ကျန်စစ်သားမင်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၂။ ကျန်စစ်သားမင်း (ကျောင်းသားကိုင်သို့)
339345ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၂။ ကျန်စစ်သားမင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂)

ကျန်စစ်သားမင်း

သင်ယူမှုဦးတည်ချက် ။ ။ ကျန်စစ်သားမင်း၏ သာသနာပြုပုံနှင့် အလှူဒါနပြုလုပ်ပုံအကြောင်း သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကျန်စစ်သားမင်း အကြောင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍ဒုတိယတန်းမှ မင်းမြတ်အနော်ရထာ သင်ခန်းစာကို ပြန်လည်ချိတ်ဆက်ပြောပြပါ။

[သတိပြုရန် 1]

֍“ဒုတိယတန်းတုန်းကသင်ခဲ့ဖူးတဲ့ အနော်ရထာမင်းအကြောင်းကို မှတ်မိတဲ့သူရှိလား။ ရှိရင် ပြောပြပါ”ဟု မေးပါ။ (မှတ်မိသောကလေးများ ပြန်လည်ပြောပြကြပါစေ။)

֍မမှတ်မိလျှင် ဆရာက ပြန်လည်ပြောပြပါ။

֍ထို့နောက် အောက်ပါမေးခွန်းများ မေးပါ။

-မြန်မာ့သူရဲကောင်းတွေထဲက ထင်ရှားတဲ့သူရဲကောင်းတွေရဲ့ နာမည်တွေကို ကြားဖူး ကြလား၊ ကြားဖူးသလောက် ပြောကြည့်ကြပါဦး။
-အဲဒီ သူရဲကောင်းတွေ ဘာတွေလုပ်မယ်လို့ ထင်သလဲ။
-သူရဲကောင်းဆိုတော့ စစ်ပဲ တိုက်နေတာလား။
-နောက်ထပ် ဘာတွေ လုပ်ဦးမယ်ထင်သလဲ။

֍ကလေးများ၏ ဖြေဆိုမှုများကို သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားရမည်။

֍“အဲဒီသူရဲကောင်းတွေထဲက ဒီနေ့ ဘယ်သူရဲကောင်းအကြောင်းကိုပြောပြမယ် ထင်သလဲ၊ အဲဒီသူရဲကောင်းက ရဲစွမ်းသတ္တိရှိတယ်၊ ဘုရား၊ ကျောင်းကန်တွေကို ဆောက်လုပ်လှူဒါန်း ခဲ့တယ်၊ တိုင်းသူပြည်သားတွေကိုလည်း အစားအစာနဲ့ အဝတ်အထည်တွေကို ပေးကမ်း စွန့်ကြဲခဲ့တဲ့ မင်းတစ်ပါးဖြစ်တယ်။ အဲဒီမင်းဟာ ဘယ်မင်းဖြစ်မယ်ထင်လဲ၊ ခန့်မှန်းကြည့်ကြ ပါဦး” စသည်ဖြင့် မေးပါ။

֍ကလေးငယ်များ ခန့်မှန်းလာနိုင်အောင် ဆရာက လမ်းကြောင်းပေးပြီး လိုအပ်ပါက ထုတ် ဖော် ပြောပြပေးပါ။

֍ထို့နောက် ကျန်စစ်သားမင်းအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ပြောပြပေးပါ။ သာသနာပြုပုံ၊ အလှူဒါန စသော ကလေးများ နားမလည်နိုင်သည့် စကားလုံးများကို နားလည်အောင် ဖြည့်စွက်ပြောကြားပေးပါ။

ကျန်စစ်သားမင်း

ကျန်စစ်သားမင်းကြီးဟာ မြန်မာနိုင်ငံသမိုင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ မင်းတစ်ပါး ဖြစ်ပါတယ်။ ရဲစွမ်းသတ္တိနဲ့ပြည့်စုံသလို အကြင်နာတရားနဲ့ ပြည့်စုံသူလည်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ သမိုင်းဝင်သူရဲကောင်းများအနက် အထင်ရှားဆုံးသူရဲကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ ပုဂံထီးနန်းကို ခိုင်မြဲအောင် ကြိုးစားနိုင်ခဲ့သလို မွန်မြန်မာချစ်ကြည်ရေးကိုလည်း ထူထောင်ပေးနိုင်ခဲ့ပါတယ်။

ကျန်စစ်သားမင်းဟာ တိုင်းသူပြည်သားတွေကို “လက်ဝဲလက်ဖြင့် အဝတ်အစားတို့ကို အမြဲထောက်ပံ့ပေးပြီး လက်ယာလက်ဖြင့် စားနပ်ရိက္ခာတို့ကို ထောက်ပံ့ပေးမည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို ပိုမိုတိုးတက်အောင် ထောက်ပံ့ပေးပြီး ဆင်းရဲသားများ၏ဘဝကို မြှင့်တင်ပေး မည်ဖြစ်ပြီး လူတိုင်းချမ်းသာစေရမည့်အပြင် ပြည်သူလူထုကို မိခင်တစ်ယောက်ကဲ့သို့ စောင့် ရှောက်မည်”ဆိုပြီး ကတိပေးထားခဲ့တယ်။ ကတိအတိုင်းလည်း ဆောင်ရွက်ခဲ့တယ်။

ကျန်စစ်သားမင်းကြီးရဲ့ ဆရာက ရဟန်းတော်ရှင်အရဟံ ဖြစ်တယ်။ ကျန်စစ်သားမင်း ကြီးဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ တခြားဘာသာဝင်တွေကို အနှောင့် အယှက်မပေးဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပါတယ်။ ပြည်သူအချင်းချင်း လူမျိုး ဘာသာ မခွဲခြားဘဲ ချစ်ချစ်ခင်ခင် နေထိုင်ဖို့ အမြဲတိုက်တွန်းလေ့ရှိပါတယ်။

ကျန်စစ်သားမင်းကြီးဟာ မနက်တိုင်း သူ့ကို လက်ဆောင်ပေးလာတဲ့ ပန်းစည်းတွေကို ဘုန်းကြီးကျောင်းတွေနဲ့ စေတီပုထိုးတွေကို သွားရောက်လှူဒါန်းလေ့ရှိတယ်။ ဘုန်းတော်ကြီး တွေကလည်း “ကျန်စစ်သားမင်း သက်တော်ရာကျော် ရှည်ပါစေ”လို့ နံနက်တိုင်း ဆုတောင်း ပေးကြတယ်။ မေတ္တာပို့ပေးကြတယ်။

ကျန်စစ်သားမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဘာသာရေးအဆောက်အအုံတွေ အများကြီး ရှိပါတယ်။ ယခုအချိန်အထိ မပျက်မစီး တည်ရှိနေတဲ့ စေတီတော်တွေကတော့ ရွှေစည်းခုံစေတီတော်နှင့် အာနန္ဒာစေတီတော်တို့ ဖြစ်ပါတယ်။ အာနန္ဒာစေတီဟာ အလွန် ထူးခြားတဲ့ စေတီတော်တစ်ဆူ ဖြစ်ပါတယ်။ စေတီတော်ကို ဖူးမြော်ကြည့်လျှင် ကျန်စစ်သား မင်းကြီးရဲ့ စိတ်ကူးစိတ်သန်းကောင်းမွန်မှုနဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေကို ရင်သပ်ရှုမော မဆုံး ဖြစ်ရပါတယ်။

ကျန်စစ်သားမင်းကြီးဟာ သေဆုံးခါနီးအချိန်အထိ တရားအသိကို လက်မလွှတ်ခဲ့ဘူး။ သေဆုံးခါနီးအချိန်မှာ မြတ်စွာဘုရားရှင်ရဲ့ ပုံတူ ရွှေဆင်းတုတစ်ဆူကို ရေစက်သွန်းချ လှူဒါန်း ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တယ်။ ကျန်စစ်သားမင်းကြီးဟာ သက်တော် ၇ဝ ကျော်မှာ နတ်ရွာစံ ကံကုန်ခဲ့ပါတယ်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကျန်စစ်သားမင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကျန်စစ်သားမင်းအကြောင်းကို ကလေးများ ပိုမိုမှတ်မိစေနိုင်မည့် မေးခွန်းများအား ဆရာက သင့်လျော်သလို ပေးပေးပါ။

֍ထို့နောက် အောက်ပါ ကျန်စစ်သားမင်း ကဗျာကို အသံနေအသံထား ဟန်အမူအရာဖြင့် ကလေးများ အလွတ်ရသည်အထိ သင်ပေးပါ။

ကျန်စစ်သားမင်း

ရာဇဝင်တွင်ရစ်တဲ့၊
ကျန်စစ်မင်းစေတနာ၊
လေးစားဖွယ်ရာ၊
ပုဂံခေတ်သာသနာ၊
စည်ပင်ကာ ပြန့်ပွား။
ရွှေစည်းခုံ အာနန္ဒာနဲ့၊
စေတီသာ ကုသိုလ်များရယ်၊
အံ့ဖွယ်မြောက်မြား။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ အာနန္ဒာစေတီ အကြောင်း၊ အာနန္ဒာစေတီပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ကျန်စစ်သားမင်းကြီးရဲ့ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဘာသာရေးအဆောက်အအုံတွေထဲ က ထူးခြားတဲ့စေတီဟာ ဘာစေတီလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ကလေးများဖြေပြီးလျှင် “သားတို့၊ သမီးတို့ပြောတဲ့ အာနန္ဒာစေတီ အကြောင်းကို အခု ပြောပြမယ်၊ သေချာနားထောင်နော်”ဟု ပြော၍ အောက်ပါ အာနန္ဒာစေတီတော်နှင့် ပတ်သက်သော အကြောင်းအရာများကို ကလေးများ စိတ်ဝင်စားအောင် ပြောပြပါ။

အာနန္ဒာစေတီတော်

ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စေတီပုထိုးတွေထဲမှာ အာနန္ဒာ စေတီတော်ဟာ အထင်ရှားဆုံး စေတီတော်တစ်ဆူ ဖြစ်ပါတယ်။ ပုဂံမှာရှိတဲ့ စေတီပုထိုးတွေ ထဲမှာလည်း အာနန္ဒာစေတီဟာ လက်ရာအမြောက်ဆုံး၊ အထူးခြားဆုံးနဲ့ အသပ္ပာယ်ဆုံး စေတီပုထိုးအဖြစ် လူသိများတယ်။ ကျန်စစ်သားမင်းကြီးဟာ မြတ်စွာဘုရားရှင်ရဲ့ အတုမရှိတဲ့ သဗ္ဗညုတဉာဏ်တော်ကို ရည်စူးပူဇော်ပြီး အာနန္ဒာစေတီကို တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ စေတီတော်ရဲ့ ကိုယ်ထည်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ မှာ မုခ်ဦးတစ်ခုစီ နဲ့ တန်ဆာဆင်ထားပြီး ကြေးရုပ်ပွားတော်တစ်ဆူစီကိုလည်း ပူဇော်ထား ပါတယ်။

အာနန္ဒာစေတီတော်ဟာ အပြင်ပန်းပုံသဏ္ဌာန်အနေနဲ့ အလွန် ထူးခြားတင့်တယ် သလို အတွင်းနံရံတွေမှာလည်း ဗုဒ္ဓဝင်ဆိုင်ရာ (နံရံဆေးရေး) ပန်းချီပုံတွေကို ရေးဆွဲထားပါ တယ်။ စေတီတော်ရဲ့ အတွင်းဘက်ထဲမှာ ကျောက်ဆင်းတုတော်များနဲ့ ကျန်စစ်သားမင်းကြီး ရဲ့ရုပ်တုတော်ကို ထုလုပ်ထားရှိပါတယ်။ ယခုအချိန်အထိ ပန်းချီပုံအတော်များ များကို တွေ့ နိုင်ပါသေးတယ်။ စေတီတော်ရဲ့ အတွင်း နံရံအမြင့်တွေမှာလည်း ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေ ကို ထည့်သွင်းပူဇော်ထားပါတယ်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများ မေးပါ။

-ကျန်စစ်သားမင်းကြီးက ဘယ်လိုမင်းကြီးလဲ။
-အလှူဒါနတွေကို ဘယ်လိုလုပ်ခဲ့သလဲ။
-ကျန်စစ်သားမင်းကြီးရဲ့ ဆရာက ဘယ်သူလဲ။
-ဘယ် ဘာသာကို ကိုးကွယ်တာလဲ။
-ကျန်စစ်သားမင်းကြီး ဘာစေတီတွေကို တည်ထားကိုးကွယ်ခဲ့လဲ။
-ကျန်စစ်သားမင်းကြီးက သေဆုံးခါနီးအချိန်မှာ ဘာကို လှူခဲ့သေးလဲ။

֍ထို့နောက် ကလေးများအား “သားတို့၊ သမီးတို့ အသက်ကြီးလာရင် ဘာအလုပ်တွေ လုပ် ကိုင်သွားကြမလဲ”ဟု မေး၍ နှစ်ယောက်တစ်တွဲ စဉ်းစားစေပြီး အချင်းချင်း အပြန်အလှန် ဆွေးနွေးကြပါစေ။

֍ထို့နောက် အတွဲတစ်တွဲမှ တစ်ယောက်က အတန်းသားအားလုံးကို ပြောပြပါစေ။

֍ကလေးတစ်ယောက်ပြောနေချိန်တွင် ကျန်ကလေးများအားလုံးက ငြိမ်သက်စွာနားထောင်နေကြပါစေ။

֍ထိုနည်းဖြင့် ကလေးများအားလုံး ပါဝင်ကြပါစေ။

֍ထို့နောက် “သားတို့၊ သမီးတို့ အရွယ်ရောက်လာရင် အလုပ်တွေ အများကြီး လုပ်ကြရဦး မှာ၊ အခု သားတို့၊ သမီးတို့က ကျောင်းသား၊ ကျောင်းသူတွေဆိုတော့ စာပေတွေကို ကြိုး စား လေ့လာရမယ်။ နောင် အသက်ကြီးလာတဲ့အခါ အလုပ်တွေ အများကြီးလုပ်ရမယ်။ ကုသိုလ်အလုပ်တွေလည်း အများကြီးလုပ်ဖို့လိုသလို စောစောကပြောခဲ့တဲ့ ကျန်စစ်သား မင်းကြီးလို ကိုယ့်နိုင်ငံကို ဦးဆောင်ပြီး နိုင်ငံအတွက်၊ သာသနာအတွက် အကျိုးပြု လုပ်ငန်းတွေကို လုပ်သွားနိုင်အောင် ကြိုးစားကြရမယ်” စသည်ဖြင့် ပြောကြားပြီး စာသင် ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးတစ်ယောက်စီ ပြောပြကြပါစေ။ ကလေးများ၏ ထင်မြင် ယူဆချက်များအားလုံး ကို လက်ခံထားပါ။ ကလေးများအားလုံး ဖြေဆိုခွင့်ပေးပါ။