ညီညီညွတ်ညွတ် နေကြမယ် -စ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၇။ ညီညီညွတ်ညွတ် နေကြမယ်(ကျောင်းသားကိုင်သို့)
348325ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂၇။ ညီညီညွတ်ညွတ် နေကြမယ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

သင်ခန်းစာခေါင်းစဉ်။ ။ ညီညီညွတ်ညွတ် နေကြမယ်

သင်ယူမှုဦးတည်ချက်။ ။ စည်းလုံးညီညွတ်စွာ နေထိုင်ခြင်း၏အကျိုးကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ အပင်အမည်များ ရေးထားသော စာရွက်ငယ်လေးများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို အပင်အမည်များ ရေးထားသော စာရွက်ပိုင်းလေးများ ဝေပေး၍ အစအက္ခရာတူရာ အပင်အမည် များဖြင့် တစ်ဖွဲ့လျှင် ငါးဦးပါသော အုပ်စုများ ဖွဲ့ကြပါစေ။ (ဥပမာ-ကံ့ကော်၊ ကုက္ကို၊ ကျွန်း၊ ကြံ၊ ကညွတ်၊ ခရေ၊ ခရမ်း၊ ဂေါ်ရခါး၊ အင်ကြင်း၊ အင်ပင်၊ အုန်းပင် စသည့် အက္ခရာမျိုးစုံပါသော အပင်အမည်များ)

֍ ထို့နောက် အောက်ပါ မေးခွန်းတစ်ခုချင်းစီကို အုပ်စုလိုက် အလှည့်ကျ စဉ်းစားဆွေးနွေး တင်ပြကြပါစေ။

-သက်တမ်းအရှည်ဆုံးအပင်က ဘယ်အပင်ဖြစ်မလဲ။ ဘာကြောင့်လဲ။
-လူတွေအတွက် အကျိုးအပြုဆုံးအပင်က ဘယ်အပင်ဖြစ်မလဲ။ ဘာကြောင့်လဲ။

֍ ကလေးများအားလုံးကို မျက်စိမှိတ်ထားစေပြီး “သားတို့သမီးတို့အားလုံး မျက်စိထဲမှာ ပန်းဥယျာဉ်ကြီးတစ်ခုကို မြင်ကြည့်ကြပါ။ ပန်းဥယျာဉ်ထဲမှာဆိုရင် အနီရောင်၊ အဝါရောင်စတဲ့ ရောင်စုံပန်းကလေးတွေ၊ မြက်ခင်းစိမ်းစိမ်း လေးတွေနဲ့ လှပနေတယ်လို့ မြင်ကြည့်ကြပါ။ ဒါ့အပြင် အရိပ်ရအပင်ကြီးတွေနဲ့ ဥယျာဉ်ကြီး အတွင်းမှာလည်း အေးမြနေတယ်လို့ ခံစားကြည့်ကြပါ”ဟု ပြောပါ။

֍ ပြီးနောက် မျက်စိများကို ပြန်ဖွင့်စေပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။

-အကယ်၍ ပန်းဥယျာဉ်ကြီးထဲမှာ ရောင်စုံပန်းကလေးတွေမရှိရင် ဥယျာဉ်ကြီးဟာ ရှုချင်စဖွယ် လှပနေပါ့မလား။
-ရောင်စုံပန်းကလေးတွေတော့ရှိပြီး အရိပ်ရအပင်တွေ မရှိရင်ရော ဥယျာဉ်ကြီး ပြည့်စုံပါ့မလား။ ဘာကြောင့်လဲ။
-လေပြင်းတိုက်တဲ့အချိန်မှာ တစ်ပင်တည်း ထီးထီးကြီးရှိနေတဲ့အပင်ဟာ ဘယ်လိုဖြစ်သွားနိုင်မလဲ။
-လေပြင်းတိုက်တဲ့အချိန်မှာ အစုလိုက် စုစည်းတည်ရှိနေတဲ့ အပင်တွေကရော ဘယ်လိုဖြစ်သွားမလဲ။

֍ ကလေးများ၏ အဖြေအပေါ် မူတည်၍ “အပင်တွေအားလုံးမှာ ကိုယ်စီအလှတရားတွေ၊ တန်ဖိုးတွေရှိကြတယ်။ အဲဒီလို အလှတရားတွေရှိတဲ့၊ တန်ဖိုးရှိတဲ့ အပင်တွေအားလုံး ပေါင်းစုတည်ရှိမှသာ တကယ့်ကို သာယာဖွယ် ကောင်းတဲ့ အလှတရားက ပိုပြီးပေါ်လွင်မှာ ဖြစ်တယ်” စသည်ဖြင့် ပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ စည်းလုံးခြင်းအင်အား ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။

စည်းလုံးခြင်း အင်အား

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်က တောအုပ်ကြီးတစ်ခုမှာ နေထိုင်တဲ့နတ်တွေကို အုပ်ချုပ်ဖို့ ဝေဿ ဝဏ်လို့ခေါ်တဲ့ နတ်မင်းအသစ်တစ်ပါး ရောက်လာတယ်။ တစ်နေ့မှာ အဲဒီ ဝေဿဝဏ်နတ်မင်းက ရုက္ခစိုးနတ် (သစ်ပင်စောင့်နတ်) တွေကိုခေါ်ပြီး “ဒီနေ့ကစပြီး သင်တို့နှစ်သက်ရာ သစ်ပင်တွေကို ရွေးချယ်နေထိုင်နိုင်ကြတယ်” လို့ နေထိုင်ခွင့် ပြုလိုက်တယ်။

ရုက္ခစိုးနတ်တွေထဲက ပညာရှိတဲ့ ရုက္ခစိုးနတ်တစ်ပါးဟာ သူ့ရဲ့ဆွေမျိုးတွေ၊ အပေါင်းအဖော်တွေကို “သင်တို့ ဟာ လွင်ပြင်မှာရှိတဲ့ သစ်ပင်တွေမှာ မနေကြနဲ့။ ငါနဲ့အတူ တောထဲမှာပဲ တစ်စုတစ်စည်းထဲ နေကြပါ”လို့ ဆုံးမတယ်။ အဲဒီအခါမှာ စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့ ရုက္ခစိုးနတ်တွေဟာ ပညာရှိရဲ့ စကားကို နားထောင်ပေမဲ့ တချို့ကတော့ နားမထောင်ကြဘဲ “တောထဲမှာနေလို့ ဘာမှအကျိုးမရှိဘူး။ မြို့ နားရွာနား နီးနီးနေမှ လူတွေပူဇော်ပသတဲ့ လာဘ် လာဘ၊ လှူဖွယ်ပစ္စည်းတွေကို ရမှာပေါ့။ ဒါကြောင့် မြို့နားနီးနီး နေကြစို့”လို့ ဆိုပြီး မြို့နားရွာနားက ကွင်းပြင်ကျယ်မှာ ရှိတဲ့ သစ်ပင်ကြီးတွေကိုသာ ရွေးချယ်ပြီး နေကြတယ်။

အဲဒီလို မြို့ နားရွာနားက သစ်ပင်တွေမှာနေတော့ လူတွေနဲ့နီးနေတဲ့အတွက် ကလေးတွေက သစ်ပင်ပေါ် တက်ဆော့ကြတယ်။ ထင်းအဖြစ်သုံးဖို့ ကိုင်းလာချိုးကြသူတွေလည်း ရှိတယ်။ ပြီးတော့ သစ်ပင်ရင်းမှာ အညစ်အကြေးစွန့်ကြသူတွေလည်း ရှိတယ်။ ရုက္ခစိုးနတ်တွေက သူတို့မျှော်လင့်သလို လာဘ်လာဘ၊ လှူဖွယ်ပစ္စည်းတွေ အများကြီးမရဘဲ စိတ်ညစ်စရာတွေကိုသာ တွေ့နေရတော့တယ်။ တောထဲက ရုက္ခစိုးတွေကတော့ အေးအေးချမ်းချမ်း နေကြရတယ်။

ဒီလိုနဲ့ နေလာရင်း မိုးဥတုတစ်ရက်မှာ မုန်တိုင်းကြီး ကျရောက်လာတယ်။ လေက အလွန်ပြင်းထန်စွာ တိုက်ခတ်တဲ့အတွက် မြို့နားရွာနား ကွင်းပြင်မှာရှိတဲ့ သစ်ပင်တွေဟာ အကိုင်းအခက်တွေ ကျိုးကုန်ကြတယ်။ အမြစ်ကြီးများ စွဲမြဲစွာရှိနေတဲ့ သစ်ပင်ကြီးတွေတောင် လဲပြိုကုန်တယ်။ ဒါပေမဲ့ တောထဲက သစ်ပင်တွေကတော့ တစ်ပင်နဲ့တစ်ပင် စုပေါင်းညီညွတ်စွာ အမှီအတွယ်ရှိနေကြတဲ့အတွက် ပျက်စီးမှု အလွန်နည်းပါးတယ်။

မုန်တိုင်းပြီးသွားတော့ မုန်တိုင်းဒဏ်ကြောင့် သစ်ပင်တွေ ပြိုလဲသွားလို့ နေထိုင်စရာ ဗိမာန် မရှိတော့တဲ့အတွက် မြို့နားက သစ်ပင်တွေမှာနေတဲ့ ရုက္ခစိုးနတ်တွေအားလုံး တောထဲကို ပြန်ရောက်လာခဲ့ကြတယ်။ တောထဲမှာ နေတဲ့ ရုက္ခစိုးနတ်တွေက ဒုက္ခသည် ရုက္ခစိုးနတ်တွေကို ကောင်းမွန်စွာ လက်ခံကူညီကြတယ်။ ပညာရှိရုက္ခစိုးနတ်က “လောကမှာ အဆွေအမျိုးများခြင်းဟာ ကောင်းကျိုးတစ်ပါး ဖြစ်တယ်။ ဒီလိုပဲ တောမှာဖြစ်တဲ့ သစ်ပင်ဆိုတာလည်း များများစုနေမှ ကောင်းတယ်။ တစ်ပင်တည်းရှိနေတဲ့ သစ်ပင်ဟာ ဘယ်လောက်ပဲကြီးကြီး လေပြင်းတိုက်ရင် လဲနိုင်တယ်။ ဒါကြောင့် ညီညီညွတ်ညွတ်နေမှသာ ချမ်းသာခြင်းကို ရနိုင်တယ်”လို့ ဆုံးမစကား ပြောဆိုပါတယ်။

မှီငြမ်း။ ။ ရုက္ခဓမ္မဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ။ ၃၀၄။ ဇာ၊ဋ္ဌ၊၁၊၃၄၆။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-နတ်မင်းကြီးက ရုက္ခစိုးနတ်တွေကို ဘယ်လို ခွင့်ပြုလိုက်သလဲ။
-ပညာရှိ ရုက္ခစိုးနတ်က ဘယ်လို ဆုံးမသလဲ။
-ပညာရှိစကားကို နားမထောင်တဲ့ ရုက္ခစိုးနတ်တွေက ဘယ်လို ပြန်ပြောသလဲ။
-မြို့နားရွာနားမှာ နေထိုင်တဲ့ ရုက္ခစိုးနတ်တွေ ဘယ်လို ဒုက္ခကို ခံစားကြရသလဲ။
-မုန်တိုင်းကျရောက်တဲ့အခါမှာ သူတို့နေထိုင်တဲ့သစ်ပင်တွေ ဘယ်လို ဖြစ်ကုန်သလဲ။
-တောထဲက ရုက္ခစိုးနတ်တွေ နေထိုင်တဲ့ သစ်ပင်တွေဟာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးကြသလား။ ဘာကြောင့်လဲ။
-ပညာရှိရုက္ခစိုးနတ်က ဒုက္ခသည်ရုက္ခစိုးနတ်တွေကို ဘယ်လိုဆုံးမလိုက်သလဲ။
-ဒီဇာတ်လမ်းကနေ သားတို့သမီးတို့ ဘဝအတွက် ဘာသင်ခန်းစာ ရလိုက်သလဲ စသည့်မေးခွန်းများကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊ စည်းလုံးခြင်း အင်အား တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါတေးကဗျာကို ရွတ်ဆိုစေခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

စည်းလုံးခြင်းအင်အား

မိုးဦးမိုးအခါ ဝင်ရောက်လာ
မိုးသက်မုန်တိုင်း ပြင်းထန်စွာ
ကွဲလွဲသစ်ပင် အဖော်မဲ့ကာ
ကြီးမားအမြစ်တွယ် စွဲမြဲစွာ
ရှိပေမဲ့လေ ခံနိုင်အား လဲပြိုပျက်စီးသွား
ပေါင်းစပ်ယှက်နွှယ် ညီညီညာ တောထဲသစ်ပင်ပမာ

စည်းလုံးခြင်းရဲ့ တို့အင်အား ကောင်းကျိုးဆင့်ကာပွား။ ။

֍ ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့၍ စာရွက်လွတ်များ ဝေပေးပါ။

֍ ထို့နောက် “သားတို့သမီးတို့ကို စည်းလုံးညီညွတ်စွာ နေထိုင်ရမယ်၊ နေထိုင်သင့်တယ် ဆိုတာကို ပြောပြပြီးသွား ပြီ။ ဒီတော့ စည်းလုံးညီညွတ်စွာ နေထိုင်မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ၊ စည်းလုံးမှုမရှိ ရင်ရော ဘယ်လို ဒုက္ခဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို စဉ်းစားကြရမယ်။ ပြီးရင် သင်ပုန်းမှာ ဆွဲပြထားတဲ့ ပုံအတိုင်း စာရွက်ပေါ်မှာ ချရေးကြရမယ်”ဟု ဆိုကာ သင်ပုန်းပေါ်တွင် အောက်ပါပုံကို ဆွဲပြပါ။ ဆွဲထားသော ပုံအတိုင်း အုပ်စု အသီးသီးက ဆွေးနွေးတင်ပြကြပါစေ။

စည်းလုံးမှုရှိလျှင် ရရှိလာမည့် အကျိုးကျေးဇူးများ စည်းလုံးမှုမရှိလျှင် ရရှိလာမည့် ဆိုးကျိုးများ

֍ ကလေးများ ဆွေးနွေးတင်ပြသွားသည်များကို မှတ်သားထားပြီး “စည်းလုံးညီညွတ်မှု မရှိလျှင် ဆိုးကျိုးများစွာ ရရှိ နိုင်တယ်၊ စည်းလုံးညီညွတ်မှုရှိလျှင် ကောင်းကျိုးများစွာ ရနိုင်တဲ့အတွက် သားတို့သမီးတို့ဟာ စည်းစည်းလုံးလုံး နေထိုင်ကြရမယ်”ဟု ပြော၍ အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ညီညွတ်ခြင်းအကြောင်းတရားခြောက်ပါးကို ရေးထားသော ကတ်ပြား။

သင်ယူမှုလုပ်ငန်းစဉ်

֍ “စည်းလုံးညီညွတ်အောင် ဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာ ပြောခဲ့ပြီးပြီ။ အခု မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ အောက်ပါ ညီညွတ်ခြင်းအကြောင်းတရား ခြောက်ပါးကို အဖွဲ့ခြောက်ဖွဲ့ခွဲပြီး ဆွေးနွေးကြရအောင်”ဟု ပြော၍ တစ်ဖွဲ့လျှင် တစ်ပါးစီကို အောက်ပါ အချက်နှစ်ချက် ပါဝင်စေလျက် ဆွေးနွေးကြပါစေ။

-မြတ်စွာဘုရားက ဘာကြောင့် ဒီညီညွတ်ခြင်း အကြောင်းတရားကို ဟောခဲ့တယ် ထင်သလဲ။

-ဒီအကြောင်းတရားနဲ့ မညီညွတ်ရင် ဘာဖြစ်မယ် ထင်သလဲ။

ညီညွတ်ခြင်း အကြောင်းတရား ခြောက်ပါး

၁။ ကိုယ်အမူအရာဖြင့် အချင်းချင်း ချစ်ခင်ကြင်နာခြင်း၊
၂။ နှုတ်အပြောအဆိုဖြင့် အချင်းချင်း ချစ်ခင်ကြင်နာခြင်း၊
၃။ စိတ်အတွေးအကြံဖြင့် အချင်းချင်း ချစ်ခင်ကြင်နာခြင်း၊
၄။ အချင်းချင်း ဝေမျှသုံးစွဲခြင်း၊
၅။ အကျင့်သီလ တူညီအောင် အားထုတ်ခြင်း၊
၆။ အယူဝါဒ တူညီအောင် အားထုတ်ခြင်း။ (အံ၊၂၊၂၅၆။) (မ၊၁၊၃၉၆။)

֍ ဆွေးနွေးထားသည်များကို အုပ်စုကိုယ်စားလှယ်တစ်ဦးက အတန်းရှေ့သို့ ထွက်ပြောကြပါစေ။

֍ နောက်ဆုံးတွင် လူအများနှင့် စုပေါင်းလုပ်ဆောင်ရသော အလုပ်မှန်သမျှ ညီညီညွတ်ညွတ် လုပ်ဆောင်မှသာ အောင်မြင်နိုင်ကြောင်းနှင့် ကလေးများလည်း တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် နေထိုင်ပြုမူရမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပြီး သင်ခန်းစာကို အဆုံးသတ်ပါ။