ပညာရှိခေါင်းဆောင်ကောင်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၀။ ပညာရှိခေါင်းဆောင်ကောင်း(ကျောင်းသားကိုင်သို့)
348328ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၃၀။ ပညာရှိခေါင်းဆောင်ကောင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၀)

သင်ခန်းစာခေါင်းစဉ်။ ။ ပညာရှိ ခေါင်းဆောင်ကောင်း

သင်ယူမှုဦးတည်ချက်။ ။ ပညာရှိသူအား ဆည်းကပ်ကိုးကွယ်ရမည်ကို သိရှိစေရန်နှင့် ပညာရှိခေါင်း ဆောင်ကောင်း၏ အပြုအမှုများကို အတုယူတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ ခေါင်းဆောင်ရှာကစားနည်းဖြင့် သင်ခန်းစာကို စတင်ပါ။

-ကလေးများအားလုံး စက်ဝိုင်းပုံစံ ရပ်နေကြပါစေ။ ထို့နောက် ခေါင်းဆောင်ရှာမည့် ကလေးတစ်ယောက်ကို ဆရာက မဲလိပ်နှိုက်၍ ရွေးချယ်ပါ။ ခေါင်းဆောင်ရှာမည့် ကလေးအား စက်ဝိုင်းပုံစံရပ်နေသော ကလေးများကို မမြင်နိုင်လောက်သော နေရာတွင် နေပါစေ။ စက်ဝိုင်းပုံရပ်နေသော ကလေးများထဲမှ တစ်ယောက်က အမူအရာ တစ်ခုကို ဦးဆောင်ပြုလုပ်ပြီး ကျန်ကလေးများက ထိုအမူအရာအတိုင်း လိုက်လုပ်ပါစေ။ ထိုသို့ အမူအရာ တစ်ခုကို ပြုလုပ်နေစဉ်တွင် ခေါင်းဆောင်ရှာမည့် ကလေးကို စက်ဝိုင်းအတွင်းသို့ ဝင်လာစေပြီး ဦးဆောင်ပြုလုပ်သူကို ရှာပါစေ။ (ဦးဆောင်ပြုလုပ်သူက ခေါင်းဆောင်ရှာနေသည့် ကလေးမသိအောင် အမူအရာအမျိုးမျိုးကို ပြောင်းလဲပြုလုပ်ပါစေ။)

֍ ကစားပြီးသောအခါ “ဒီကစားနည်းကနေ ဘာတွေသိရှိသွားသလဲ”ဟု ကလေးများကို မေးမြန်းဆွေးနွေးပါ။

֍ ထို့နောက် အောက်ပါမေးခွန်းများကို ကလေးများအား တစ်ခုချင်းစီ မေးမြန်းဆွေးနွေး၍ ကလေးများ ပြောဆိုသောအချက်များကို သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပါ။

-ခေါင်းဆောင်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်သလဲ။
-ပညာရှိဆိုတာ ဘယ်လိုလူမျိုးလဲ။
-ပညာမဲ့ဆိုတာဘယ်လိုလူမျိုးလဲ။

֍ ကလေးများနှင့် ပြောဆိုဆွေးနွေးပြီးသောအခါ ဆရာက ခေါင်းဆောင်တွေထဲမှာ ပညာရှိတဲ့ခေါင်းဆောင်တွေ ရှိသလို ပညာမဲ့တဲ့ခေါင်းဆောင်တွေလည်း ရှိတယ်။ နောက်စာသင်ချိန်မှာတော့ ပညာရှိခေါင်းဆောင် တစ်ယောက်အကြောင်းကို ဆက်လက်ဆွေးနွေးကြမည်ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများ ဇာတ်လမ်းကို ဖတ်ကြပါစေ။

ပညာရှိ ခေါင်းဆောင်ကောင်း

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စဉ်က ပညာရှိခေါင်းဆောင် ခွေးမင်းဟာ အခြွေအရံနောက် လိုက် ဆွေမျိုးခွေးများနဲ့အတူ သင်္ချိုင်းတစ်ခုမှာ နေထိုင်ခဲ့ပါတယ်။

တစ်နေ့မှာ မင်းကြီး ဥယျာဉ်ကစားထွက်ရာက ပြန်လာတော့ မိုးတွေ ရွာနေတဲ့အတွက် ရထားမှာ ကာရံထား တဲ့ သားရေပြား၊ သားရေကြိုးတွေဟာ ရေနူးပြီးပွကုန်တယ်။ သားရေအနံ့တွေလည်း ထွက်လာတယ်။ အဲဒီအနံ့တွေကြောင့် နန်းတော်ထဲမှာရှိတဲ့ ခွေးတွေဟာ အဲဒီသားရေတွေကို လာပြီးစားပစ်လိုက်ကြတယ်။

နန်းတွင်းသားတွေကလည်း မင်းကြီးကို ကြောက်တဲ့အတွက် “နန်းတော်အပြင်က ခွေးတွေ စားပစ်လိုက် ကြပါတယ်” ဆိုပြီး မင်းကြီးကို လျှောက်ထားကြတယ်။ ဒါနဲ့ မင်းကြီးက “နန်းတော်ပြင်ပက ခွေးအားလုံးကို သတ်စေ” ဆိုပြီး အမိန့်ပေးလိုက်တယ်။ နန်းတွင်း အလုပ်သမားတွေဟာ နန်းတော်အပြင်မှာရှိတဲ့ ခွေးတွေကို လိုက်သတ်ကြတယ်။ တစ်တိုင်းပြည်လုံးက ခွေးတွေဟာ သေမှာကြောက်လန့်နေကြတဲ့အတွက် ဒုက္ခများနေခဲ့ကြတယ်။ နောက်ဆုံးမှာ ခွေးမင်းရှိရာ သင်္ချိုင်းကို လာရောက်စုဝေးကြတယ်။ ခွေးမင်းကို ကူညီပေးဖို့ တောင်းပန်ပြောကြားကြတယ်။

ခွေးမင်းက “ငါ့ရဲ့ အခြံအရံနောက်လိုက် ဆွေမျိုးတွေကို အသက်ဘေးက ကယ်တင်မယ်” ဆိုတဲ့ ဆုံးဖြတ် ချက်ကို ချခဲ့တယ်။ အဲဒီနောက် အများအကျိုးဆောင်ရွက်လိုတဲ့ဆန္ဒနဲ့ မေတ္တာဘာဝနာပွားကာ “ငါ့ကို ဘယ်သူမှ အန္တရာယ် မပြုနိုင်ပါစေနဲ့” လို့ အဓိဋ္ဌာန်ပြုရင်း မြို့တွင်းသို့ ဝင်လာခဲ့တယ်။

နန်းတော်ကို ရောက်တဲ့အခါမှာ မင်းကြီးစံမြန်းတဲ့နေရာအောက်သို့ ပြေး၍ ဝပ်ခဲ့တယ်။ အဲဒီအခါ မင်းချင်းတွေ က ခွေးမင်းကို ရိုက်ပုတ်နှင်ထုတ်မယ်လို့ ပြုလုပ်ဆဲမှာ မင်းကြီးက ဝင်ရောက် တားမြစ်ခဲ့တယ်။ အဲဒီနောက် ခွေးမင်း က ခေတ္တအပန်းဖြေပြီး မင်းကြီးရှေ့ကို ထွက်လာခဲ့တယ်။ ပြီးတော့ မင်းကြီးကို ရှိခိုးပြီး “အရှင်မင်းကြီး ... နန်းတော်ပြင်က ခွေးအားလုံးကို သတ်စေဆိုတဲ့အမိန့် အရှင်မင်းကြီး ပေးထားပါသလား” ဟု မေးလျှောက်ခဲ့တယ်။ မင်းကြီးကလည်း ဟုတ်မှန်ကြောင်း ဝန်ခံတယ်။ ဒါနဲ့ ခွေးမင်းက သတ်မိန့်ပေးရတဲ့ အကြောင်းရင်းကို ထပ်မံ မေးလျှောက်တော့ မင်းကြီးက “ရထားသားရေတွေကို နန်းတော်ပြင်ပက ခွေးတွေ ကိုက်ဖြတ်ပစ်တဲ့အတွက် သတ်ရ တာဖြစ်တယ်”လို့ ပြန်ပြောပြလိုက်တယ်။

အဲဒီအခါ ပညာရှိခွေးမင်းက “မင်းကြီး ... ရထားသားရေကို ကိုက်ဖြတ်တဲ့ တရားခံတွေကို ကျွန်တော်မျိုး အခုဖော်ထုတ်ပေးမယ်”လို့ ပြောပြီး မင်းကြီးရဲ့ အလုပ်သမားတွေကို နေစာမြက်တွေ ယူခိုင်းစေတယ်။ အဲဒီနေစာမြက် တွေကို ထုထောင်းခိုင်းပြီး ရက်တက်ရည်နဲ့ ဖျော်စပ်ခိုင်းတယ်။ ပြီးတော့ နန်းတွင်းခွေးတွေကို တိုက်ခိုင်းလိုက်တာ နန်းတွင်းခွေးတွေဟာ သားရေစတွေ ပြန်အန်ထုတ်ကြတယ်။

အဲဒီတော့မှ မင်းကြီးလည်း ... အဖြစ်မှန်ကို သိသွားပြီး သတ္တဝါအားလုံးကို ဘေးမဲ့ပေးလိုက်တယ်။ အများအကျိုးကို လိုလားတဲ့စိတ်နဲ့ အမှန်တရားကို ဖော်ထုတ်ပေးလိုက်တဲ့ . ပညာရှိခေါင်းဆောင် ခွေးမင်းကို မင်းကြီးက လေးစားသွားပြီး ဆုလာဘ်များစွာ ပေးအပ်တယ်။ ဒါ့အပြင် ပညာရှိခေါင်းဆောင် ခွေးမင်းနဲ့တကွ အခြံအရံ နောက်လိုက် ဆွေမျိုးခွေးအပေါင်းတို့ကိုလည်း ကောင်းမွန်ပြည့်စုံတဲ့ အစားအသောက်တွေနဲ့ နေ့စဉ်မပြတ် ကျွေးမွေး ပါတော့တယ်။

မှီငြမ်း။ ။ ကုက္ကုရဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ၊ ၁၀၁။ ဇာ၊ဋ္ဌ၊၁၊၁၉၀။

ခက်ဆစ်အဖွင့်

နေစာမြက် = မြေစာမြက်

ရက်တက်ရည် = ထောပတ်ထုတ်ယူပြီးသော နို့ရည်ကြည်

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ခွေးမင်းဟာ သူ့ရဲ့ အခြံအရံဆွေမျိုးတွေ၊ အခြံအရံနောက်လိုက်တွေနဲ့အတူ ဘယ်မှာနေသလဲ။
-နန်းတော်ထဲကခွေးတွေက ရထားသားရေတွေကို ဘာလုပ်ပစ်လိုက်သလဲ။
-မင်းကြီးက ဘယ်လို အမိန့်ပေးလိုက်သလဲ။
-ခွေးမင်းက ပြဿနာဖြေရှင်းရန် မင်းကြီးဆီရောက်အောင် ဘယ်လိုသွားခဲ့သလဲ။
-ခွေးမင်းက ပြဿနာကို ဘယ်လို ဖြေရှင်းသလဲ။
-ဆွေမျိုးတွေကို ကယ်တင်တဲ့ ခွေးမင်းဟာ ဘယ်လို ကောင်းကျိုးတွေ ရရှိသွားသလဲ။
-ခွေးမင်းသာ မကယ်ရင် တစ်ပြည်လုံးမှာရှိတဲ့ ခွေးတွေ ဘာဖြစ်သွားနိုင်သလဲ။
-ခွေးမင်းသာ ပြဿနာကို ဖြေရှင်းမပေးရင် မင်းကြီးမှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ။
-သေသေချာချာ မစုံစမ်းဘဲ အပြစ်မရှိတဲ့ခွေးတွေကို သတ်ပစ်ခိုင်းတဲ့ မင်းကြီးကို ဘယ်လို မြင်သလဲ၊
-ခွေးမင်းကို ခေါင်းဆောင်ကောင်းလို့ ဘာကြောင့်ထင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စစ်သူကြီးဖြစ်ရပ် ရေးသားထားသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ပညာရှိခေါင်းဆောင်ဖြစ်တဲ့ ခွေးမင်းအကြောင်းကို သားတို့သမီးတို့ သိပြီးပြီးဆိုတော့ အခု ဆက်လက်ပြီးတော့ ဖြစ်ရပ်တစ်ခုကို လေ့လာကြရအောင်”ဟု ပြော၍ သင်ခန်းစာကို စတင်ပါ။

֍ ကလေးများကို အုပ်စု (၄) စုဖွဲ့၍ သင်ပုန်းပေါ်တွင် ရေးသားထားသော အောက်ပါဖြစ်ရပ်ကို ဖတ်ပြီး မေးခွန်း သုံးခုကို အုပ်စုအတွင်း ဆွေးနွေးစေ၍ ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

တစ်ခါက စစ်သူကြီးတစ်ယောက်ဟာ သူ့သမီးလေးရဲ့ ရှစ်နှစ်ပြည့်မွေးနေ့ ရောက်ခါနီးမှာ ရှေ့တန်းထွက်ပြီး စစ်တိုက်ရတယ်။ သမီးလေးကိုတော့ “ဖေကြီးပြန်လာခဲ့မယ်” ဆိုပြီး ချော့မော့ ပြောထားခဲ့တယ်။ စစ်သူကြီးဟာ ရွပ်ရွပ်ချွံချွံ ကြိုးစားပြီး တိုက်ပေမဲ့ သူ့စစ်တပ်ဟာ ရန်သူအင်အားနဲ့မမျှဘဲ ရန်သူတွေ ဝိုင်းထားတာကို ခံနေရတယ်။ စားနပ်ရိက္ခာတွေလည်း ပြတ်လပ်ကုန်တယ်။ အဲဒီအချိန်မှာ ရန်သူစစ်တပ်ခေါင်းဆောင်က “ခေါင်းဆောင် စစ်သူကြီးကို ပေးပါ၊ ကျန်တဲ့စစ်သားတွေကို လွှတ်ပေးမယ်၊ စစ်ပွဲကိုလည်း အဆုံးသတ်ပေးမယ်”လို့ တောင်းဆို နေတယ်။ စစ်သူကြီးအနေနဲ့ ဆုံးဖြတ်ချက်ချဖို့ ဝေဝါးနေတယ်။ သူနဲ့အတူ စစ်တိုက်နေတဲ့ စစ်သားရဲဘော်တွေ အတွက်လည်း စဉ်းစားမိတယ်။ အိမ်မှာ မွေးနေ့ပွဲကျင်းပဖို့ သူ့ကိုစောင့်နေတဲ့ သမီးလေးအတွက်လည်း စဉ်းစားမိပြီး အခက်အခဲ ဖြစ်နေတယ်။

-စစ်သူကြီးက ဘာလုပ်မယ်လို့ ထင်သလဲ။
-စစ်သူကြီးက သူ့ရဲ့ ရဲဘော်တစ်ယောက်ကို သူ့ကိုယ်စားထည့်ပေးလိုက်မယ် ထင်သလား။ ဘာကြောင့်လဲ။
-သမီးဆီကို ပြန်မယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

֍ အုပ်စုကိုယ်စားလှယ် အသီးသီးက တင်ပြဆွေးနွေးပြီးသောအခါ ဆရာက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပြီး အောက်ပါအတိုင်း အနှစ်ချုပ်ပြောပေးပါ။

“ပညာရှိဆိုတာ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့သူ၊ ပညာဆင်ခြင်ဉာဏ်ကြီးမားသူ၊ ဖြစ်ပေါ်လာတဲ့ ပြဿနာ/ကိစ္စရပ်တွေကို စဉ်းစားချင့်ချိန်တတ်တဲ့သူ၊ မိမိရော သူတစ်ပါးပါ ကောင်းကျိုးဖြစ်ထွန်းစေမယ့် အပြုအမူ အပြောအဆိုမျိုးကိုသာ ပြုမူပြောဆိုတတ်တဲ့သူ ဖြစ်တယ်။ ဒါ့အပြင် ပညာရှိဟာ ကိုယ်နဲ့ ပြုလုပ်တဲ့ မကောင်းမှ သုံးပါး၊ နှုတ်နဲ့ပြောဆိုတဲ့ မကောင်းမှု လေးပါး၊ စိတ်နဲ့ကြံစည်တဲ့ မကောင်းမှု သုံးပါးဆိုတဲ့ ဒုစရိုက်တရား ဆယ်ပါးကိုလည်း ရှောင်ရှားတတ်သူ ဖြစ်တယ်”

“ပညာမဲ့သူ ဆိုတာကတော့ ကိုယ်ကျင့်သီလနဲ့လည်း ပြည့်စုံမှုမရှိဘူး။ စဉ်းစားဆင်ခြင်နိုင်တဲ့ ဉာဏ် ပညာလည်း မရှိဘူး။ မိမိရော သူတစ်ပါးပါ ကောင်းကျိုး ဖြစ်ထွန်းစေမယ့် အပြုအမူ၊ အပြောအဆိုမျိုးကိုလည်း ပြုမူပြောဆိုလေ့မရှိဘူး။ ဒါ့အပြင် ပညာမဲ့သူဟာ ကိုယ်နဲ့ပြုလုပ်တဲ့ မကောင်းမှ သုံးပါး၊ နှုတ်နဲ့ ပြောဆိုတဲ့ မကောင်းမှု လေးပါး၊ စိတ်နဲ့ကြံစည်တဲ့ မကောင်းမှု သုံးပါးဆိုတဲ့ ဒုစရိုက်တရား ဆယ်ပါးတို့ကို ပြုလုပ်တတ်သူ ဖြစ်တယ်”

ခေါင်းဆောင်ဆိုတာ အနစ်နာခံနိုင်ရတယ်။ ဆင်ခြင်တွေးတောနိုင်ရတယ်။ လက်အောက်ငယ်သား တွေ ဒုက္ခရောက်မယ့်အရေးကို အနစ်နာခံကာကွယ်ပေးနိုင်တဲ့သူ ဖြစ်ရမယ်။ မ၊၃၊၂၀၈။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ကို ပညာရှိနဲ့ ပညာမဲ့တွေမှာရှိတဲ့ စရိုက်လက္ခဏာတွေအကြောင်းကို ဇာတ်လမ်းထဲမှာ လေ့လာခဲ့ကြပြီးပြီ။ အခုပညာရှိတဲ့လူက ဘယ်လိုစရိုက်မျိုးရှိသလဲ၊ ပညာမဲ့တဲ့သူက ဘယ်လိုစရိုက်မျိုး ရှိသလဲ”ဟု မေး၍ ကလေးများပြောသော အချက်များကို ဆရာက သင်ပုန်းပေါ်တွင် အောက်ပါအတိုင်း မှတ်တမ်းတင်ပါ။

ပညာရှိခေါင်းဆောင်၏ စရိုက်များ ပညာမဲ့ခေါင်းဆောင်၏ စရိုက်များ



֍ ကလေးများဆွေးနွေးထားသော အချက်အလက်များပေါ်မူတည်၍ ဆရာက လိုအပ်သည်များကို ဖြည့်စွက်ပါ။

(မျှော်မှန်းအဖြေများ။ ။ အများအကျိုးလိုလားသည်၊ တစ်ကိုယ်ကောင်းဆန်သည်၊ သာတူညီမျှစိတ်မရှိပါ၊ ကိုယ် ကျိုးစွန့်သည်၊ ကိုယ့်အကျိုးသာကြည့်သည်၊ သနားငဲ့ညှာသည်၊ လောဘကြီးသည်၊ အနစ်နာခံသည်၊ စဉ်းစား တွေးခေါ်နိုင်သည်၊ အနိုင်ကျင့်တတ်သည်၊ လောဘစိတ်မရှိ၊ ဒေါသကြီးသည်၊ အပြစ်ကိုဝန်ခံတတ်သည်၊ မိုက်ရူး ရဲဆန်သည်၊ ဒေါသကို ချုပ်ထိန်းနိုင်သည်၊ သာတူညီမျှစိတ်ရှိသည်၊ အပြစ်ကို ရှောင်လွှဲတတ်သည်၊ ပညာရှိ ယောင်ဆောင်သည်။)

ထို့နောက် အောက်ပါ တေးကဗျာကို စုပေါင်းရွတ်ဆို၍ သင်ခန်းစာကို အဆုံးသတ်ပါ။

ခေါင်းဆောင်ကောင်း

ခေါင်းဆောင်တို့မည်သည်
ဦးဆောင်ကာကွယ်သည်
ဆုံးဖြတ်ချက်တွေ အခိုင်အမာချ ရဲဝံ့ပြတ်သားစွာ
တွန်းလှန်ခုခံသည် အသိဉာဏ်အဖြေမှန်ဆီ
စဉ်းစားသုံးသပ် တွက်ချက်စိစစ်ကာ
အများအကျိုးတွေ ဖြစ်ထွန်းရာ
မြင်အောင်ကြည့်တတ်တာ ခေါင်းဆောင်ကောင်းတွေပါ။