်း “ငါဟာ လယ်ယာလုပ်ကိုင်ပြီး မိဘ၊ သားနဲ့ မိန်းမတို့ကို လုပ်ကျွေးတယ်။ ဒါပေမဲ့ ငါ့အတွက် ဘာမှ အကျိုးထူးမလာဘူး။ ငါ ရှာဖွေရရှိထားတဲ့ ဝင်ငွေတွေနဲ့ အလှူဒါနပြုပေမဲ့လည်း ဘာမှ အကျိုးမထူးပါဘူး။ ငါ တစ်ယောက်တည်း တောထဲမှာ တိရစ္ဆာန်တွေကို သတ်ဖြတ် စား သောက်ပြီး လွတ်လွတ်လပ်လပ်နေတာမှ ကောင်းဦးမယ်”လို့ တွေးမိတယ်။

အဲဒီလို တွေးမိပြီး လယ်သမားဟာ တောထဲကို တစ်ယောက်တည်းသွားပြီး တိရစ္ဆာန် လေးတွေကို သတ်ဖြတ်စားသောက်ကာ နေထိုင်တယ်။ အဲဒီလိုနေထိုင်ရင်းနဲ့ တစ်ရက်မှာ လယ်သမားဟာ “ငါ အသက်ကြီးလာတဲ့အခါ သားကောင်တွေကို အလွယ်တကူ ဖမ်းနိုင် တော့မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် အခုကတည်းက ခြံခတ်ပြီး သားကောင်တွေ စုထားရမယ်”လို့ တွေးမိတယ်။ ဒါကြောင့် လယ်သမားဟာ သားကောင်တွေကို သတ်ဖြတ်ရုံသာမကပဲ ခြံစည်း ရိုးခတ်ပြီး သိုလှောင်ထားတယ်။ သားကောင်တွေဟာ ခြံစည်းရိုးထဲမှာ အစာရေစာ ပြတ်လပ် ပြီး နေကြရရှာတယ်။ လယ်သမားကတော့ သူ ဗိုက်ဆာတဲ့အချိန်တိုင်း အဲဒီခြံစည်းရိုးထဲက သားကောင်တစ်ကောင်ကောင်ကို ပုံမှန် သတ်ဖြတ်စားသောက်တယ်။

လယ်သမားဟာ ကိုယ်ချင်းစာတရားကင်းမဲ့စွာ စာနာမှုမရှိ တိရစ္ဆာန်လေးတွေကို သတ်ဖြတ်စားသောက်နေထိုင်ရင်း တစ်နေ့မှာ သူ့ရဲ့ လက်တွေ၊ ခြေတွေဟာ လှုပ်လို့ မရတော့ ဘူး။ မျက်စိတွေလည်း မမြင်ရတော့ တိရစ္ဆာန်လေးတွေကို သတ်ဖြတ်စားသောက်လို့လည်း မရတော့ဘူး။ အသားအရေတွေကလည်း ညှိုးနွမ်းလာတယ်။ ပြီးတော့ သူ့ရဲ့ ကိုယ်ခန္ဓာကြီး ကလည်း တဖြည်းဖြည်းနဲ့ အက်ကွဲလာတယ်။ သူဟာ ဝေဒနာတွေကို အပြင်းအထန် လူးလိမ့် ခံစားနေရရှာတယ်။

တစ်နေ့မှာ သိဝိမင်းကြီးဟာ တောကစားထွက်လာရင်း ပြင်းထန်စွာ ဝေဒနာခံစားနေ ရတဲ့ လယ်သမားကို တွေ့ သွားတယ်။ ပြီးတော့ မင်းကြီးက “ဘာကြောင့် ခုလိုမျိုး ဝေဒနာ တွေ ခံစားနေရတာလဲလို့ လယ်သမားကို မေးလိုက်တယ်။ ဒီအခါမှာ လယ်သမားက “ကျွန်ုပ် ဟာ တိရစ္ဆာန်လေးတွေကို စာနာထောက်ထားမှုမရှိဘဲ ကိုယ်ချင်းစာတရားကင်းမဲ့စွာ သတ် ဖြတ် စားသောက်ရုံသာမက ခြံစည်းရိုးတစ်ခုထဲမှာလည်း ရက်စက်စွာ သိုလှောင်ထားမိခဲ့ပါ တယ်။ အဲဒီအပြစ်တွေကြောင့် ခုလိုမျိုး ဝေဒနာတွေကို ခံစားနေရတာပါ၊ မြတ်သောမင်းကြီး... သူတစ်ပါးအသက် သတ်ဖြတ်ခြင်းတွေ မပြုလုပ်ပါနဲ့၊ တိရစ္ဆာန်လေးတွေကို စာနာပါ၊ ကိုယ် ချင်းစာတရားထားပါ”လို့ ပြန်လျှောက်တယ်။ မင်းကြီးလည်း လယ်သမားရဲ့စကားတွေကို ကြားပြီး သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်မိသွားတယ်။ ပြီးတော့ အဲဒီနေ့ကစပြီး ဘယ်တိရစ္ဆာန် ကိုမှ မသတ်ဖြတ်တော့ဘဲ သတ္တဝါအားလုံးအပေါ် ကိုယ်ချင်းစာနာစိတ်ထားကာ ဘေးမဲ့ပေး လိုက်ပါတော့တယ်။

မှီငြမ်း ။ ။ ဣန္ဒြိယဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ။ ၄၅၂။ ဇာ၊ ဋ္ဌ၊ ၃။ ၄၃၈။

֍အောက်ပါမေးခွန်းများကို မေးပါ။

-လယ်သမားဟာ ဘယ်တိုင်းပြည်မှာ နေထိုင်သလဲ။
-တစ်နေ့မှာ လယ်သမားဟာ ဘယ်လိုတွေးမိသလဲ။
-အဲဒီလို တွေးမိပြီးနောက်ပိုင်းမှာ သူ ဘာတွေ ဆက်လုပ်သလဲ။
-လယ်သမားဟာ တိရစ္ဆာန်လေးတွေကို ကိုယ်ချင်းစာတရားမရှိဘဲ သတ်ဖြတ်တဲ့ အပြစ်အတွက် ဘယ်လိုပြန်ခံစားရသလဲ။
-သိဝိမင်းကြီးဟာ တောကစားထွက်ရင်း ဘယ်သူနဲ့တွေ့ သလဲ။
-သိဝိမင်းကြီးဟာ လယ်သမားကို ဘယ်လိုမေးသလဲ။
-လယ်သမားက မင်းကြီးကို ဘယ်လိုပြန်လျှောက်တင်သလဲ။
-မင်းကြီးက သူ့ကိုယ်သူ ဘယ်လိုပြုပြင်လိုက်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။

֍လယ်သမားက တိရစ္ဆာန်လေးများအား ခြံစည်ရိုးအတွင်း၌ သိုလှောင်ထားသော ရုပ်ပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍လယ်သမားက တိရစ္ဆာန်လေးများအား ခြံစည်းရိုးအတွင်း၌ သိုလှောင်ထားသော ရုပ်ပုံကို ကလေးများစိတ်ကြိုက် ဆေးရောင်ခြယ်ကြပါစေ။

ထို့နောက် ဆေးခြယ်ထားသော ရုပ်ပုံများကို သင်ပုန်း (သို့မဟုတ်) နံရံပေါ်တွင် ကပ်ထား ကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ဆေးခြယ်ထားပြီးသောရုပ်ပုံများ၊ တိရစ္ဆာန်လေးများကို ကြင်နာပါ သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ထို့နောက် သင်ပုန်း (သို့မဟုတ်) နံရံပေါ်တွင်ရှိသော ကလေးများဆေးခြယ်ထားသည့် ရုပ်ပုံများကို ပြ၍ “ဒီခြံစည်းရိုးထဲမှာ ရှိနေတဲ့ တိရစ္ဆာန်လေးတွေ ဘယ်လိုခံစားနေရမလဲ၊ အဲဒီအချိန်မှာ တိရစ္ဆာန်လေးတွေအနေနဲ့ အလိုအပ်ဆုံး/အလိုချင်ဆုံးအရာက ဘာဖြစ်နိုင် သလဲ”စသည်ဖြင့် မေးကာ အုပ်စုလိုက် ဆွေးနွေးကြပါစေ။

֍အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ဆွေးနွေးထားသည်များကို ပြောပြကြပါစေ။ နောက်ဆုံးတွင် ပထမတန်း၊ “တိရစ္ဆာန်လေးများကို ကြင်နာပါ” သင်ခန်းစာ၌ သင်ခဲ့ပြီးသော အောက်ပါ တိရစ္ဆာန်လေးများကို ကြင်နာပါ သီချင်းကဗျာကို အမူအရာများနှင့် တကွ ရွတ်ဆိုကြစေခြင်းဖြင့် စာသင်ချိန်ကို အဆုံးသတ်ပါ။

တိရစ္ဆာန်လေးများကို ကြင်နာပါ

တို့တစ်တွေမှာ နာကျင်သလို၊ သူတို့လည်း နာကျင်တတ်တယ် ...

တို့တစ်တွေမှာ ပျော်ရွှင်သလို၊ သူတို့လည်း ပျော်ရွှင်ရမယ် ... ။

တို့တစ်တွေမှာ နာကျင်သလို၊ ငှက်ကလေး နာကျင်တတ်တယ် ...

တို့တစ်တွေမှာ ပျော်ရွှင်သလို၊ ငှက်ကလေး ပျော်ရွှင်ရမယ် .။

မှတ်ချက် ။ ။ မြွေကလေး၊ ဆင်ကလေး၊ ငှက်ကလေး၊ ကြောင်ကလေး၊ ယုန်ကလေး၊ ပါပီလေး စသည်ဖြင့် အစားထိုးပြီး ရွတ်ဆိုနိုင်ပါသည်။

  1. ကလေးများ သိလိုသည်များနှင့် နားမလည်သည်များကို လိုအပ်သလို အမေးအဖြေ ပြုလုပ်၍ သင်ကြားပေးပါ။