ကြိုးစားမှုသာ အဓိကပါ (ဆရာ)

339361ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၈။ ကြိုးစားမှုသာ အဓိကပါ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

ကြိုးစားမှုသာ အဓိကပါ

သင်ယူမှုဦးတည်ချက် ။ ။ ကောင်းသည့်အလုပ်ကိုလုပ်မည်ဟု ဆုံးဖြတ်ပြီးပါကဇွဲရှိရှိဖြင့် ဆက်လက် လုပ်ဆောင်တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများက မိမိတို့အရွယ်၌ ကိုယ်တိုင်လုပ်နိုင်သော အလုပ်များကို စဉ်းစား၍ ပြောကြ ပါစေ။ ကလေးများ ပြောသောအလုပ်များကို သင်ပုန်းပေါ်၌ ရေးပေးပါ။

[သတိပြုရန် 1]

֍ကလေးများပြောသော အလုပ်တစ်ခုချင်းကို ထောက်ပြ၍ ကောင်းသောအလုပ် ဟုတ်၊ မဟုတ်နှင့် အဘယ်ကြောင့် ကောင်း၊ မကောင်းကို ပြောပါစေ။

֍ဆရာက ကောင်းသော အလုပ်များကို (v) အမှတ်အသားပြ၍ မကောင်းသောအလုပ်များ ကို (x) အမှတ်အသား ရေးပေးပါ။

֍ထို့နောက် အောက်ပါကစားနည်းကို ကစားကြစေရန် ကလေးများ တစ်ဦးနှင့်တစ်ဦး မကပ် စေဘဲ လမ်းလျှောက်ကြပါစေ။

֍ဆရာပြောသော ညွန်ကြားချက်အတိုင်း ကလေးငယ်များ သရုပ်ဆောင်၍ လိုက်လုပ်ကြ ပါစေ။

-ကောင်းတဲ့အလုပ်ကို လုပ်မယ့်ကလေးများ လက်အုပ်ချီ၍ နှုတ်ဆက်ပါ။
-လမ်းပြန်လျှောက်ကြပါစေ။ မိဘစကား နားထောင်သူများ ဖြည်းဖြည်းခုန်ပါ။
-လမ်းပြန်လျှောက်ကြပါစေ။ ကျောင်းသန့်ရှင်းရေးပြုလုပ်သူများ သီချင်းဆိုနေပါ။
စသည်ဖြင့် ကောင်းတဲ့အလုပ် ဟု ယူဆရသော စာသားများကို ရွေးချယ်ပြီး ညွှန်ကြားချက် ပေးနိုင်ပါသည်။
ဤသို့ဖြင့် ကစားနည်းကို ဆက်လက်ကစားနိုင်ပါသည်။

֍ကစားပြီးလျှင် အောက်ပါမေးခွန်းများနှင့် ဆွေးနွေးပါ။

-သားတို့၊ သမီးတို့အနေနဲ့ ဒီကစားနည်းကို ကစားပြီးတော့ ဘယ်လိုခံစားရလဲ။
-ကောင်းတဲ့အလုပ်တွေထဲက ကလေးတို့ကိုယ်တိုင် လုပ်ဖူးတဲ့အလုပ်တွေက ဘာတွေလဲ။ ဘယ်နှကြိမ်လောက် လုပ်ဖူးသလဲ။
-ကလေးတို့ကိုယ်တိုင် လုပ်နိုင်ပေမဲ့ မလုပ်ဖြစ်သေးကဲ့ ကောင်းတဲ့အလုပ်တွေရော ရှိသလား။ ဘာတွေလဲ။ ဘာကြောင့်မလုပ်ဖြစ်တာလဲ။
-ကောင်းတဲ့အလုပ်တွေကို လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးမှ အခက်အခဲတွေနဲ့ ကြုံတွေ့ လာရင်ရော ကလေးတို့ ဘာဆက်လုပ်ကြမလဲ။ ဘာကြောင့်လဲ။

֍ဆရာက အောက်ပါအတိုင်း ရှင်းပြပါ။

“ကောင်းတဲ့အလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်ထားရင် အခက်အခဲတွေ ကြုံလာခဲ့ရင်တောင် ပြီးမြောက်အောင်မြင်သည်အထိ ဇွဲ၊ လုံ့လ စိုက်ထုတ်ပြီး အမြဲတမ်း ကြိုးစားလုပ်ဆောင်ရ မယ်။ ဒါမှသာ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ဘဝမှာ အောင်မြင်တဲ့လူတစ်ယောက် ဖြစ် လာနိုင်မယ်”။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရင်ကြီးနှင့်ပင့်ကူ ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

“အခု ဆရာက အလုပ်တစ်ခုကို ဇွဲကောင်းကောင်းနဲ့ လုပ်ဆောင်သွားတဲ့ ပင့်ကူလေး တစ်ကောင်အကြောင်းကို ပြောပြမယ်”ဟု နိဒါန်းပျိုး၍ အောက်ပါဇာတ်လမ်းကို စိတ်ဝင် စားဖွယ်ဖြစ်အောင် ပြောပါ။

ဘုရင်ကြီးနှင့်ပင့်ကူ

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်က ဘုရင်ကြီးတစ်ပါးဟာ တခြားတိုင်းပြည်တစ်ခုနဲ့ စစ်ဖြစ်ကြရင်း စစ်ရှုံးလို့ တောထဲကို ထွက်ပြေးလာရတယ်။ ဘုရင်ကြီးဟာ နောက်ကလိုက်လာ တဲ့ ရန်သူတွေလက်က လွတ်အောင်ပြေးရင်း ဂူကြီးတစ်ခုထဲကို ရောက်သွားတယ်။ နောက်က လိုက်လာတဲ့ ရန်သူတွေဟာ ဘုရင်ကြီးကို ရှာမတွေ့ တော့ ပြန်သွားကြတယ်။ ဘုရင်ကြီးလည်း မောမောနဲ့ အိပ်ပျော်သွားခဲ့တယ်။ အိပ်ရာကနိုးလာတဲ့အခါ ဘုရင်ကြီးဟာ သူ ရှုံးခဲ့တာကို ပြန် စဉ်းစားပြီး “ဘယ်လိုလုပ်ရပါ့မလဲ၊ အခု ငါတစ်ယောက်တည်းပဲ ရှိတော့တယ်။ ငါ့တိုင်းပြည်ကို ငါပြန်လိုချင်တယ်၊ ဒါပေမဲ့ ပြန်ရမှာ မဟုတ်တော့ပါဘူး”လို့ တွေးပြီး စိတ်ဓာတ်ကျနေတယ်။

အဲဒီအချိန်မှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူမျှင်တန်းလန်းနဲ့ ဂူအမိုးကနေ အောက်ကို ပြုတ်ကျလာတယ်။ မြေကြီးပေါ်မရောက်ခင်မှာ ရပ်သွားပြီး တန်းလန်းလေးဖြစ်နေ တယ်။ ပင့်ကူလေးဟာ ပင့်ကူမျှင်ကတစ်ဆင့် အပေါ်ကို ပြန်တက်တယ်။

֍ဇာတ်လမ်းပြောခြင်းကို ခဏရပ်ပြီး အောက်ပါအတိုင်း မေးမြန်းပါ။

-ပင့်ကူလေး အပေါ်ကို တက်နိုင်မယ်လို့ ထင်သလား။

֍ပြီးနောက် ဇာတ်လမ်းကို ဆက်ပြောပြပါ။

ပင့်ကူလေးဟာ နည်းနည်းပဲတက်နိုင်ပြီး ပြန်ပြုတ်ကျလာတယ်။ ပင့်ကူလေးဟာ ထပ် တက်ပြန်တယ်၊ ဒီတစ်ခါလည်း ပြန်ပြုတ်ကျလာပြန်တယ်။ နောက်တစ်ကြိမ် ထပ်တက်တယ်။ ပြုတ်ကျပြန်တယ်။

֍ဇာတ်လမ်းပြောခြင်းကို ခဏရပ်ပြီး အောက်ပါအတိုင်း မေးမြန်းပါ။

-ကလေးတို့သာ ပင့်ကူလေးဆိုရင် ဆက်တက်ဦးမှာလား၊ ဘာကြောင့်လဲ။

֍ပြီးနောက် ဇာတ်လမ်းကို ဆက်ပြောပြပါ။

ဘုရင်ကြီးဟာ ပင့်ကူလေးကို ကြည့်ပြီး ဒီလောက်သေးတဲ့ ပင့်ကူလေးဟာ အပေါ်ကို ဘယ်တက်နိုင်ပါ့မလဲဆိုပြီး ပင့်ကူလေးကို သနားနေတယ်။ အဲဒီအချိန်မှာပဲ အကြိမ်ကြိမ် ကြိုးစားနေတဲ့ ပင့်ကူလေးဟာ ဂူအမိုးပေါ်ကို ရောက်သွားတယ်။ ဘုရင်ကြီးဟာ ပင့်ကူလေးကို ကြည့်ပြီး အားတက်သွားခဲ့တယ်။ ပြီးတော့ “ဒီလောက်သေးတဲ့ ပင့်ကူလေးတောင် မဖြစ်နိုင်ဘူး ထင်ရတဲ့အလုပ်ကို ကြိုးစားရင် အောင်မြင်သေးတာပဲ။ ငါ့လို လူတစ်ယောက်လည်း ကြိုးစားရင် အောင်မြင်နိုင်တာပဲ။ ငါ့တိုင်းပြည်ကို ပြန်ရအောင် ကြိုးစားမယ်” ဆိုပြီး ဂူထဲက ထွက်၊ သူ့ရဲ့စစ်သားတွေကို ပြန်ရှာ၊ လက်နက်တွေ စုဆောင်းပြီး လက်နက်အင်အား၊ လူ အင်အား ပြည့်စုံတဲ့အခါ ရန်သူတွေကို ပြန်တိုက်လိုက်တာ နောက်ဆုံးမှာ သူ့တိုင်းပြည်ကို အောင်မြင်စွာ ပြန်လည်ရရှိသွားခဲ့ပါတယ်။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရင်ကြီးရဲ့ မျှော်လင့်ချက်က ဘာလဲ၊ (သူဘာဖြစ်ချင်တာလဲ)၊ အဲဒီမျှော်လင့်ချက် အတွက် သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်နေလဲ။ (ရမယ်လို့ထင်သလား။)
-ဘာကြောင့် ဘုရင်ကြီးရဲ့ စိတ်ထား ပြောင်းလဲသွားတာလဲ။
-ပင့်ကူလေးဟာ ဘာကြောင့် ဂူအမိုးပေါ် ပြန်တက်နိုင်တယ်လို့ ထင်သလဲ။
-ဘုရင်ကြီးက သူ့တိုင်းပြည်ကို ပြန်ရဖို့ ဘယ်လိုလုပ်ခဲ့ရသလဲ။
-ပင့်ကူလေးက ဘုရင်ကြီးကို ပေးလိုက်တဲ့သင်ခန်းစာက ဘာလဲ။

֍နောက်ဆုံးတွင် ဆရာက “မိမိဖြစ်ချင်တဲ့အရာတွေ ဖြစ်လာစေဖို့ လုပ်ဆောင်တဲ့အခါ ဘယ် လောက်ပဲ အခက်အခဲတွေ တွေ့ စေကာမူ ကြိုးစားလုပ်ဆောင်မည်ဆိုက အောင်မြင်မှုကို ရရှိနိုင်မှာ ဖြစ်တယ်” စသည်ဖြင့် ဖြည့်စွက်ပြောပြပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား ဘုရင်ကြီးနှင့်ပင့်ကူ ဇာတ်လမ်းပါ အကြောင်းအရာများကို ပြန်လည်၍ မေးမြန်းပါ။ ကလေးများ နားလည်သလို ပြောပါစေ။

֍ထို့နောက် ဆရာက အောက်ပါမေးခွန်းများဖြင့် ဆွေးနွေးပါ။

မေးခွန်း (က)

-(ပင့်ကူလေးကို မတွေ့ ခဲ့ဘဲ) ဘုရင်ကြီးဟာ “အခု ငါတစ်ယောက်ထဲပဲ ရှိတော့တယ်၊ ငါ့တိုင်းပြည်ကို ငါပြန်ရမှာ မဟုတ်တော့ပါဘူး”လို့ပဲ တွေးပြီး အမြဲ စိတ်ဓာတ်ကျ၊ စိတ် ညစ်နေမယ်ဆိုရင် ဘာဆက်လုပ်ဖြစ်မယ် ထင်သလဲ။

[သတိပြုရန် 2]

֍သင်ပုန်းပေါ်မှ အဖြေတစ်ခုစီကို ထောက်ပြ၍ အောက်ပါအတိုင်း ဆက်မေးပါ။

-ဘုရင်ကြီး အခုလိုလုပ်မယ်ဆိုရင် ကောင်းလား၊ မကောင်းဘူးလား။ ဘာကြောင့်လဲ။

မေးခွန်း (ခ)

-ပင့်ကူလေးကို တွေ့ပြီးတဲ့နောက် ဘုရင်ကြီးရဲ့ အတွေးတွေ ဘယ်လိုပြောင်းသွားလဲ။ ဘာဆက်လုပ်ခဲ့သလဲ။
-အဲဒီလုပ်ရပ်တွေကကော ကောင်းလား။ မကောင်းဘူးလား။ ဘာကြောင့်လဲ။
-ဒါဆိုရင် ကလေးတို့ရော ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ကို ဘယ်လိုခွဲခြား နိုင်မလဲ။

֍ထို့နောက် ဆရာက ဖြည့်စွက်ရှင်းပြပါ။

֍“ကောင်းတဲ့အလုပ်ဆိုတာ မိမိကိုယ်တိုင်နဲ့ တခြားသူတွေကို ထိခိုက်နစ်နာမူ မရှိစေဘဲ ကောင်းသောအကျိုးဆက်တွေ ပိုမိုရရှိစေတဲ့အလုပ် ဖြစ်တယ်၊ မကောင်းတဲ့အလုပ်ဆိုတာ မိမိကိုယ်တိုင်နဲ့ တခြားသူတွေအတွက် ထိခိုက်နစ်နာစေပြီး မကောင်းတဲ့အကျိုးဆက်တွေ ကို ပိုမိုဖြစ်ပေါ်စေသောအလုပ် ဖြစ်တယ်။ ဒါကြောင့် ကိုယ်တစ်ခုခု လုပ်တော့မယ်ဆိုရင် ကောင်းတဲ့အလုပ်လား၊ မကောင်းတဲ့အလုပ်လားဆိုတာကို ကွဲကွဲပြားပြားသိအောင် အရင် ဆုံးလုပ်ရမယ်။ ကွဲပြားသွားပြီဆိုရင်တော့ ကိုယ်လုပ်ရမယ့်အလုပ်ဟာ ဘယ်လောက်ပဲ ခက်ခဲပါစေ ဇွဲရှိရှိနဲ့ အောင်မြင်တဲ့အထိ လုပ်ဆောင်ကြရမယ်”။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါခေါင်းရွက်ကစားနည်းကို ကလေးများ ပျော်ရွှင်စွာ ဆော့ကစားကြပါစေ။

֍ခေါင်းရွက်ကစားနည်းကို ဆရာက ရှင်းပြပါ။

ခေါင်းရွက်ကစားနည်း

ကလေးများကို ဦးရေတူညီသော အုပ်စု (၂) စု သို့မဟုတ် (၃) စု ဖွဲ့ပါ။ အုပ်စုဝင်များကို တန်းစီ၍ရပ်စေပြီး စာအုပ်တစ်အုပ်စီကို ခေါင်းပေါ်တွင် ရွက်ထားရ မည်။ စာအုပ်ကို လက်နှင့်မကိုင်မိစေရန် လက်များကို ပိုက်ထားရမည်။ ကစားပွဲစတင်လျှင် ရှေ့ဆုံးမှ လူတစ်ဦးချင်းစီသည် မိမိတို့၏မူလနေရာမှ သတ်မှတ် ထားသည့် နေရာသို့ရောက်အောင် အမြန်ဆုံးသွားရမည်။ ရှေ့ဆုံးကလူ သတ်မှတ် နေရာရောက်ပြီးမှ ဒုတိယလူက ဆက်၍ သတ်မှတ်နေရာသို့ ရောက်အောင်သွားရ မည်။ ပြီးလျှင် တတိယလူများ၊ စတုတ္ထလူများ ... စသည်ဖြင့် လူဦးရေကုန်သည် အထိ သတ်မှတ်နေရာသို့ ရောက်အောင် အမြန်ဆုံးသွားရမည်။

[သတိပြုရန် 3]

သတ်မှတ်နေရာသို့ သွားရာလမ်းတွင် မိမိ၏ခေါင်းပေါ်မှ စာအုပ်ပြုတ်ကျပါက ထို နေရာတွင်ရပ်၍ စာအုပ်ကို ခေါင်းပေါ်ပြန်တင်၊ လက်ပိုက်ပြီးမှ ဆက်၍သွားရမည်။ အရင်ဆုံး သတ်မှတ်နေရာသို့ ရောက်သည့်အုပ်စုက အနိုင်ရမည်။

֍ကစားနည်းကို ကလေးများအားလုံး ပါဝင်ကစားကြပါစေ။

֍ကစားပြီးပါက အောက်ပါမေးခွန်းများနှင့် ဆွေးနွေးပါ။

ကစားပွဲ မစတင်မီက သားတို့၊ သမီးတို့ရဲ့ စိတ်ထဲမှာ ဘာဖြစ်ချင်နေသလဲ။ အဲဒီလို ခံစားရတဲ့အခါ သားတို့၊ သမီးတို့ ဘယ်လိုလုပ်မယ်လို့ စဉ်းစားထားခဲ့သလဲ။ (တအုပ်ပြုတ်ကျသူရှိလျှင်) စာအုပ်ပြုတ်ကျတဲ့အခါ စိတ်ထဲမှာ ဘယ်လိုခံစားရ သလဲ။ ဆက်ပြီး ကစားချင်စိတ် ရှိသေးလား။ အဲဒီအခါ ဘာဆက်လုပ်ခဲ့လဲ။

ကိုယ့်အဖွဲ့ မနိုင်တော့ဘူးလို့ ထင်တဲ့အခါ ဘယ်လိုခံစားရသလဲ။ အဲဒီလိုခံစားရတဲ့ အခါ ဘယ်လိုဆက်လုပ်ခဲ့သလဲ။

֍ကလေးများ ဖြေဆိုပြီးနောက် ဆရာက အောက်ပါအတိုင်း ဖြည့်စွက်ရှင်းပြပြီး အဆုံး

သတ်ပါ။

“ကစားတဲ့အခါ စာအုပ်ပြုတ်ကျမလိုဖြစ်တာ၊ စာအုပ်ပြုတ်ကျတာ စတဲ့ အခက်အခဲတွေ တွေ့ ရသလိုပဲ ဘဝမှာ သားတို့၊ သမီးတို့ ဖြစ်ချင်တာတွေဖြစ်လာဖို့ ကြိုးစားတဲ့အခါမှာ လည်း အခက်အခဲတွေ တွေ့ လာနိုင်တယ်ဆိုတာ သိထားရမယ်။ ဘယ်လိုအခက်အခဲနဲ့ ပဲကြုံကြုံ ဇာတ်လမ်းထဲမှာပါတဲ့ ပင့်ကူလေးရဲ့ ဇွဲရှိရှိနဲ့လုပ်ဆောင်ပုံကို အတုယူပြီး ကိုယ် ဖြစ်ချင်တဲ့ ကောင်းတဲ့အလုပ်မှန်သမျှကို အောင်မြင်အောင် လုပ်ဆောင်ကြရမယ်”။

  1. အဖြေများများရရန် ဆရာက တိုက်တွန်းပါ။
  2. ကလေးများ၏အဖြေကို သင်ပုန်းပေါ်တွင် ရေးပေးပါ။
  3. ကစားနေစဉ် ကလေးများ၏ ကြိုးစား လုပ်ဆောင်သည့် အပြုအမူများကို ဆရာကလေ့လာထားပါ။