မကောင်းမှုများ ရှောင်ရှားမယ် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၅။ မကောင်းမှုများ ရှောင်ရှားမယ် (ကျောင်းသားကိုင်သို့)
339348ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၅။ မကောင်းမှုများ ရှောင်ရှားမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၅)

မကောင်းမှုများရှောင်ရှားမယ်

သင်ယူမှုဦးတည်ချက် ။ ။ မိမိပြုခဲ့ဖူးသော အကုသိုလ်ကံသည်ဘဝများစွာသို့အရိပ်ပမာလိုက်၍အကျိုးပေး တတ်ကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မဲလိပ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍သူတစ်ပါးကို မကောင်းကြံမှုကြောင့် မိမိလက်ရှိဘဝမှာပင် ဒုက္ခရောက်ရသော အဖြစ် အပျက်များကို ကြားဖူး၊ မြင်ဖူးပါက ပြောကြားရန် ကလေး (၃) ဦးခန့်ကို ဖိတ်ခေါ်ပါ။ (ဘယ်တုန်းက ဘယ်သူက ဘယ်သူ့ကို ဘာလုပ်လိုက်တာ။ နောက်ဆုံး သူဘာဖြစ်သွား သလဲ ... စသည်ဖြင့်။)

[သတိပြုရန် 1]

֍ကလေးများ၏ အတွေ့အကြုံများ ပြောပြီးပါက ဆရာကလည်း မိမိအတွေ့အကြုံကို ပြောပြပါ။

֍ထို့နောက် ယောက်ျားလေး၊ မိန်းကလေး မျှ၍ အုပ်စု (၄) စု ဖွဲ့ပါ။

֍အုပ်စုကိုယ်စားလှယ်တစ်ဦးစီက မိမိတို့ စဉ်းစားရမည့်ခေါင်းစဉ်ကို မဲနှိုက်ကြပါစေ။

စဉ်းစားရမည့်ခေါင်းစဉ် (၂) ခု - မကောင်းသောအပြုအမူများ။

- ကောင်းသောအပြုအမူများ။

֍ခေါင်းစဉ်တစ်ခုကို အုပ်စု (၂) ခုစီ စဉ်းစားရမည်။ မိမိတို့ စဉ်းစားထားသည်များကို ချရေး ထားကြပါစေ။ (ကလေးများရေးသားရန် အခက်အခဲရှိပါက နှုတ်ဖြင့်သာ ပြောပြကြပါစေ။)

֍စဉ်းစားပြီးသောအခါ မိမိတို့ စဉ်းစားထား၊ ချရေးထားသည်များကို အုပ်စုကိုယ်စားလှယ် များက အတန်းရှေ့သို့ထွက်၍ ပြောပြကြပါစေ။

֍ကလေးများပြောသောအဖြေများကို မှတ်သားထားပြီး လိုအပ်သလို အနှစ်ချုပ်ပြောပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မကောင်းမှုများ ရှောင်ရှားမယ် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့က ကောင်းတဲ့အပြုအမူတွေနဲ့ မကောင်းတဲ့အပြုအမူတွေကို သိသွားကြ ပြီ၊ အခု ဆရာက ဆေးဆရာတစ်ယောက်ရဲ့အကြောင်းကို ပြောပြမယ်”စသည်ဖြင့် ဆိုကာ အောက်ပါဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

မကောင်းမှုများ ရှောင်ရှားမယ်

ဟိုးရှေးရှေးတုန်းက ကျေးရွာတွေကို လှည့်လည်ပြီး ဆေးကုသနေတဲ့ ဆေးဆရာ တစ်ယောက် ရှိပါတယ်။ ဆေးဆရာဟာ ရွာတွေကို လှည့်လည်ဆေးကုရင်း ရွာတစ်ရွာကို ရောက်လာခဲ့တယ်။ အဲဒီရွာမှာ မျက်စိမမြင်တဲ့ သူဆင်းရဲမတစ်ယောက် ရှိတယ်။ သူဆင်းရဲမ က သူ့မျက်စိတွေကို ပြန်မြင်လာအောင် ကုသပေးဖို့ တောင်းပန်ခဲ့တယ်။ ဆေးဆရာက “သင့်မျက်စိတွေ မြင်လာအောင် ကုပေးမယ်။ အဲဒီအတွက် ငါ့ကို ဘာပြန်ပေးမလဲ”လို့ တော့ သူဆင်းရဲမက “ကျွန်မရဲ့ မျက်စိတွေကိုသာ ပြန်မြင်အောင် ကုသပေးရင် ကျွန်မရဲ့ သား သမီးတွေနဲ့အတူ ဆရာ့ဆီမှာ အလုပ်အကျွေးပြုပါ့မယ်”လို့ ကတိပေးလိုက်တယ်။

အဲဒီလို သဘောတူညီချက်ယူပြီး ဆေးဆရာက သူဆင်းရဲမကို စတင် ဆေးကုသပေး ပါတယ်။ ဆေးက အစွမ်းထက်တဲ့အတွက် တစ်ကြိမ်ခတ်လိုက်တာနဲ့ သူဆင်းရဲမရဲ့ မျက်စိတွေ ဟာ ပြန်မြင်သွားပါတယ်။ ဒါပေမဲ့ သူဆင်းရဲမက ဆေးဆရာထံမှာ အလုပ်လုပ်ပေးရမှာ . ကြောက်တာနဲ့ ဆေးဆရာ ရောက်လာတိုင်း ပြန်မမြင်ရသေးကြောင်း၊ အရင်ကထက် ပိုဆိုး လာကြောင်း လိမ်ညာပြောဆိုပါတယ်။ လိမ်ညာနေတာကို ရိပ်မိတဲ့ ဆေးဆရာဟာ မျက်စိ ကန်းတတ်တဲ့ဆေး ဖော်စပ်ပြီး လိမ်ညာတဲ့ သူဆင်းရဲမကို ခတ်ပေးလိုက်တယ်။

[သတိပြုရန် 2]

လိမ်ညာတဲ့သူဆင်းရဲမဟာ ဆေးဆရာပေးလိုက်တဲ့ဆေးကို ခတ်လိုက်တဲ့အခါ မျက်စိ နှစ်ဖက်လုံးဟာ မီးတောက်လို ပူလောင်ပြီး ပေါက်ထွက်ကုန်ပါတော့တယ်။ ကတိမတည်ဘဲ လိမ်ညာတဲ့သူဆင်းရဲမကို မျက်စိကန်းသွားအောင် ပြုလုပ်ခဲ့တဲ့ ဆေးဆရာဟာ အဲဒီမကောင်းမှု အကုသိုလ်ကြောင့် မြတ်စွာဘုရားလက်ထက်မှာ မျက်စိကန်းတဲ့ ရဟန်းတစ်ပါး ဖြစ်သွားရ ပါတယ်။

မှီငြမ်း ။ ။ စက္ခုပါလမထေရ်ဝတ္ထု၊ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ ပထမတွဲ။ ၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂။

֍အောက်ပါမေးခွန်းများဖြင့် ဆွေးနွေးပါ။

-ကုသိုလ်ဆိုတာ ဘာကိုပြောတာလဲ။ သားတို့၊ သမီးတို့ ဘယ်လိုနားလည်သလဲ။
-အကုသိုလ်ဆိုတာကရော ဘာကိုပြောတာလဲ။
-ဇာတ်လမ်းထဲမှာ ဆေးဆရာဟာ ဘယ်လို အကုသိုလ်ကို လုပ်ခဲ့သလဲ။
-ဆေးဆရာဘဝမှာ ပြုလုပ်ခဲ့တဲ့ အကုသိုလ်ဟာ ဘယ်ဘဝမှာ လာအကျိုးပေးသလဲ။
-အဲဒီအကုသိုလ်ကြောင့် နောက်ဆုံးဘဝမှာ ဘာဖြစ်သွားသလဲ။
-ကိုယ်ပြုလုပ်လိုက်တဲ့ အကုသိုလ်ကံဟာ တစ်ဘဝတည်းကိုပဲ အကျိုးပေးတာလား။ ဘဝများစွာ အကျိုးပေးတတ်တာလား။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အလင်းရောင်ရှိသော စာသင်ခန်းပြင်ပသို့ ခေါ်ထုတ်ပါ။ (နေရောင်ခြည် ရှိလျှင် အကောင်းဆုံး ဖြစ်ပါသည်။)

֍ကလေးများအား နေရောင်ခြည်ကြောင့် မိမိတို့၏ အရိပ်ဖြစ်ပေါ်နေမှုကို လေ့လာပါစေ။

֍ထို့နောက် တစ်ဦး၏အရိပ်ကို တစ်ဦးက လိုက်၍ နင်းပါစေ။ ထိုနည်းအတိုင်း ပြေးလွှား ဆော့ကစားကြပါစေ။

֍ကစားပြီးလျှင် ဤကစားနည်းမှ မည်သို့ခံစားရကြောင်း မေးပါ။

[သတိပြုရန် 3]

֍နောက်ဆုံးတွင် အရိပ်နှင့်လူ ခွဲ၍မရသကဲ့သို့ မိမိပြုလုပ်ထားသော အကုသိုလ်ကံကိုလည်း အခြားသူထံ ပေး၍မရကြောင်း၊ အကုသိုလ်ကံဟူသည်မှာ ပြုလုပ်ထားသူနောက်သို့ အရိပ် ပမာ လိုက်နေမည်သာဖြစ်ကြောင်း၊ လူတစ်ဦး ပြုလုပ်ထားသော အကုသိုလ်ကံကို အခြား သူကို ပေး၍မရသကဲ့သို့ အခြားသူကလည်း ယူ၍မရနိုင်ကြောင်း၊ ထို့ကြောင့် အကုသိုလ် မပြုလုပ်မိစေရန် မိမိကိုယ်မိမိ ထိန်းသိမ်းနေထိုင်ရန် လိုအပ်ကြောင်းတို့ကို အထက်ပါ ဇာတ်လမ်းနှင့် ပြန်လည်ချိတ်ဆက် ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ကာယဒုစရိုက် (၃) ပါးကို ရေးထားသော ကတ်ပြား။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ကို မကောင်းမှုဆိုတာတွေ၊ အကုသိုလ်ဆိုတာတွေ ပြောပြပြီးသွားပြီ၊ အဲဒီမကောင်းမှု အကုသိုလ်တွေက အရိပ်ပမာ ကိုယ့်နောက်ကို အမြဲလိုက်တတ်တယ် ဆိုတာကိုလည်း သိသွားကြပြီနော်၊ မကောင်းမှုတွေကို ကိုယ်နဲ့လည်း ပြုလုပ်တတ်ကြ တယ်၊ နှုတ်အပြောနဲ့လည်း ပြုလုပ်တတ်ကြတယ်၊ စိတ်နဲ့လည်း ပြုလုပ်တတ်ကြတယ်၊ အခု ကိုယ်နဲ့ပြုလုပ်တဲ့မကောင်းမှုဖြစ်တဲ့ ကာယဒုစရိုက် (၃) ပါးအကြောင်းကို ရှင်းပြမယ်” စသည်ဖြင့်ဆိုကာ အောက်ပါ ကာယဒုစရိုက် (၃) ပါးအကြောင်းကို ကလေးများ နားလည် လွယ်စေရန် ဥပမာများနှင့်တကွ ရှင်းပြပါ။

ကာယဒုစရိုက် (၃) ပါး

[သတိပြုရန် 4]

၁။ ပါဏာတိပါတ (သူတစ်ပါးကို ညှဉ်းဆဲခြင်း၊ သတ်ဖြတ်ခြင်း)
၂။ အဒိန္နာဒါန (သူတစ်ပါးဥစ္စာကို ခိုးယူခြင်း)
၃။ ကာမေသု မိစ္ဆာစာရ (သူတစ်ပါးသားမယားကို လွန်ကျူးပြစ်မှားခြင်း)

֍ထို့နောက် ဇာတ်လမ်းနှင့် ပြန်လည်ချိတ်ဆက်ပြီး ဇာတ်လမ်းထဲမှာ ဆေးဆရာက သူ တစ်ပါးကို နာကျင်အောင်၊ ထိခိုက်အောင် လုပ်တယ်။ ဒါကြောင့် ဘဝပေါင်းများစွာ ဆင်းရဲ ဒုက္ခ ခံစားခဲ့ရတာဖြစ်တယ်။ အဲဒီလိုပဲ သူတစ်ပါးဥစ္စာကို ခိုးယူတာ၊ သူတစ်ပါး သားမယား ကို လွန်ကျူးတာတွေဟာ မကောင်းမှုဒုစရိုက်တွေ ဖြစ်တဲ့အတွက် မလုပ်သင့်ဘူး၊ အဲဒီလို မကောင်းမှုဒုစရိုက်တွေကို လွန်ကျူးခြင်းဟာ ဘဝအဆက်ဆက်ထိ မကောင်းကျိုးကို ပေး တတ်တယ်၊ ဒါ့ကြောင့် ဗုဒ္ဓဘုရားရှင်က မကောင်းမှု အကုသိုလ်ဖြစ်စေမယ့် အပြုအမူ၊ အပြောအဆိုနဲ့ မကောင်းတဲ့စိတ်ထားတွေ မထားမိအောင် နေကြရမယ်လို့ ဆုံးမတော်မူခဲ့ တယ်” စသည်ဖြင့် ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. အကယ်၍ ကလေးများ ပြောရန် အခက်အခဲ ဖြစ်နေလျှင် ဆရာက ဦးစွာ ပြောပြပေးပါ။
  2. “သဘောတူညီချက် ဆိုတဲ့စကားကို ကလေးတို့ နားလည်သလား”ဟု ပြန်မေးပါ။ ကလေးများ နားမလည်လျှင် နားလည် လွယ်သော စကားလုံးများဖြင့် ဆရာက ရှင်းပြပါ။
  3. ကလေးတစ်ဦးစီ ဖြေဆိုကြပါစေ။
  4. ကာယဒုစရိုက် (၃) ပါး ကို ရေးထားသော ကတ်ပြားအား သင်ပုန်းတွင် ချိတ်ဆွဲပြထားပါ။