ကုက္ကုဋမိတ္တနေသာဒဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပါပဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၈။ ကုက္ကုဋမိတ္တနေသာဒဝတ္ထု
324986ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပါပဝဂ် — ၈။ ကုက္ကုဋမိတ္တနေသာဒဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၈။ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု

ပါဏိမှိ စေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ကုက္ကုဋမိတ္တအမည်ရှိသော မုဆိုးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူဌေးသမီးနှင့် မုဆိုးတို့ဘဝအစ

ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးတစ်ယောက်သည် အရွယ်သို့ ရောက်လတ်သည်ရှိသော် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏အထက် ကျက်သရေရှိသော တိုက်ခန်း၌ စောင့်ရှောက်ခြင်းငှာ အလုပ်အကျွေး ကျွန်မငယ်တစ်ယောက်ကိုပေး၍ ကျွေးမွေးပြုစုအပ်သည်ဖြစ်လျက် တစ်နေ့သ၌ ညချမ်းသောအခါ လေသာတံခါးဖြင့် လမ်းမအလယ်ကို ကြည့်ရှုနေစဉ် ကျော့ကွင်းငါးရာ, ငြောင့်တံစို့ငါးရာတို့ကို ယူလျက် သားသမင်တို့ကိုသတ်ဖြတ်၍ အသက်မွေးသော တစ်ယောက်သော ကုက္ကုဋမိတ္တ အမည်ရှိသော မုဆိုးကြီးကို ငါးရာသော သမင်တို့ကိုသတ်၍ ထိုသမင်တို့၏အသားဖြင့် လှည်းကြီးကို ပြည့်စေလျက် လှည်းဦး၌ထိုင်ပြီးလျှင် အမဲသားကို ရောင်းခြင်းငှာ မြို့သို့ ဝင်လာသည်ကို မြင်ရလျှင် ထိုမုဆိုး၌ တပ်သောစိတ် ရှိသည်ဖြစ်၍ အလုပ်အကျွေး ကျွန်မငယ်၏လက်၌ စာလွှာကိုပေးကာ “သွားချေ၊ ထိုမုဆိုးကြီး၏ ပြန်သွားအံ့သော အချိန်ကာလကို သိပြီးမှ လာခဲ့ချေလော့”ဟု စေလွှတ်လိုက်လေသတတ်။ ထိုကျွန်မငယ်သည် သွား၍ မုဆိုးကြီးအား စာလွှာကို ပေးပြီးလျှင် မေးမြန်းလေ၏။ “ယနေ့ အမဲသားဟင်းမျိုးကိုရောင်း၍ နံနက်စောစောကျမှ ဤမည်သော တံခါးဖြင့်ထွက်၍ ပြန်သွားအံ့”ဟု ဆိုလတ်သော် ကျွန်မငယ်သည် ထိုမုဆိုးကြီးဆိုအပ်သော စကားကိုကြားရ၍ ပြန်သွားပြီးလျှင် သူဌေးသမီးအား ပြောကြားလေ၏။

ရုပ်ဖျက်၍ သူဌေးသမီး လိုက်ပုံ

သူဌေးသမီးသည် မိမိ ယူအပ်သည်နှင့်ယှဉ်သော အဝတ်တန်ဆာအပေါင်းကို စီရင်ပြီး နံနက်စောစောပင်လျှင် ညစ်နွမ်းသောထဘီကိုဝတ်၍ ရေအိုးကိုရွက်လျက် ကျွန်မတို့နှင့်အတူတကွ ရေဆိပ်သို့ သွားလေဟန်ကဲ့သို့ထွက်၍ ထိုအရပ်သို့သွားပြီးလျှင် မုဆိုးကြီး၏လာခြင်းကို ကြည့်ရှုမျှော်လင့်လျက် နေနှင့်လေ၏။ ထိုမုဆိုးကြီးသည်လည်း စောစောကပင်လျှင် လှည်းကိုနှင်လျက် ထွက်လာလေ၏။ သူဌေးသမီးသည် မုဆိုးကြီး၏နောက်သို့ လိုက်သွားလေ၏။

အလိုလို ရောက်လာသောမင်္ဂလာ မတားသင့်

မုဆိုးကြီးသည် သူဌေးသမီးကိုမြင်လျှင် “ချစ်နှမ- သင်ကား အဘယ်သူ၏သမီး ဖြစ်သနည်း”ဟု မေးပြီးလျှင် “ငါကား သင့်ကို ဤမည်သောသူ၏သမီးဟု မသိ၊ ငါ၏နောက်သို့ မလိုက်လာပါလင့်”ဟု ဆိုလေ၏။ “အရှင်သည် ကျွန်မကို ခေါ်ဆောင်သည် မဟုတ်ပါ။ ကျွန်မသည် မိမိ၏သဘောအားဖြင့် လာခဲ့ပါသည်။ အရှင် ဆိတ်ဆိတ်နေ၍ မိမိ၏လှည်းကိုသာ မောင်းနှင်ပါလော့”ဟု ဆိုလတ်သော် ထိုမုဆိုးကြီးသည်လည်း အဖန်တလဲလဲ သူဌေးသမီးကို တားမြစ်သည်သာတည်း။ ထိုအခါ မုဆိုးကြီးကို သူဌေးသမီးသည် “အရှင့်သား- ကျက်သရေမင်္ဂလာမည်သည် မိမိအထံသို့လာသည်ရှိသော် တားမြစ်ခြင်းငှာ မသင့်”ဟု ဆိုလေ၏။

သား(၇)ယောက် ထွန်းကားပုံ

မုဆိုးကြီးသည် ထိုသူဌေးသမီးအပေါ်၌ ယုံမှားကင်းသဖြင့် လာခြင်းအကြောင်းကို သိရလျှင် သူဌေးသမီးကို လှည်းထက်သို့တင်လျက် သွားလေ၏။ ထိုသူဌေးသမီး၏ မိခင်ဖခင်တို့သည် ထိုမှဤမှ ရှာဖွေ၍ မမြင်ကုန်သည်ရှိသော် “သေသည်ဖြစ်လတ္တံ့”ဟု သေသူအလို့ငှာ ဆွမ်းကျွေးခြင်း မတကဘတ်အလှူကို ပြုလုပ်ကြလေကုန်၏။ သူဌေးသမီးသည်လည်း ထိုမုဆိုးနှင့်အတူတကွ ပေါင်းသင်းနေထိုင်ခြင်းကို အစွဲပြု၍ အစဉ်အတိုင်း သားခုနစ်ယောက်ကို ဖွားမြင်ပြီးလျှင် ထိုသားတို့ကို အရွယ်သို့ ရောက်လတ်သည်ရှိသော် အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့လေ၏။

ကျော့ကွင်းအနီးမှ ဗုဒ္ဓခြေတော်ရာ

ထိုအခါ တစ်နေ့သ၌ ဘုရားရှင်သည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုသည်ရှိသော် ကုက္ကုဋမိတ္တကို သားခုနစ်ယောက်နှင့်တကွ ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ယက်အတွင်းသို့ ဝင်လာသည်ကို မြင်တော်မူရလေ၏။ “ဤအကြောင်းကား အဘယ်နည်း”ဟု စူးစမ်း ဆင်ခြင်တော်မူသဖြင့် တစ်ကျိပ်ငါးယောက်ကုန်သော ထိုသူတို့၏ သောတာပတ္တိမဂ်ရကြောင်း ဥပနိဿယကို မြင်တော်မူခြင်းကြောင့် နံနက်စောစောကသာလျှင် သပိတ်သင်္ကန်းကို လွယ်ယူကာ မုဆိုးကြီး၏ ကျော့ကွင်းထောင်ရာအရပ်သို့ ကြွသွားတော်မူလေ၏။ ထိုနေ့၌ကား ကျော့ကွင်းတွင်မိသော တစ်ကောင်သော သမင်မျှလည်း မရှိ။ ဘုရားရှင်သည် ထိုမုဆိုးကြီး၏ ကျော့ကွင်းအနီး၌ ခြေတော်ရာရွှေစက်ကို ပြထားပြီးလျှင် ရှေ့မှ ချုံတစ်ခု၏ အရိပ်အောက်၌ နေတော်မူနေ၏။ ကုက္ကုဋမိတ္တသည် နံနက်စောစောကသာလျှင် လေးကိုယူ၍ ကျော့ကွင်းထောင်ရာသို့ သွားသဖြင့် အစမှစ၍ ကျော့ကွင်းတို့ကို ကြည့်ရှုလတ်သော် ကျော့ကွင်းမိသော သမင်တစ်ကောင်ကိုမျှလည်း မမြင်ရမူ၍ ဘုရားရှင်၏ ခြေတော်ရာရွှေစက်ကို မြင်လေ၏။

ဗုဒ္ဓကို မြားဖြင့်ပစ်ရန် ကြံပုံ

ထိုအခါ မုဆိုးကြီးအား “အဘယ်သူသည် ငါထောင်အပ်သော သမင်တို့ကို လွှတ်ပစ်၍ သွားလေဘိသနည်း”ဟု အကြံဖြစ်ပေါ်လာ၏။ မုဆိုးကြီးသည် ခြေတော်ရာရှင်ဖြစ်သော မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့၍ သွားလေသော် ချုံအောက်၌ သီတင်းသုံးနေတော်မူသော ဘုရားကို မြင်လေလျှင် “ဤသူသည် ငါ၏သမင်တို့ကို လွှတ်ပစ်အပ်သည် ဖြစ်လတ္တံ့၊ ထိုသူကို သတ်တော့အံ့”ဟု လေးကို တင်လေ၏။ ဘုရားသဗ္ဗညုသည် လေးကို တင်နိုင်စိမ့်သောငှာ ပေး၍ လွှတ်စိမ့်သောငှာ မပေးဘဲ ထားလေ၏။ ထိုမုဆိုးကြီးသည် မြားကိုလွှတ်ခြင်းငှာ မတတ်နိုင်ရကား နံရိုးတို့မှာ ကျိုးပဲ့ကွဲအက်လေသကဲ့သို့ ခံတွင်းမှ တံတွေးတစီစီ ယိုထွက်သဖြင့် ပင်ပန်းသော သဘောရှိလျက် နေရရှာလေ၏။ ထိုအခါ မုဆိုးကြီး၏သားတို့သည် အိမ်သို့သွားကြကုန်သဖြင့် “ငါတို့ဖခင်သည် ကြာမြင့်လှ၏၊ ဤသို့ ကြာမြင့်ရခြင်းကား အဘယ့်ကြောင့်နည်း”ဟု ဆိုလတ်သော် “ချစ်သားတို့- ဖခင်၏အထံသို့ လိုက်သွားကြကုန်ဦး”ဟု မိခင် စေခိုင်းအပ်သောကြောင့် သားခုနစ်ယောက်တို့သည် လေးတို့ကို ကိုယ်စီယူကာ သွားကြသဖြင့် နံရိုးကျိုးလုမတတ် လေးကိုင်လျက် တံတွေးယိုဆင်းနေသော အခြင်းအရာဖြင့် ရပ်နေသောဖခင်ကို မြင်လေလျှင် “ဤသူကား ငါတို့ဖခင်၏ ရန်သူဖြစ်လတ္တံ့”ဟု နှလုံးပြုလျက် သားခုနစ်ယောက်တို့ကလည်း လေးတို့ကို တင်ကြပြီးလျှင် ဘုရားရှင်၏ တန်ခိုး အာနုဘော်တော်အားဖြင့် မုဆိုးသားတို့၏ဖခင် ရပ်တည်နေရသကဲ့သို့ ထို့အတူသာလျှင် ရပ်တည်နေကြရလေကုန်၏။

မုဆိုးနှင့် သားသမီးတစ်စု သောတာပန်တည်ခြင်း

ထိုအခါ သားတို့၏မိခင်သည် “ငါ့သားတို့ကား ကြာမြင့်လှကုန်၏၊ အကြောင်းအသို့နည်း”ဟု ချွေးမခုနစ်ယောက်တို့နှင့်အတူတကွ လိုက်သွား၍ ထိုအခြင်းအရာဖြင့် ရပ်နေကြကုန်သော ထိုရှစ်ယောက်သောသူတို့ကို မြင်သဖြင့် “အဘယ်သူ့အားပစ်ရန် ဤသူတို့သည် လေးတို့ကိုတင်၍ ရပ်နေကြကုန်ဘိသနည်း”ဟု ကြည့်ရှုလတ်သည်ရှိသော် ဘုရားသဗ္ဗညုကိုမြင်ရလျှင် လက်တို့ကိုမြှောက်ချီလျက် “ငါ့ဖခင်ကို မသတ်ကြပါနှင့်”ဟု သည်းစွာသောအသံကို ပြုလေ၏။ ကုက္ကုဋမိတ္တမုဆိုးကြီးသည် ထိုအသံကိုကြားရလျှင် “ငါကား ချွတ်ချော်ပျက်စီး မှားယွင်းကြီး မှားယွင်းလေစွတကား၊ သူကား ငါ၏ယောက္ခမ ဖြစ်လေသတတ်၊ ငါသည် အလွန်ဝန်လေးသောအမှုကို ပြုမိရလေခြင်း”ဟု ကြံစည်မိလေ၏။ ထိုမုဆိုးကြီး၏ သားတို့သည်လည်း “ဤသူကား ငါတို့၏ အဘိုးပါတကား”ဟု ချစ်ခင်မြတ်နိုးသောစိတ်ကို ဖြစ်စေကြလေကုန်၏။ ထိုအခါ ထိုသူတို့၏မိခင်ဖြစ်သော သူဌေးသမီးသည် “လေးတို့ကို မြန်မြန်စွန့်ပစ်၍ ငါ့ဖခင်ကို ကန်တော့ကြ”ဟု ပြောဆိုလေ၏။ ဘုရားရှင်သည် ထိုသူတို့၏ နူးညံ့သောစိတ်ကို သိတော်မူသဖြင့် လေးကို ချနိုင်စိမ့်သောငှာ ပေးလေ၏။ ထိုအလုံးစုံကုန်သော သူတို့သည် ဘုရားရှင်ကိုရှိခိုး၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့အား သည်းခံတော်မူကြပါဘုရား”ဟု တောင်းပန်ကန်တော့ပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြလေကုန်၏။ ထိုအခါ ထိုသူတို့အား ဘုရားရှင်သည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာတော်အဆုံး၌ ကုက္ကုဋမိတ္တမုဆိုးကြီးသည် သားခုနစ်ယောက်, ချွေးမခုနစ်ယောက်တို့နှင့် အတူတကွ မိမိလျှင် တစ်ဆယ့်ငါးယောက်မြောက်ဖြစ်၍ သောတာပတ္တိဖိုလ်၌ တည်လေ၏။

မိဘအိမ်မှာ နေစဉ်ကပင် သောတာပန်ဖြစ်ခဲ့

ဘုရားရှင်သည်လည်း ဆွမ်းအလို့ငှာ လှည့်လည်တော်မူပြီးလျှင် ဆွမ်းစားချိန်မှ နောက်အချိန်တွင် ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ထိုအခါ ဘုရားရှင်သဗ္ဗညုကို ရှင်အာနန္ဒာမထေရ်သည် “မြတ်စွာဘုရား- အဘယ်အရပ်သို့ ကြွသွားတော်မူပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သား အာနန္ဒာ- ကုက္ကုဋမိတ္တမည်သော မုဆိုးကြီး၏အထံသို့ ကြွသွား၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် သူ့အသက်သတ်ခြင်းအမှုကို မပြုအောင် ပြုအပ်၏လောဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သားအာနန္ဒာ- ထိုကုက္ကုဋမိတ္တသည် မိမိလျှင် တစ်ဆယ့်ငါးယောက်မြောက် ရှိသည်ဖြစ်၍ မတုန်မလှုပ်သော ကြည်ညိုခြင်း၌ တည်သဖြင့် ရတနာသုံးပါးတို့၌ ယုံမှားခြင်းမရှိဘဲ သူ့အသက်သတ်ခြင်းအမှုကို မပြုသောသူ ဖြစ်ပြီ”ဟု မိန့်တော်မူလျှင် ထိုရဟန်းတို့သည် “မြတ်စွာဘုရား- ထိုမုဆိုးအား မယားရှိသည် မဟုတ်ပါလောဘုရား”ဟု လျှောက်ကြကုန်၏။ “ချစ်သား ရဟန်းတို့- ရှိသည် မှန်၏၊ ထိုမယားကား မိဘအိမ်၌ သတို့သမီးငယ်ဖြစ်စဉ် သောတာပတ္တိဖိုလ်သို့ ရောက်လေပြီ”ဟု မိန့်လတ်သော် ရဟန်းတို့သည် “ကုက္ကုဋမိတ္တမုဆိုးကြီး၏ မယားသည် သတို့သမီးငယ် ဖြစ်စဉ်ကာလကပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်လျက် ထိုမုဆိုးအိမ်သို့ ရောက်သွား၍ သား,ခုနစ်ယောက်တို့ကို ရသတတ်၊ ထိုသတို့သမီးသည် ဤမျှကာလပတ်လုံး လင်မုဆိုးကြီးက “လေးကို ဆောင်ခဲ့လော့၊ မြားတို့ကို ယူခဲ့လော့၊ လှံကို ယူခဲ့လော့၊ ပိုက်ကွန်ကို ယူခဲ့လော့”ဟု ဆိုအပ်သည်ရှိသော် ထိုလေးမြားစသည်တို့ကို ပေးရလေ၏။”

သေစေလိုသော စေတနာပါမှ အကုသိုလ်ဖြစ်

“ထိုမုဆိုးကြီးသည် မယားပေးအပ်သော လေး,မြားစသည်တို့ကို ယူသွား၍ သူ့အသက် သတ်ခြင်းကို ပြုပေ၏။ အသို့နည်း၊ သောတာပန်တို့သည်လည်း သူ့အသက်သတ်ခြင်းကို ပြုကြကုန်သလော”ဟု စကားကို ဖြစ်စေကြလေကုန်၏။ ဘုရားရှင်သည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- သောတာပန်တို့မည်သည် သူ့အသက် သတ်ခြင်းကို မပြုကြကုန်။ ထိုမိန်းမသည်ကား “လင်ယောက်ျားစကားကို လိုက်နာအံ့”ဟု လင်ကဆိုတိုင်း ပြုဘိ၏၊ “ဤလေး,မြားစသည်ကိုယူ၍ ဤမုဆိုးကြီး သွားပြီးလျှင် သူ့အသက်သတ်ခြင်းကို ပြုနိုင်ပါစေသတည်း”ဟူသော စိတ်သည် ထိုမိန်းမအား မရှိ။ လက်ဝါးပြင်၌ အနာမရှိသော် အဆိပ်ကို ကိုင်ယူသောသူအား ထိုအဆိပ်သည် လောင်ခြင်းငှာ မတတ်နိုင်။ ဤအတူသာလျှင် အကုသိုလ်စေတနာမရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေး,စသည်တို့ကို ထုတ်၍ပေးသော်လည်း မကောင်းမှုမည်သည် မဖြစ်”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၂၄] ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။
နာဗ္ဗဏံ ဝိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။

ပါဏိမှိ၊ လက်ဝါးပြင်၌။ ဝဏော၊ အနာသည်။ စေနာဿ၊ အကယ်၍ မဖြစ်ငြားအံ့။ ပါဏိနာ၊ လက်ဖြင့်။ ဝိသံ၊ အဆိပ်ကို။ ဟရေယျ၊ ကိုင်ယူနိုင်ရာ၏။ အဗ္ဗဏံ၊ အနာမရှိသောလက်ကို။ ဝိသံ၊ အဆိပ်သည်။ န အနွေတိ၊ အစဉ်မလိုက်နိုင်။ အကုဗ္ဗတော၊ စေတနာမရှိခြင်းကြောင့် ပြုသော်လည်း မပြုသည်မည်သောသူအား။ ပါပံ၊ မကောင်းမှုသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်အဆုံး၌ များစွာသောလူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မုဆိုးမိသားစုတို့၏ ရှေးကောင်းမှု

တစ်ပါးသောအခါ၌ ရဟန်းတို့သည် “ကုက္ကုဋမိတ္တမုဆိုးကြီး၏ သား,ချွေးမတို့နှင့်တကွ သောတာပတ္တိမဂ်ရခြင်း၏အကြောင်း ဥပနိဿယသည် အဘယ်နည်း၊ အဘယ်အကြောင်းကြောင့် မုဆိုးအမျိုး၌ ဖြစ်ရှာလေဘိသနည်း”ဟု စကားကို ပြောကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ရှေးလွန်လေပြီးသောအခါ ကဿပဘုရားရှင်၏ ဓာတ်တော်စေတီကို စီရင်ပြုစုကြကုန်သည်ရှိသော် ဤသို့ ပြောဆိုကြကုန်၏။ “ဤစေတီအလို့ငှာ မြေညက်သည် အဘယ်ဝတ္ထုဖြစ်လတ္တံ့နည်း၊ ရေသည် အဘယ်ဝတ္ထုဖြစ်လတ္တံ့နည်း”ဟု ပြောဆိုသောအခါ ထိုသူတို့အား ဤသို့သော အကြံဖြစ်ပေါ်လေ၏။ “ဆေးဒန်းမြင်းသီလာသည် မြေညက်ဖြစ်လတ္တံ့၊ နှမ်းဆီသည် ရေဖြစ်လတ္တံ့”ဟု အကြံဖြစ်၍ ထိုသူတို့သည် ဆေးဒန်းမြင်းသီလာကို ထောင်းကြိတ်၍ နှမ်းဆီဖြင့်နယ်၍ အုတ်နှင့်စပ်လျက် ရွှေဖြင့်ခြယ်စီပြီးလျှင် အတွင်း၌ စီကြကုန်၏။ အပြင်ပမျက်နှာ၌ကား တခဲနက်ရွှေအုတ်တို့သည်သာလျှင် ဖြစ်ကြကုန်၏။ အုတ်တစ်ချပ် တစ်ချပ်သည် အဖိုးတစ်သိန်း ထိုက်တန်၏။ ထိုလူတို့သည် ဓာတ်တော် ဌာပနာသည်တိုင်အောင် စေတီပြီးလတ်သည်ရှိသော် ဓာတ်တော်ဌာပနာသောအခါ များစွာသောဥစ္စာဖြင့် အလိုရှိ၍ “အဘယ်သူကို အကြီးအမှူးပြုကြရကုန်အံ့နည်း”ဟု ကြံစည်ကြကုန်၏။ ထိုအခါ တောရွာနေ သူဌေးတစ်ဦးသည် “ငါကား အကြီးအမှူးဖြစ်အံ့”ဟု ဓာတ်တော်ဌာပနာရာ၌ ငွေတစ်ကုဋေကို ထည့်လေ၏။ ထိုအခြင်းအရာကို မြင်လျှင် ပြည်သူပြည်သားတို့သည် “ဤမြို့နေ သူဌေးကား ဥစ္စာကိုသာလျှင် စုဆောင်းတတ်၏၊ ဤသို့သဘောရှိသောစေတီ၌ အကြီးအမှူးဖြစ်ခြင်းငှာ မတတ်နိုင်၊ တောရွာနေ သူဌေးသည်ကား တစ်ကုဋေသော ဥစ္စာကိုထည့်၍ အကြီးအမှူးဖြစ်လေ၏”ဟု ကဲ့ရဲ့ကြကုန်၏။ မြို့နေသူဌေးသည် ထိုသူတို့စကားကိုကြားရလျှင် “အကြီးအမှူးဖြစ်အံ့”ဟု နှစ်ကုဋေသောဥစ္စာတို့ကို ပေးလေ၏။ တောရွာနေသူဌေးသည် “ငါသည်သာလျှင် အကြီးအမှူးဖြစ်အံ့”ဟု သုံးကုဋေတို့ကို ပေးလေ၏။ ဤသို့ ပွားစေသဖြင့် မြို့နေသူဌေးသည် ရှစ်ကုဋေတို့ကို ပေးလေ၏။ တောရွာနေသူဌေးအား အိမ်၌ ကိုးကုဋေသော ဥစ္စာသည်လျှင် ရှိ၏၊ မြို့နေသူဌေးအား ကုဋေလေးဆယ်ရှိ၏။ ထို့ကြောင့် တောရွာနေသူဌေးသည် “ငါကား ကိုးကုဋေသောဥစ္စာကို ပေးအံ့ဟု အကယ်၍ ဆိုချေသည်ဖြစ်အံ့။ ထိုအခါ ငါ့အား ဥစ္စာမရှိသော အဖြစ်သည် ထင်ရှားလတ္တံ့”ဟု ကြံစည်မိလေ၏။ ထို့ကြောင့် တောရွာနေသူဌေးသည် ဤသို့ဆိုလေ၏။ “ငါကား ဤမျှလောက်သော ဥစ္စာကိုပေးအံ့၊ သားမယားနှင့်တကွလည်း စေတီကျွန်ဖြစ်အံ့”ဟု ဆို၍ သားခုနစ်ယောက်တို့ကိုလည်းကောင်း၊ ချွေးမခုနစ်ယောက်တို့ကိုလည်းကောင်း၊ မယားကိုလည်းကောင်း ခေါ်၍ မိမိနှင့်တကွ စေတီအား ဆောင်နှင်းလေ၏။

ပြည်သူပြည်သားတို့သည် “ဥစ္စာမည်သည်ကား ဖြစ်စေခြင်းငှာ တတ်နိုင်ကောင်း၏၊ သားမယားနှင့်တကွလည်းဖြစ်သော ဤတောရွာနေ သူဌေးသည်ကား မိမိကိုယ်ကို ဆောင်နှင်းပေ၏၊ ဤသူသည်သာလျှင် အကြီးအမှူးဖြစ်စေသတည်း”ဟု ဆို၍ ထိုတောရွာနေသူဌေးကို အကြီးအမှူးပြုကြလေကုန်၏။ ဤသို့လျှင် ထိုတစ်ကျိပ်ခြောက်ယောက်စလုံးလည်းဖြစ်သော သူတို့သည် စေတီ၏ကျွန်ဖြစ်ကြကုန်၏။ ပြည်သူပြည်သားတို့သည်ကား ထိုသူတို့ကို တော်လှန်သည် (ကျွန်မဟုတ်သည်)တို့ကို ပြုကြလေကုန်၏။ ဤသို့ တော်လှန်သော်လည်း စေတီကိုသာလျှင် သုတ်သင်ပြုစုလျက် အသက်ထက်ဆုံးနေ၍ ထိုကိုယ်အဖြစ်မှ စုတေကြကုန်သည်ရှိသော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုသူတို့သည် ဘုရားရှင်နှစ်ဆူတို့၏ တစ်ခုသောအကြားကာလပတ်လုံး နတ်ပြည်တို့၌ နေကြကုန်လျက် ဤငါတို့မြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ မယားသည် ထိုနတ်ပြည်မှစုတေ၍ ရာဇဂြိုဟ်ပြည်ဝယ် သူဌေးသမီးအဖြစ်ဖြင့် ဖြစ်လာ၏။ ထိုသူဌေးသမီးသည် သတို့သမီးငယ်ဖြစ်လျက်ပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ သစ္စာလေးပါးကို မသိမမြင်ရသေးသောသူ၏ ပဋိသန္ဓေနေခြင်းမည်သည် ဝန်လေးလှ၏။ ထို့ကြောင့် ထိုသတို့သမီး၏ လင်ယောက်ျားသည် တပြောင်းပြန်ပြန် ကျင်လည်ကာသွား၍ မုဆိုးအမျိုး၌ ဖြစ်ရရှာလေ၏။ ထိုမုဆိုးအား မြင်သည်နှင့် တစ်ပြိုင်နက်သာလျှင် သူဌေးသမီးကို ရှေး၌ဖြစ်သော ချစ်ခင်ခြင်းသည် လွမ်းမိုးဖိစီးလေ၏။ ထို့ကြောင့် ဤဂါထာကို ဟောတော်မူအပ်သည်သာတည်း။

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ဥပ္ပလံ ဝါ၊ ဥပ္ပလကြာမျိုးသည်လည်းကောင်း။ သေသံဝါ၊ ကြွင်းသောပဒုမ္မာကြာမျိုးသည်လည်းကောင်း။ ဥဒကေ၊ ရေ၌။ ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။ ဥဘောဟိ၊ ရေနှင့်ညွန်ပျောင်း အကြောင်းနှစ်ပါးတို့ကြောင့်။ ဇာယတေ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တံ ပေမံ၊ ထိုချစ်ခြင်းသည်။ ဇာယမာနံ၊ ဖြတ်လတ်သည်ရှိသော်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ သန္ဒိဝါသေန ဝါ၊ ကောင်းစွာပေါင်းသင်း နေဖူးခြင်းကြောင့်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ မျက်မှောက်စီးပွားရေး အကျိုးများမြောင် ရွက်ဆောင်ဖူးခြင်းကြောင့်လည်းကောင်း။ ဧဝံ၊ ဤအကြောင်းနှစ်ပါးတို့ကြောင့်။ ဇာယတေ၊ ဖြစ်၏။

(ဒုကနိပါတ် သာကေတဇာတ်လာ ဤဂါထာကို ဤပုံတော်စုံ ဓမ္မပဒဝတ္ထု ၂-အပ္ပမာဒဝဂ် သာမာဝတီဝတ္ထု၌လည်း မိန့်ဆိုလေပြီ။ အရိုး၌ ဆူးမရှိလျှင် ဥပ္ပလကြာမည်၏။ ဆူးရှိလျှင် ပဒုမ္မာကြာမည်၏။)

ထိုသူဌေးသမီးသည် ရှေး၌ဖြစ်သော ချစ်ခြင်းအားဖြင့်သာလျှင် မုဆိုးအိမ်သို့ ရောက်သွားရလေ၏။ သူဌေးသမီး၏ သားတို့သည်ကား နတ်ပြည်မှ စုတေခဲ့ကြ၍ ထိုသူဌေးသမီး၌သာလျှင် ပဋိသန္ဓေစွဲယူနေကြကုန်၏။ ထိုသူဌေးသမီး၏ချွေးမတို့သည်လည်း ထိုထိုအရပ်၌ ဖြစ်ခဲ့ကြပြီးလျှင် အရွယ်သို့ရောက်ကုန်သည်ရှိသော် ထိုသူတို့၏အိမ်သို့သာလျှင် ရောက်သွားကြလေကုန်၏။ ဤသို့လျှင် ထိုအလုံးစုံသော သူတို့သည်လည်း ထိုအခါ ကဿပဘုရားရှင် စေတီတော်ကို သုတ်သင်ပြုစုကြခြင်းကြောင့် ထိုကောင်းမှု၏အာနုဘော်အားဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်ကြလေကုန်၏။

ကုက္ကုဋမိတ္တမုဆိုးဝတ္ထုပြီး၏။