သန့်ရှင်းစေချင် တို့ဝန်းကျင် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၆။ သန့်ရှင်းစေချင် တို့ဝန်းကျင်(ကျောင်းသားကိုင်သို့)
348324ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂၆။ သန့်ရှင်းစေချင် တို့ဝန်းကျင်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၆)

သင်ခန်းစာခေါင်းစဉ်။ ။ သန့်ရှင်းစေချင် တို့ဝန်းကျင်

သင်ယူမှုဦးတည်ချက်။ ။ မိမိနေထိုင်သည့်ဝန်းကျင်ကို ချစ်တတ်ပြီး သန့်သန့်ရှင်းရှင်း နေထိုင်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများမေး၍ စာသင်ချိန်ကို စတင်ပါ။

-သားတို့သမီးတို့ နေ့တိုင်း သွားလာနေထိုင်တဲ့ နေရာတွေက ဘယ်နေရာတွေလဲ။
(ကလေးများပြောသမျှကို ဆရာက မှတ်တမ်းတင်ထားပါ။)
-ဘယ်နေရာတွေက သန့်ရှင်းပြီး၊ ဘယ်နေရာတွေက ညစ်ပတ်နေလဲ၊ ဘာကြောင့်လဲ။
-ကိုယ်နေ့တိုင်းသွားလာနေတဲ့ နေရာတွေမှာ ညစ်ပတ်နေရင် ဘယ်လိုခံစားရသလဲ၊ သန့်ရှင်းနေရင်ရော ဘယ်လိုခံစားရသလဲ။

֍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ “ဘယ်နေရာမှာ နေချင်လဲ၊ ဘာကြောင့်လဲ”ဆိုတာကို အုပ်စုတွင်း ဆွေးနွေးကြပါစေ။

֍ အုပ်စုတွင်းဆွေးနွေးထားသည်များကို ပြန်လည်ပြောပြကြပါစေ။

֍ ကလေးများ ဆွေးနွေးထားသည်များထဲမှ ဆရာက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ ရုပ်ပုံများကိုကြည့်စေပြီး သိချင်သော မေးခွန်းများကို ကလေးများကိုယ်တိုင် မေးကြ ပါစေ။ (ဆရာက မေးခွန်းများကို ချက်ချင်း အဖြေမပေးဘဲ သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။)

֍ သန့်ရှင်းစေချင်တို့ဝန်းကျင် ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။

သန့်ရှင်းစေချင် တို့ဝန်းကျင်

တစ်ခါတုန်းက စာပေကျမ်းဂန်တွေ သင်ယူချင်တဲ့ ကိုရင်လေးတစ်ပါးဟာ တောရွာလေး တစ်ရွာကနေ မြို့ပေါ်ကို တက်လာခဲ့တယ်။ သူဟာ မြို့ကဘုန်းကြီးကျောင်းကို ရောက်တော့ အဲဒီဘုန်းကြီးကျောင်းမှာ ဓမ္မစကူးလ် တက်ဖို့ ကျောင်းလာအပ်တဲ့သူတွေနဲ့ တွေ့တယ်။ အဲဒီလို လာအပ်ကြတဲ့သူတွေထဲမှာ သူရ၊ ခိုင်ခိုင်၊ ကိုဖြိုး၊ ဇော်ဇော်၊ ချောချောတို့က သူတို့အိမ်တွေကို ဆွမ်းခံကြွဖို့ ပင့်ဖိတ်ကြတယ်။ အဲဒါနဲ့ နောက်နေ့ ဆွမ်းခံကြွတော့ ပထမဆုံး သူရတို့နေတဲ့ လမ်းထဲကို ကြွခဲ့တယ်။ လမ်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ လမ်းထိပ်မှာရှိတဲ့ အမှိုက်ပုံမှာ ယင်ကောင် တွေ တဝီဝီနဲ့ အနံ့ကလည်း နံစော်နေတယ်။ အပင်တွေကလည်း ကျိုးတိုးကျဲတဲနဲ့ တစ်လမ်းလုံး အရိပ်မရှိဘူး။ သူရတို့ခြံထဲမှာလည်း အမှိုက်တွေ ပွနေတယ်။ အမှိုက်တွေနဲ့ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကြောင့် ကိုရင်လေးလည်း စိတ်တွေမကြည်မလင် ဖြစ်သွားတယ်။

သူရတို့အိမ်က ထွက်ပြီးတော့ နောက်တစ်လမ်းမှာရှိတဲ့ ခိုင်ခိုင်တို့အိမ်ကို ဆွမ်းခံဆက်ကြွပါတယ်။ လမ်းထိပ်မှာ အမှိုက်ပုံတော့မရှိဘူး၊ ဒါပေမဲ့ တစ်လမ်းလုံး အမှိုက်တွေပွပြီး ခွေးချေးတွေက ဟိုနေရာတစ်ပုံ၊ ဒီနေရာတစ်ပုံနဲ့ လမ်းတောင် ဖြောင့်အောင် လျှောက်လို့မရဘူး။ ကိုရင်လေးလည်း သည်းခံပြီး ခိုင်ခိုင်တို့အိမ်ကို ဝင်သွားတော့ ပလတ် စတစ်အိတ်ခွံတွေ ဟိုတစ်စ ဒီတစ်စနဲ့ အမှိုက်တွေရော ခွေးချေးတွေပါ တွေ့ရတာကြောင့် ခပ်မြန်မြန်ပဲ ပြန်ထွက်လာ ခဲ့တယ်။

ကိုရင်လေးဟာ ဆွမ်းခံဆက်ထွက်ဖို့ စိတ်မပါတော့ပေမဲ့လည်း ပင့်ဖိတ်ထားသူတွေအပေါ် ဝတ္တရားကျေချင် တာကြောင့် ကိုဖြိုးတို့လမ်းထဲကို ရင်တထိတ်ထိတ်နဲ့ ဝင်လာခဲ့တယ်။ လမ်းထိပ်ကနေပြီး လှမ်းကြည့်လိုက်တော့ ကိုဖြိုးတို့လမ်းဟာ သန့်ရှင်းနေတာကို တွေ့ရတာကြောင့် အံဩသွားတယ်။ လမ်းဘေး ဝဲယာမှာ အပင်ရိပ်လည်း ရှိတယ်။ လမ်းလေးကလည်း ဖြူးနေတော့ ကိုဖြိုးတို့အိမ်ကို ရောက်မှန်းမသိ ရောက်လာခဲ့တယ်။ ခြံထဲမှာလည်း အမှိုက်တွေမရှိ၊ အိမ်ထဲမှာလည်း သန့်ရှင်းသပ်ရပ်နေတော့ စိတ်ချမ်းသာသွားတယ်။ နောက်နေ့တွေမှာလည်း ကိုဖြိုး တို့အိမ်ကို အမြဲတမ်း ဆွမ်းခံကြွဖို့ ဆုံးဖြတ်လိုက်တယ်။

ကိုရင်လေးလည်း စိတ်ကြည်ကြည်လင်လင်နဲ့ ကိုဖြိုးတို့အိမ်က ထွက်လာပြီးနောက်တစ်လမ်းမှာရှိတဲ့ ချော ချောတို့အိမ်ကို လာခဲ့တယ်။ ချောချောတို့လမ်းကလည်း ကိုဖြိုးတို့လမ်းလိုပဲ သစ်ပင်ရိပ်များနဲ့ သန့်ရှင်းနေတော့ ကိုရင်လေး စိတ်တွေ ပိုပြီးကြည်လင်သွားတယ်။ ချောချောတို့ခြံထဲမှာ သစ်ပင် ပန်းပင်တွေနဲ့ အိမ်လေးကလည်း ကြည်နူးစရာ လှပတယ်။ သစ်ပင် ပန်းပင်တွေရှိပေမဲ့ သစ်ရွက်ခြောက်တွေမရှိ၊ အမှိုက်သရိုက်တွေမရှိဘဲ သန့်ရှင်း နေတယ်။ အိမ်ထဲမှာလည်း သန့်ရှင်းပြီး သပ်ရပ်နေတယ်။ အိမ်ပေါက်ဝမှာ အမှိုက်ပုံးထားပြီး အမှိုက်တွေကို စနစ် တကျ စွန့်ပစ်ကြတယ်။ ချောချောလေးဟာ သူကစားပြီးတဲ့ အရုပ်တွေကို သေချာပြန်ပြီး သိမ်းနေတာကိုလည်း တွေ့လိုက်ရတော့ ကိုရင်လေးက စိတ်ချမ်းသာသွားပြီးနောက်နေ့တွေမှာ ချောချောအိမ်ကိုလည်း ဆွမ်းခံကြွရမယ်လို့ တွေးနေတယ်။

ကိုရင်လေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဇော်ဇော်တို့အိမ်ကို ဆက်ပြီး ဆွမ်းခံကြွလာတယ်။ ကိုဖြိုးနဲ့ ချောချောတို့ လမ်းလိုပဲမှတ်ပြီး စိတ်ချလက်ချနဲ့ ဝင်လာလိုက်တာ ဇော်ဇော်တို့ လမ်းထဲလည်းရောက်ရော ငှက်ပျောခွံတက်နင်းမိလို့ ချော်လဲသွားတယ်။ ကိုရင်လေး ချော်လဲတဲ့ အသံကြောင့် ဇော်ဇော်တို့မိသားစု အပါအဝင် လမ်းထဲက လူတွေရော၊ ဘေးပတ်ဝန်းကျင်က လူတွေရော ထွက်ကြည့်ကြတယ်။ ကိုရင်လေး ချော်လဲပြီး ဒူးမှာ ဒဏ်ရာရသွားတာကို ဇော်ဇော် က တွေ့လိုက်တော့ သူတို့လမ်းထဲမှာ စည်းကမ်းမရှိ အမှိုက်ပစ်လို့ လမ်းက မသန့်ရှင်းတဲ့အတွက် ကိုရင်လေး ချော်လဲ ရတယ် ဆိုပြီး စိတ်မကောင်း ဖြစ်သွားတယ်။ အဲဒီအချိန် သူငယ်ချင်းတွေ အကုန်လုံးက ဇော်ဇော်ကို ကျောင်းသွားဖို့ လာခေါ်တော့ ကိုရင်လေးရဲ့ အဖြစ်အပျက်ကို တွေ့သွားကြတယ်။

ကိုရင်လေးကို သူတို့သူငယ်ချင်းတွေ အားလုံးစုပြီး ဘုန်းကြီးကျောင်းလိုက်ပို့ကြတယ်။ ဘုန်းကြီးကျောင်း ရောက်တော့ ကိုရင်လေးကို ဇော်ဇော်က တောင်းပန်တယ်။ သူတို့လမ်းမှာ စည်းကမ်းမရှိ အမှိုက်ပစ်ပြီး ပတ်ဝန်းကျင် မသန့်ရှင်းလို့ ချော်လဲရတာပါ၊ နောက်ဆို စည်းကမ်းတကျနဲ့ အမှိုက်ပစ်ပါ့မယ်၊ ကိုယ့်လမ်း၊ ကိုယ့်ရပ်ရွာ ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင်လုပ်ပါ့မယ်၊ နောက်နေ့တွေမှာလည်း သူတို့အိမ်ကို ဆက်ပြီး ဆွမ်းခံကြွပေးပါလို့ တောင်းပန်တယ်။ သူရနဲ့ ခိုင်ခိုင်တို့က သူတို့ရဲ့လမ်းတွေကလည်း မသန့်ရှင်းတဲ့အတွက် ကိုရင်လေးဆွမ်းခံကြွဖို့ စိတ်ညစ်နေမှာ စိုးပြီး ဇော်ဇော်လိုပဲ တောင်းပန်ကြတယ်။ ကိုရင်လေးလည်း စိတ်ချမ်းသာသွားပြီး “စိတ်မပူပါနဲ့၊ နောက်နေ့တွေလည်း သူငယ်ချင်း ငါးယောက်စလုံးရဲ့ အိမ်ကို ဆွမ်းခံကြွမှာပါ”လို့ မိန့်လိုက်တော့ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်သွား ကြတယ်။

֍ ဇာတ်လမ်းဖတ်ပြီးလျှင် ကလေးများထုတ်ထားသော မေးခွန်းများကို တင်ပြစေ၍ ဆရာနှင့် အပြန်အလှန် ဆွေးနွေးပါ။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်တွေက ဘယ်သူတွေလဲ။
-ကိုရင်လေးက ဘာကြောင့် မြို့ကို လာတာလဲ။
-ကိုရင်လေး ပထမဆုံး ဆွမ်းခံကြွတဲ့ အိမ်က ဘယ်သူ့အိမ်လဲ။
-ဘယ်သူတွေနေတဲ့လမ်းက ညစ်ပတ်နေတာလဲ။
-ကိုရင်လေးက ဘယ်သူတွေရဲ့ အိမ်ကို ဆွမ်းခံကြွဖို့ ဆုံးဖြတ်လိုက်တာလဲ။ ဘာကြောင့်လဲ။
-သားတို့သမီးတို့သာ ကိုရင်လေးဆိုရင် ဘယ်နေရာတွေကို ဆွမ်းခံကြွမှာလဲ။
-သူရတို့ အိမ်ပတ်ဝန်းကျင်လို ညစ်ပတ်တဲ့နေရာတွေ ရောက်ဖူးလား။ ဘယ်လို ခံစားရသလဲ။
-ချောချောတို့ အိမ်ပတ်ဝန်းကျင်လို သန့်ရှင်းတဲ့နေရာတွေ ရောက်ဖူးလား။ ဘယ်လိုခံစားရသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများ မှတ်မိအောင် စာသင်ချိန် (၂)ကို ပြန်လည်ချိတ်ဆက်ပြောပြပါ။

֍ “သားတို့သမီးတို့ အခု ဇာတ်လမ်းလေးကို ဖတ်ပြီးသွားပြီဆိုတော့ အုပ်စုဖွဲ့ ဆွေးနွေးကြရအောင်”ဟု ပြော၍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ ထို့နောက် “ဇာတ်လမ်းထဲက ဇော်ဇော်၊ သူရနဲ့ ခိုင်ခိုင်တို့ရဲ့ အိမ်နဲ့လမ်းဟာ ဘာကြောင့် အခုလို ညစ်ပတ်နေတာ လဲ။ အဲဒီလိုညစ်ပတ်နေတဲ့အတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်နိုင်သလဲ”ဟု မေးကာ ကလေးများ အုပ်စု လိုက် စဉ်းစားဆွေးနွေးကြပါစေ။

֍ အုပ်စုတွင်း ဆွေးနွေးထားသည်များကို အုပ်စုကိုယ်စားလှယ်တစ်ယောက်က ပြန်လည် ပြောပြကြပါစေ။

֍ ကလေးများ ဆွေးနွေးထားသော အချက်များပေါ်မူတည်၍ ဆရာက အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ သန့်ရှင်းရေး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကိုယ်နေထိုင်တဲ့ ရပ်ရွာပတ်ဝန်းကျင် သန့်ရှင်းအောင်လုပ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိလဲ။ တာဝန်ရှိသူတွေ အနေနဲ့ ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာကို ဆရာက ကလေးများနှင့် အပြန်အလှန်ဆွေးနွေးပါ။

֍ “သားတို့သမီးတို့ နေတဲ့ဝန်းကျင် သန့်ရှင်းအောင် ဘာတွေလုပ်ကြမလဲ”ဟူသော မေးခွန်းကို အောက်ပါခေါင်းစဉ် များဖြင့် အုပ်စု (၅) စုဖွဲ့ပြီး ဆွေးနွေးကြပါစေ။

-အုပ်စု (၁) တစ်ဦးချင်း
-အုပ်စု (၂) မိသားစု
-အုပ်စု (၃) စတုတ္ထတန်း ကျောင်းသူ ကျောင်းသားများ
-အုပ်စု (၄) ဓမ္မစကူးလ် ကျောင်းသူ ကျောင်းသားများ
-အုပ်စု (၅) ရပ်ကွက်သူ ရပ်ကွက်သားများ

֍ ကလေးများအားလုံး ဆွေးနွေးပြီးလျှင် အုပ်စုကိုယ်စားလှယ် တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

֍ ထို့နောက် ပတ်ဝန်းကျင်သန့်ရှင်းရေး ကဗျာကို ကလေးအားလုံး ရွတ်ဆိုစေပြီး ဆရာက သင်ယူမှုဦးတည်ချက် အတိုင်း အနှစ်ချုပ်ပါ။

သန့်ရှင်းရေး

အမှိုက်တစ်စ တွေ့ရှိက၊
ချက်ချင်းကောက်လိုက်ကြ။
သန့်ရှင်းကြမှ တို့ဝန်းကျင်၊
လှပရောဂါစင်။
မြင်မြင်သမျှ ကြည်လင်အေး၊
စုပေါင်းသန့်ရှင်းရေး။