မဟာမြတ်မုနိဘုရားကြီး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၁။ မဟာမြတ်မုနိဘုရားကြီး (ကျောင်းသားကိုင်သို့)
339344ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၁၁။ မဟာမြတ်မုနိဘုရားကြီး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

မဟာမြတ်မုနိဘုရားကြီး

သင်ယူမှု့ဦးတည်ချက် ။ ။ မဟာမြတ်မုနိဘုရာကြီး အကြောင်းနှင့် စေတီဖူးမြော်ရခြင်းအကျိုးကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သိထား/ကြားထားဖူးသော စေတီပုထိုးနာမည်များကို ရွတ်ပြကြပါစေ။

֍ထိုစေတီများထဲမှ သင်ခဲ့ဖူးသော ရွှေတိဂုံစေတီနှင့် ရွှေစည်းခုံစေတီများအကြောင်း မေးပါ။ (မှတ်မိသလောက် ဖြေကြပါစေ။)

֍ဖြေဆိုလိုသူများ ရှိပါက အတန်းရှေ့သို့ ထွက်၍ ပြောပါစေ။

֍ပြီးလျှင် ဆရာက စေတီတစ်ခုချင်းစီ၏အကြောင်းကို ထပ်မံဖြည့်စွက် ရှင်းပြပေးပြီးနောက် အောက်ပါအတိုင်း ပြောပါ။

“အခု သားတို့၊ သမီးတို့ ပြောပြပေးသွားတဲ့ စေတီတွေမှာဆိုရင် စေတီအကြီးကြီး ရှိမယ်၊ အဲဒီစေတီကြီးကို ဝန်းရံထားတဲ့ စေတီငယ်လေးတွေ ရှိမယ်၊ ဘုရားရင်ပြင် ရှိမယ်၊ နတ်ရုပ် တွေ စသည်ဖြင့် အများကြီးရှိနိုင်တယ်။ အဲဒါအပြင် ဆရာပြောမသွားတဲ့ တခြားအချက် တွေလည်း အများကြီးရှိသေးတယ်။ အဲဒီတော့ နောက်ထပ် ဘာတွေများ ထပ်ရှိနိုင်ဦးမလဲ ဆိုတာကို သားတို့၊ သမီးတို့က အုပ်စုလိုက် ဆွေးနွေးပေးရမယ်။ အများဆုံးနဲ့ အမှန်ဆုံး စဉ်းစားပြနိုင်တဲ့ အုပ်စုက အနိုင်ရမှာနော်”။

֍ထို့နောက် ကလေးများအား အုပ်စုဖွဲ့၍ စဉ်းစားဆွေးနွေးကြပါစေ။

[သတိပြုရန် 1]

֍စဉ်းစားဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ်များမှ ၎င်းတို့အုပ်စု စဉ်းစားထားသည်များ ကို အတန်းရှေ့သို့ ထွက်၍ ပြောပြကြပါစေ။

֍အုပ်စုတစ်ခုပြောပြီးတိုင်း ကလေးများကို အားပေးချီးကျူးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မြန်မာနိုင်ငံမြေပုံ၊ မဟာမြတ်မုနိဘုရားပုံတော်။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများကို မေး၍ စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 2]

-သားတို့၊ သမီးတို့ အခုနေတဲ့နိုင်ငံက ဘာနိုင်ငံလဲ။
-မြန်မာနိုင်ငံမြေပုံကို မြင်ဖူးကြလား။
-အခု ဆရာတို့မြို့က မြေပုံထဲမှာဆိုရင် ဘယ်နေရာဖြစ်မလဲ။ (မြေပုံကိုပြ၍ မေးပါ။)

֍ဖြေဆိုလိုသူ ကလေးတစ်ဦးချင်းစီ ထွက်၍ဖြေပါစေ။ ကလေးများ၏အဖြေကို မှတ်သား ထားပါ။ ကလေးများ ဖြေဆိုပြီးသွားပါမှ ဆရာက နေရာမှန်ကို ပြောပြပေးပါ။

֍ဆက်လက်၍ “ပထမအချိန်တုန်းက သားတို့၊ သမီးတို့ ပြောသွားတဲ့ ရွှေတိဂုံစေတီကရော ဘယ်နားမှာရှိလဲ”။

֍ထပ်မံ၍ ကလေးများအဖြေကို မှတ်သားပါ။ ကလေးများ ဖြေဆိုပြီးပါမှ နေရာမှန်ကို ဆရာ က မြေပုံပေါ်တွင် ထောက်ပြပါ။

֍ထိုနည်းအတိုင်း ရွှေစည်းခုံစေတီ တည်ရှိရာနေရာကို ရွေးချယ်ပါစေ။

֍ပြီးလျှင် “မန္တလေး ဘယ်နားမှာရှိမယ်ထင်သလဲ”ဟု ဆက်မေးမြန်းပြီး မြေပုံပေါ်တွင် အဖြေရှာကြပါစေ။

֍ထို့နောက် ဆရာက မန္တလေးတည်နေရာကို ထောက်ပြပြီးလျှင် မန္တလေးရဲ့ ဘုရားစေတီ တွေထဲမှာ ဘယ်ဘုရားက အထင်ရှားဆုံးလဲ။ ကလေးများ ထင်သလို ဖြေဆိုပြီးပါမှ ဆရာက အောက်ပါအတိုင်း ဆက်၍ ရှင်းပြပေးပါ။

မဟာမြတ်မုနိဘုရားကြီး

[သတိပြုရန် 3]

“ဒီမန္တလေးမှာဆိုရင် (မြေပုံကို ထောက်၍) မဟာမြတ်မုနိဘုရားကြီးက အထင်ရှားဆုံးပဲ။ မဟာမြတ်မုနိဘုရားကြီးကို ရခိုင်ဘုရားကြီးလို့လည်း ခေါ်တယ်။ “ဘာ့ကြောင့် ရခိုင်ဘုရား ကြီးလို့ခေါ်တယ် ထင်သလဲ”ဟု မေး၍ ကလေးများအဖြေကို ခေတ္တစောင့်ဆိုင်းပါ။ ပြီးမှ မဟာ မြတ်မုနိဘုရားကြီးကို ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ မင်းအဆက်ဆက်ကိုးကွယ် ပူဇော်ခဲ့ ကြတာဖြစ်တဲ့အတွက်ကြောင့် ရခိုင်ဘုရားကြီးလို့ ခေါ်ရတာဖြစ်တယ်။ “ဒါဆိုရင် ရခိုင်ပြည်နယ် ဘယ်နားမှာလဲ ရွေးပြပါဦး”ဟု မေးကာ ကလေးများအဖြေကို မှတ်သားထားပါ။ ပြီးနောက် ဆရာက ဒီရခိုင်ပြည်နယ်ဘက်ကနေ မန္တလေးမြို့ တော် (အရင်ကတော့ အမရပူရလို့ ခေါ် တယ်) ဆီကို အမရပူရနေပြည်တော် ဘိုးတော်မင်းတရားကြီးရဲ့ သားတော်၊ အိမ်ရှေ့မင်းသား သီဟသူရက ပင့်ဆောင်လာခဲ့တာဖြစ်တယ်။ မဟာမြတ်မုနိဘုရားကြီး သို့မဟုတ် ရခိုင်ဘုရား ကြီးရဲ့ ဉာဏ်တော်အမြင့်က ၁၁ ပေ၊ ၆ လက်မရှိပြီး ပလ္လင်တော်က ၇ ပေ အမြင့် ရှိတယ်။

֍မဟာမြတ်မုနိဘုရား အကြောင်း ပြောပြီးပါက အောက်ပါမေးခွန်းများ မေးပါ။

-မဟာမြတ်မုနိဘုရားကို ဘာဘုရားလို့ ခေါ်ကြသေးလဲ။
-သားတို့၊ သမီးတို့ရော အဲဒီမဟာမြတ်မုနိဘုရားကြီးကို ဖူးဖူးကြလား။ (အကယ်၍ ဖူး ဖူးသူများ ရှိပါက ၎င်းတို့ အတွေ့ အကြုံကို ပြောပြပါစေ။)
-မဟာမြတ်မုနိဘုရားကြီးကို အားလုံး ဖူးချင်ကြလား။

֍ထို့နောက် မဟာမြတ်မုနိဘုရားပုံတော်ကို ပြ၍ ကလေးအားလုံး ဖူးကြပါစေ။ ဦးချကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ မဟာမြတ်မုနိဘုရားကြီးအကြောင်းလည်း နားထောင်ပြီးသွားပြီဆို တော့ အခု အုပ်စုဖွဲ့ပြီး ဆွေးနွေးကြရအောင်”ဟု ပြော၍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ပြီးလျှင် “သားတို့၊ သမီးတို့တွေကိုယ်တိုင် စေတီပေါ်ရောက်ရင် ဘာတွေလုပ်ကြမလဲဆိုတာ ကိုယ့်အုပ်စုနဲ့ကိုယ် ဆွေးနွေးကြပါ။ အချက်များများရအောင် ဆွေးနွေးနိုင်တဲ့အုပ်စုက အနိုင်ရမယ်”ဟု ပြောပါ။

֍ကလေးများ ဆွေးနွေးထားသည်များကို ပြန်လည်ပြောပြကြပါစေ။

֍ကလေးများ ဆွေးနွေးထားသည့် အချက်များထဲမှ ဆရာက သင့်လျော်သလို အနှစ်ချုပ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရွှေဝါရောင်နတ်သမီး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“စေတီပေါ်ရောက်ရင် ဘာတွေလုပ်ကြမယ်ဆိုတာကို ဆွေးနွေးပြီးသွားပြီ။ အခု စေတီကို တစ်ခါပဲ ... သွားပြီးဖူးမြော်လိုက်တာ ကောင်းကျိုးရသွားတဲ့ မိန်းကလေးတစ်ယောက် အကြောင်း သားတို့၊ သမီးတို့ကို ပြောပြမယ်”ဟု ဆိုကာ စာသင်ချိန်ကို စတင်ပါ။

֍ထို့နောက် အောက်ပါ ဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ရွှေဝါရောင်နတ်သမီး

ဟိုးရှေးရှေးတုန်းက သာယာကုန်းရွာလေးမှာ အလွန်ချမ်းသာကြွယ်ဝတဲ့ မိသားစု တစ်စု ရှိတယ်။ အဲဒီမိသားစုမှာ ရုပ်ရည်ချောမောလှပတဲ့ မိဝါဆိုတဲ့ သမီးလေးတစ်ယောက် ရှိတယ်။ သူဟာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့အပြင် ရုပ်ရည်ကလည်း ချောမောလှပတဲ့အတွက် မာနကြီးတဲ့သူတစ်ယောက် ဖြစ်တယ်။ ဘုရားမရှိခိုးချင်၊ ဘုရားစေတီတွေကို မသွားချင်၊ ဘုန်းကြီးကျောင်းလည်း မသွားချင်တဲ့ မိဝါအတွက် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်တဲ့ မိဘဆွေမျိုးတွေက စိတ်ဆင်းရဲနေကြတယ်။

မိဝါတို့ရွာရဲ့ အရှေ့ဘက်မှာ ရွှေရောင်ဝင်းနေတဲ့ စေတီတစ်ဆူလည်း ရှိတယ်။

စေတီလေးဟာ အချိန်တိုင်း ဘုရားရှိခိုးသူတွေ၊ ပန်းကပ်လှူသူတွေ၊ တရားထိုင်သူတွေ၊ ဘုရားစာရွတ်ဖတ်သူတွေနဲ့ စည်ကားနေလေ့ရှိတယ်။ မိဝါရဲ့ မိဘဆွေမျိုးတွေကလည်း အဲဒီ စေတီလေးကို နေ့စဉ်သွားပြီး သန့်ရှင်းရေးပြုလုပ်၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြတယ်။ သမီး ဖြစ်သူ မိဝါကို ခေါ်ပေမဲ့ မိဝါကတော့ ဘယ်တော့မှ မလိုက်ဘူး။

တစ်နေ့မှာ မိဝါတစ်ယောက် အပြင်းအထန် ဖျားတယ်။ ဆရာဝန်ခေါ်ပြီး ကုသပေမဲ့ မသက်သာဘူး။ နေ့စဉ်နေ့တိုင်း ရောဂါကြောင့် စိတ်ဆင်းရဲပြီး ငိုကြွေးနေရတယ်။ အဲဒီလို စိတ်ဆင်းရဲတော့မှ ရွာဦးက ရွှေရောင်ဝင်းနေတဲ့ စေတီတော်ကို အမှတ်ရမိတယ်။ စေတီတော် ကို သွားပြီး ရှိခိုးပူဇော်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်။ အဲဒီအကြောင်းကို သူ့မိဘတွေကို ပြောပြ တယ်။ မိဘတွေလည်း ဘုရားကျောင်းကန်ကို ဘယ်တုန်းကမှမလိုက်တဲ့ သမီးဖြစ်သူက စေတီ တော်ကို ဖူးချင်တယ်ဆိုတော့ အံ့ဩဝမ်းသာ ဖြစ်နေခဲ့ကြတယ်။ ဒါနဲ့ စေတီတော်ကို ပူဇော်လို့ ရအောင် ပန်းနံ့သာ၊ အမွှေးတိုင်၊ ဖယောင်းတိုင်တွေကို ပြင်ဆင်ပေးကြတယ်။

အားလုံး အဆင်သင့်ဖြစ်တဲ့အခါ မိဝါဟာ သူ့မိဘတွေနဲ့အတူ ရွာဦးစေတီတော်ကို သွားရောက်ဖူးမြော်တယ်။ စေတီပေါ်ကို ရောက်ရောက်ချင်း မိဝါရဲ့ စိတ်တွေ အေးချမ်းသွား တယ်။ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာသလိုဖြစ်ပြီး တက်ကြွလန်းဆန်းသွားတယ်။ ကြည်နူးပျော်ရွှင်နေပုံရတဲ့ သမီးမိဝါကို ကြည့်ပြီး မိဘတွေလည်း ပျော်ရွှင်ကြည်နူးနေကြ တယ်။ အိမ်ကနေ ယူလာခဲ့တဲ့ ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်တွေကို စေတီတော်မှာ ကြည် ကြည်နူးနူးနဲ့ ပူဇော်ကြတယ်။ မိဝါဟာ အဲဒီလို တစ်ကြိမ်တစ်ခါ လှူဒါန်းပူဇော်ခဲ့တဲ့ ကုသိုလ် ကောင်းမှုကြောင့် နောက်ဘဝမှာ ရွှေဝါရောင်အဝတ်အစားတွေနဲ့ ရွှေပြာသာဒ်ကြီးတစ်ခုကို ပိုင် ဆိုင်ရတဲ့ ချောမောလှပတဲ့ ရွှေဝါရောင်နတ်သမီးလေးတစ်ပါး ဖြစ်သွားခဲ့ပါတယ်။

မှတ်ချက် ။ ။ ဝိမာနဝတ္ထု၊ ပီတဝိမာနဝတ္ထု စသော စေတီတော်တွင် ပန်းလှူသဖြင့် အကျိုး ရရှိသောဝတ္ထုများကို ကလေးများနှင့် သင့်လျော်အောင် မှီငြမ်းရေးသား ထားခြင်း ဖြစ်ပါသည်။

֍ရှေ့စာသင်ချိန်များကို ပြန်လည်ချိတ်ဆက် ပြောပြပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ဆရာက စဉ်းစားချိန် ကို အဆင်ပြေသလို သတ်မှတ်ပေးရမည်။
  2. မြေပုံကို ချိတ်ဆွဲပြ ထားပါ။
  3. “ဒီ”ဟု ပြောသွားသော နေရာတွင် မြေပုံကို ထောက်ပြရမည်။