သန့်ရှင်းရေး (ဆရာ)

339362ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၉။ သန့်ရှင်းရေး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉)

သန့်ရှင်းရေး

သင်ယူမှုဦးတည်ချက် ။ ။ သန့်ရှင်းရေးပြုလုပ်ရခြင်း၏အကျိုးကျေးဇူးကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ သန့်ရှင်းရေး ကဗျာ၊ အမှိုက်ကောက်မယ် ကဗျာ၊ အမှိုက်ပုံး။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ ရှေ့နှစ်တွေကသင်ခဲ့တဲ့ ငှက်ပျောသီးခွံဇာတ်လမ်းထဲက အောင်အောင့် အကြောင်းကို ဘယ်သူ ပြန်ပြောပြနိုင်သလဲ”ဟု မေး၍ ဦးစွာ လက်ညှိုးထောင်သူ ကလေး (၂) ဦးခန့်က ပြောပြကြပါစေ။

[သတိပြုရန် 1]

֍ထို့နောက် “ပတ်ဝန်းကျင်ကိုသန့်ရှင်းပါ ဆိုတဲ့ဇာတ်လမ်းကိုရော မှတ်မိကြသေးလား။ အဲဒီ ဇာတ်လမ်းထဲမှာ ကျွန်းပေါ်ကလူတချို့ဟာ အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ပြီး ညစ် ညစ်ပတ်ပတ်နေလို့ ကျွန်းစောင့်နတ်တွေ စိတ်ဆိုးပြီး ကျွန်းကို ရေလွှမ်းအောင် လုပ်ပစ် လိုက်တယ်လေ။ မှတ်မိကြလား” စသည်ဖြင့် အစဖော် ပြောပြပေးပြီးလျှင် နောက်ထပ် ကလေး (၂) ဦးခန့်က ပြောပြကြပါစေ။

֍ထို့နောက် ပထမတန်း၊ သင်ခန်းစာ (၁၃) နှင့် ဒုတိယတန်း၊ သင်ခန်းစာ (၁၈)တွင် သင်ခဲ့ ပြီးသော အောက်ပါကဗျာများကို အမူအရာနှင့်တကွ ကလေးများအားလုံး ပြိုင်တူရွတ်ဆိုကြပါစေ။

သန့်ရှင်းရေး

အမှိုက်တစ်စ တွေ့ ရှိက၊
ချက်ချင်းကောက်လိုက်ကြ။
သန့်ရှင်းကြမှ တို့ဝန်းကျင်၊
လှပရောဂါစင်။
မြင်မြင်သမျှ ကြည်လင်အေး၊
စုပေါင်းသန့်ရှင်းရေး။

အမှိုက်ကောက်မယ်

ဒူးကလေးကို ကွေးပြီး လက်ကလေး ဆန့်လိုက်ပါ။
ပုကွကွနဲ့ အမှိုက်ကောက်ရတာ ပျော်စရာပဲကွာ။
ခါးကလေးကိုဆန့်ပြီး အမှိုက်ပုံးရှာစို့ကွာ။
အပြေးကလေးသွားလို့ အမှိုက်ပစ်ကြမယ်။
ဂုဏ်ယူစရာပဲကွာ ... ဟား .. ဟား .. ဟား ။

[သတိပြုရန် 2]

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ တံမြက်စည်းလှည်းသော ရဟန်းတော်လေး ဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ ပြောပြသွားတဲ့ ဇာတ်လမ်းတွေထဲမှာက အမှိုက်ကို စနစ်တကျ မစွန့်ပစ်လို့၊ အမှိုက်ပစ်တဲ့နေရာမှာ စည်းကမ်းမရှိလို့၊ မိမိပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း မထား လို့ ဒုက္ခရောက်ခဲ့ရတဲ့သူတွေရဲ့ အဖြစ်အပျက်တွေပဲ ဖြစ်တယ်။ အခု ဒီတစ်ချိန်မှာတော့ တံမြက်စည်းလှည်းတဲ့ ရဟန်းတော်လေးတစ်ပါး အကြောင်းကို ပြောပြမယ်” စသည်ဖြင့် အစချီပြီး အောက်ပါဇာတ်လမ်းကို ပြောပြပါ။

[သတိပြုရန် 3]

တံမြက်စည်းလှည်းသော ရဟန်းတော်လေး

ဟိုးရှေးရှေးတုန်းက အလွန်သာယာတဲ့ တောအုပ်လေးထဲမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ရှိတယ်။ ကျောင်းဝင်းထဲမှာ စေတီငယ်လေးတစ်ဆူနဲ့ ဗောဓိညောင်ပင်တစ်ပင် လည်း ရှိတယ်။ သစ်ပင်တွေက အများကြီးဆိုတော့ သစ်ရွက်အမှိုက်တွေက ရှင်းလို့မကုန်နိုင် ဘူး။ လာရောက်နေထိုင်တဲ့ ရဟန်းတော်တွေဟာ အမှိုက်တွေကို နေ့တိုင်း မလှည်းနိုင်ကြဘူး။ တစ်ခါတလေမှပဲ လှည်းဖြစ်ကြတယ်။ ဒါကြောင့် ကျောင်းဝင်းတစ်ခုလုံးနဲ့ စေတီရင်ပြင်ပေါ်မှာ အမှိုက်တွေကို နေ့တိုင်း တွေ့ နေရတယ်။ တောအုပ်ထဲမှာနေတဲ့ နတ်တွေဟာ တံမြက်စည်း မလှည်းကြလို့ ကျောင်းမှာနေတဲ့ ရဟန်းတွေကို မချစ်ခင်ကြဘူး။ သန့်သန့်ရှင်းရှင်း မနေတတ် တဲ့သူတွေဆိုပြီး လေးလည်း မလေးစားကြဘူး။

တစ်နေ့မှာတော့ ရဟန်းငယ်တစ်ပါး ရောက်လာတယ်။ ရဟန်းငယ်လေးဟာ သန့်သန့် ရှင်းရှင်း နေတတ်တယ်။ သူနေတဲ့ ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းရေး အမြဲလုပ်တယ်။ မိုးလင်းတာနဲ့ ကျောင်းဝင်းတစ်ခုလုံးကို တံမြက်စည်းလှည်းတယ်။ စေတီရင်ပြင်နဲ့ ဗောဓိပင် ဝန်းကျင်ကိုလည်း သန့်ရှင်းရေးလုပ်တယ်။ အဲဒီရဟန်းတော်လေး ရောက်လာတာနဲ့ တော ကျောင်းလေးဟာ သန့်ရှင်းသပ်ရပ်ပြီး ကြည်နူးစရာ ဖြစ်လာခဲ့တယ်။ နတ်တွေကလည်း ထူးခြားနေတဲ့ တောကျောင်းလေးကို ကြည့်ပြီး အံ့ဩမိကာ နှစ်သက်ကျေနပ်နေကြတယ်။ နတ်တွေဟာ နေ့တိုင်းနေ့တိုင်း တံမြက်စည်းလှည်း၊ သန့်ရှင်းရေးလုပ်တဲ့ ရဟန်းတော်လေးကို လည်း ချစ်ခင်လေးစားလာကြတယ်။

တစ်နေ့မှာ ရဟန်းတော်လေးဟာ စေတီတော်၊ ဗောဓိပင်နဲ့ ကျောင်းဝင်းတစ်ခုလုံးကို တံမြက်စည်းလှည်း၊ သန့်ရှင်းရေးလုပ်ပြီး ရေချိုးသွားခဲ့တယ်။ နတ်သား၊ နတ်သမီးတွေဟာ “ဒီ ရဟန်းတော်လေးလို နေ့တိုင်း တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်သူ မရှိခဲ့ဖူးဘူး”ဟု ဆိုကာ ချစ်ခင်လေးစားတဲ့အနေနဲ့ ရဟန်းတော်လေးကို ပန်းပွင့်တွေနဲ့ ပူဇော်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နေ့စဉ်နေ့တိုင်း တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်တဲ့ ရဟန်းတော်လေးကို နတ်တွေက လေးစားချစ်ခင်ပြီး ပြုစုစောင့်ရှောက်သွားကြပါတော့တယ်။

မှီငြမ်း ။ ။ သမ္မဇ္ဇကဘိက္ခုဝတ္ထု၊ စူဠဝါ အဋ္ဌကထာ။

အောက်ပါမေးခွန်းများကို မေးပါ။

-တောအုပ်ထဲမှာ ဘာတွေရှိလဲ။
-တံမြက်စည်းမလှည်းတဲ့ ရဟန်းတွေကို နတ်တွေက ချစ်ကြလား။
-တောကျောင်းလေးကို ဘယ်သူရောက်လာလဲ။
-ရဟန်းတော်လေးဟာ နေ့တိုင်း ဘာလုပ်သလဲ။
-တံမြက်စည်းလှည်းတဲ့ ရဟန်းတော်လေးကို ဘယ်သူတွေက ချစ်ခင်ကြသလဲ။
-တံမြက်စည်းမလှည်းဘဲ ဒီအတိုင်းထားရင် ဘာဖြစ်နိုင်မလဲ။
-တံမြက်စည်းလှည်းလိုက်ရင် ဘာဖြစ်နိုင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ တံမြက်စည်းလှည်းရကျိုး လင်္ကာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား ပထမတန်း၊ သင်ခန်းစာ (၁၃) တွင် သင်ပြီးခဲ့သော တံမြက်စည်းလှည်းခြင်း၏ အကျိုးများကို မေးကြည့်ပါ။

֍ကလေးများ မမှတ်မိလျှင် ဆရာက ပြန်လည်ပြောပြပါ။

တံမြက်စည်းလှည်းခြင်း၏အကျိုး

ဉာဏ်ကောင်းခြင်း၊
မိမိရော သူတစ်ပါးပါ စိတ်ကြည်လင်ခြင်း၊
လူများ၊ နတ်များက ချစ်ခင်ခြင်း၊
နတ်ပြည်သို့ ရောက်ခြင်း။

֍“အဲဒီအကျိုးကျေးဇူးတွေကို ရှေးပညာရှိတွေက လင်္ကာဖွဲ့ဆိုထားတာ ရှိတယ်။ အဲဒီလင်္ကာ ကို ဆိုကြရအောင်”ဟု ပြောပြီး အောက်ပါလင်္ကာကို ရွတ်ဆိုတတ်သည်အထိ သင်ပေးပါ။

တံမြက်စည်းလှည်းရကျိုး

သူ့စိတ် ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်။
နတ်တို့ ချစ်လျက်၊
နှစ်သက်ပျော်ရွှင်။
လှကြောင်း ကံနှင့်၊
နတ်ဖြစ်ဂုဏ်ရှင်။
တံမြက်လှည်း၊
ရမြဲကျိုးငါးအင်။ ။

֍ထို့နောက် “အခု ဒီ တံမြက်စည်းလှည်းတဲ့ ရဟန်းတော်လေး ဇာတ်လမ်းကို ပြန်ဖတ်ပြီး တံမြက်စည်းလှည်းခြင်းဟာ ဘယ်လိုအကျိုးတွေ ရနိုင်လဲဆိုတာ ရှာကြည့်ကြပါဦး”ဟု ပြော၍ ဇာတ်လမ်းပါ အကျိုးတရားများကို ရှာကြည့်ကြပါစေ။

֍ရှာဖွေထားသည်များကို ကလေး (၃) ဦးခန့်က ပြောပြကြပါစေ။

֍ထို့နောက် ဇာတ်လမ်းပါအကျိုးတရားများအပြင် အောက်ပါအကျိုးတရားများလည်း ရရှိနိုင်ကြောင်း ပြောပြပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

-စိတ်ကြည်လင်ချမ်းမြေ့ခြင်း၊
-အရေပြားရောဂါများ ပျောက်ကင်းခြင်း၊
-စိတ်တည်ကြည်ခြင်း၊
-အမျက်ဒေါသ နည်းပါးခြင်း၊
-စိတ်ထားကောင်းခြင်းနှင့်
-အဆင့်အတန်းမြင့်သောဘဝကိုရရှိခြင်း စသော အကျိုးတရားများ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍အုပ်စုတိုင်းမှ အုပ်စုကိုယ်စားလှယ် မိန်းကလေး (၁) ဦး နှင့် ယောက်ျားလေး (၁) ဦးစီ ရွေး ထားကြပါစေ။

֍ဘုရားဝင်း၊ ဘုန်းကြီးကျောင်းဝင်းတွင် သန့်ရှင်းရေးပြုလုပ်လျှင် ရရှိလာမည့် ကောင်းကျိုး များနှင့် သန့်ရှင်းရေးမပြုလုပ်လျှင် ရရှိလာမည့် ဆိုးကျိုးများကို အုပ်စုလိုက် စဉ်းစားဆွေး နွေးကြပါစေ။

֍ထို့နောက် မိမိတို့ စဉ်းစားဆွေးနွေးထားသည်များကို အုပ်စုကိုယ်စားလှယ် (၂) ယောက်စီ က ပြောပြကြပါစေ။

֍ကလေးများ ပြောကြားရာတွင် အောက်ပါအချက်အလက်များ မပါလျှင် ဆရာက ဖြည့်စွက် ပြောပြပေးပါ။

ဘုရားဆင်း၊ ဘုန်းကြီးကျောင်းဝင်းတွင်သန့်ရှင်းရေးပြုလုပ်လျှင်ရရှိလာမည့်ကောင်းကျိုးများ

၁။ ဘုရားဝင်း၊ ဘုန်းကြီးကျောင်းဝင်းသို့ လာရောက်သူများ စိတ်ချမ်းမြေ့ကြည်လင်စွာ လာရောက်နိုင်သည်။
၂။ စိတ်အေးချမ်းသာစွာ တရားထိုင်ခြင်း၊ ဘုရားရှိခိုးခြင်း ပြုလုပ်နိုင်သည်။
၃။ လေကောင်းလေသန့်ကို အားပါးတရ ရှူရှိုက်နိုင်သည်။
၄။ အမှိုက်ရှင်းထားသောနေရာတွင် ကလေးများ ပျော်ရွှင်စွာ ဆော့ကစားနိုင်သည်။
၅။ ကိုရင်လေးများ ပျော်ရွှင်စွာ စာပေလေ့လာနိုင်သည်။

ဘုရားဝင်း၊ ဘုန်းကြီးကျောင်းဝင်းတွင်သန့်ရှင်းရေး မပြုလုပ်လျှင် ရရှိလာမည့် ဆိုးကျိုးများ

၁။ အမှိုက်များ ရှုပ်ပွနေသောကြောင့် တရားထိုင်၊ ဘုရားရှိခိုးသူများ စိတ်အနှောင့်အယှက် ဖြစ်နိုင်မည်။
၂။ အမှိုက်များမှ အနံ့အသက်ဆိုးများ ထွက်မည်။
၃။ အမှိုက်များအတွင်း ကြွက်၊ ခြင်၊ ယင်များ ရှိနေမည်။
၄။ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် ဝမ်းရောဂါများ ဖြစ်နိုင်မည်။
၅။ အမှိုက်မှတစ်ဆင့် မီးလောင်နိုင်မည်။

֍နောက်ဆုံးတွင် ဆရာက အောက်ပါအတိုင်း ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

“ဘုရားဝင်း၊ ဘုန်းကြီးကျောင်းဝင်းတို့သာမက ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်း အောင် ပြုလုပ်ဖို့ ဆရာတို့အားလုံးမှာ တာဝန်ရှိတယ်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင် သန့် ရှင်းနေခြင်းဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေသလို လူနေမှုအဆင့်အတန်းကို လည်း မြင့်မားစေတယ်။ အမှိုက်တွေနဲ့ ညစ်ပတ်၊ ရှပ်ပွနေတဲ့နေရာမှာလည်း ဘယ်သူမှ နေချင်မှာမဟုတ်ဘူး။ မိမိနေရာ၊ ပတ်ဝန်းကျင် သန့်ရှင်းနေခြင်းဟာ မိမိရဲ့ စိတ်ကိုလည်း ကြည်လင်စေတယ်။ လူအများရဲ့ စိတ်ကိုလည်း ကြည်လင်မှု ဖြစ်စေတယ်။ သန့်ရှင်းရေး ပြုလုပ်သူကို လူ၊ နတ်အပေါင်းတို့ကလည်း ချစ်ခင်တယ်။ ဒါကြောင့် ဆရာတို့၊ သားတို့၊ သမီးတို့ဟာ မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင် အမြဲပြုလုပ်ကြရမယ်”။

  1. အကယ်၍ ကလေးများ မေ့နေလျှင် ဆရာက အစဖော် ပြောပြပေးပါ။
  2. ဤကဗျာကို ရွတ်ဆို စဉ်တွင် ကလေးများအား အခန်းတွင်းရှိ အမှိုက်များအား ကောက်စေပါ။
  3. သရုပ်ဖော်ပုံများပြ၍ ဇာတ်လမ်းကို ပြောပြပေးပါ။