အများအကျိုးဆောင် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၉။ အများအကျိုးဆောင်(ကျောင်းသားကိုင်သို့)
348327ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂၉။ အများအကျိုးဆောင်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၉)

သင်ခန်းစာခေါင်းစဉ်။ ။ အများအကျိုးဆောင်

သင်ယူမှုဦးတည်ချက်။ ။ အများအကျိုး ဆောင်ရွက်လိုသောစိတ်ဖြင့် လုပ်ကိုင်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများ မေးမြန်းဆွေးနွေးခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

-ပရဟိတ ဆိုတဲ့ စကားလုံးကို ကြားဖူးလား။
-ပရဟိတလုပ်ငန်းတွေက ဘယ်လိုလုပ်ငန်းမျိုးတွေလဲ စသည့်မေးခွန်းများကို ဆရာက မေးမြန်းဆွေးနွေးပြီး ကလေးများ ဖြေကြားသော အချက်များကို သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပါ။

֍ ထို့နောက် ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ အောက်ပါမေးခွန်းများကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။

-ကလေးတို့သိတဲ့ ပရဟိတ လုပ်ငန်းတွေကို ပြောပြပါ။
-အဲဒီလုပ်ငန်းတွေကို ဘယ်သူတွေလုပ်ကြသလဲ။
-ပရဟိတလုပ်တဲ့သူတွေဟာ ဘယ်လိုစိတ်ထားမျိုး ရှိကြမယ်လို့ ထင်သလဲ။ ဘာကြောင့် အဲဒီလိုအလုပ်တွေကို လုပ်တယ်လို့ ထင်သလဲ။

֍ အုပ်စုတွင်းဆွေးနွေးပြီးပါက အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။ အုပ်စုကိုယ်စားလှယ်များ တင်ပြပြီးသောအခါ ဆရာက “အခု ပြောသွားတဲ့သူတွေလိုပဲ အများအကျိုး ဆောင်ရွက်ခဲ့တဲ့သူ တစ်ယောက် အကြောင်းကို နောက်တစ်ချိန်ကျရင် လေ့လာကြမယ်”ဟု ဆိုကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင် စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သိကြားမင်း” နှင့် “မဃ” ဟူသော စကားလုံးနှစ်လုံးကို သင်ပုန်းပေါ်တွင်ရေး၍၎င်းတို့ကို ကြားဖူးခြင်း ရှိမရှိ မေးပါ။ ကြားဖူးလျှင် မည်သည့်နေရာတွင် ကြားဖူးကြောင်းနှင့် မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်း မေး၍ စာသင် ချိန်ကို စတင်ပါ။

֍ ကလေးများ ဖြေဆိုပြီးသောအခါ နတ်ပြည်တွင်ရှိသော နတ်အပေါင်းကို အုပ်ချုပ်ရသောမင်းကို သိကြားမင်းဟု ခေါ်ဆိုကြောင်း၊ မဃဟူသော စကားလုံးမှာ သိကြားမင်း၏ နာမည်တစ်မျိုးပင်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြပါ။

֍ ထို့နောက် “သိကြားမင်းမဖြစ်ခင် အရင်ဘဝမှာလည်း သူ့နာမည်က မဃပဲ ဖြစ်တယ်။ သိကြားမင်းမဖြစ်ခင် မဃ လုလင်ဘဝအကြောင်းကို အခု လေ့လာကြမယ်”ဟု ဆိုကာ အောက်ပါ မဃလုလင်ဇာတ်လမ်းကို ဖတ်ကြပါစေ။

မဃလုလင်

ရှေးအခါက ရာဇဂြိုဟ်ပြည်က တောရွာလေးတစ်ရွာမှာ လူငယ်အသင်းအဖွဲ့တစ်ဖွဲ့ ရှိခဲ့တယ်။ အဲဒီအဖွဲ့ကို ဦးဆောင်တဲ့သူက မဃလုလင် ဖြစ်တယ်။ ဒါကြောင့် သူတို့ အဖွဲ့ကိုလည်း “မဃလူငယ်အဖွဲ့”ဆိုပြီး နာမည်ပေးထားတယ်။ သူတို့အဖွဲ့အမှာ အဖွဲ့ဝင် ၃၃-ယောက်ရှိတယ်။

မဃလူငယ်အဖွဲ့ဟာ ငါးပါးသီလ စောင့်ထိန်းခြင်း၊ လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ရေတွင်းရေကန် တူးဖော်ခြင်းစတဲ့ ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်ကြတယ်။ ရပ်ရွာကလူတွေကိုလည်း သူတို့နဲ့အတူ ပါဝင်လုပ်ဆောင်ပေးဖို့ တိုက်တွန်းနှိုးဆော်တယ်။ ဒါကြောင့် ရွာသူရွာသားတွေဟာ ဒုစရိုက်ပြုလုပ်မှု တဖြည်းဖြည်း လျော့နည်းလာပြီး ရပ်ရွာကလည်း အရင်ကထက် ပိုမို ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။

ဒါပေမဲ့ ရွာသူကြီးကတော့ မဃလူငယ်အဖွဲ့ရဲ့လုပ်ဆောင်မှုတွေကို မလိုလားဘူး။ ရွာမှာ ဒုစရိုက်မှုတွေ လျော့နည်းလာတော့ သူ့အတွက် လာဘ်ရရှိမှု နည်းပါးသွားတယ်။ ဒါကြောင့် မင်းကြီးကို “အရှင်မင်းကြီး၊ သူခိုးတွေဟာ ရွာကို လာရောက်ဖျက်ဆီးနေကြပါတယ်”လို့ လျှောက်ထားတယ်။ မင်းကြီးကလည်း ထပ်မံစစ်ဆေးမှု မပြုလုပ်ဘဲ “သူခိုးများကို ဆင်ဖြင့်နင်း၍သတ်စေ”ဆိုပြီး အမိန့်ချလိုက်တယ်။

မင်းမှုထမ်းတွေက မဃလုလင် အဖွဲ့သားတွေကို သတ်ဖို့ ဆင်တွေကို ထုတ်ယူလာခဲ့တယ်။ အဲဒီအချိန်မှာ အဖွဲ့ခေါင်းဆောင် မဃလုလင်က သူ့အဖွဲ့သားတွေကို “ကျွန်ုပ်တို့ ဆောက်တည်ခဲ့တဲ့ သီလနဲ့ ပရဟိတအလုပ်တွေကို ပြန်လည်အောက်မေ့ပြီး ရွာသူကြီး၊ မင်းနှင့် ဆင်တို့ကို မေတ္တာပို့ကြပါ”လို့ တိုက်တွန်းစကား ဆိုခဲ့ပါတယ်။ အဖွဲ့ဝင်အားလုံးဟာ ခေါင်းဆောင်ရဲ့ စကားကို လိုက်နာလက်ခံကြပါတယ်။

မင်းမှုထမ်းတွေ လွှတ်လိုက်တဲ့ဆင်ဟာ မဃလူငယ်အဖွဲ့သားတွေနားကို ရောက်လာတဲ့အခါ ရှေ့ကို မတိုးဝံ့ တော့ဘဲ နောက်သို့ချည်း ပြန်လှည့်ပြေးနေတယ်။ မင်းကြီးက “မဃလူငယ်အဖွဲ့မှာ ဆင်တွေကို ထွက်ပြေးစေနိုင်တဲ့ အဆောင်လက်ဖွဲ့ တစ်မျိုးမျိုး ရှိလိမ့်မယ်”ဆိုပြီး မေးမြန်းစစ်ဆေးစေတယ်။ ခေါင်းဆောင် မဃလုလင်ကလည်း “ရှိပါတယ်၊ ကျွန်ုပ်တို့ရဲ့ အဆောင်လက်ဖွဲ့ကောင်းက ကိုယ်ကျင့်သီလကောင်းမွန်ခြင်းနဲ့ အများအကျိုးကို အနစ်နာခံ ဆောင်ရွက်ပေးခြင်းပါပဲ”လို့ ပြန်လျှောက်လိုက်တယ်။ ဒီတော့မှ ဘုရင်ကြီးက မဃလူငယ်တို့အဖွဲ့မှာ အပြစ်ကင်းကြောင်းကို သိသွားပြီး ရွာသူကြီးကိုတော့ ရာထူးချလိုက်တယ်။

မင်းကြီးဟာ မဃလူငယ်အားလုံးကို ချက်ချင်းပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပြင် ရွာစားရာထူးနှင့် ပစ္စည်းဥစ္စာများလည်း ပေးအပ်ချီးမြှင့်လိုက်တယ်။ လူငယ်များဟာ ရပ်ရွာကို ပြန်ရောက်တဲ့အခါ လမ်းလေးခွဆုံမှာ ဓမ္မာရုံကြီး တစ်ခုကို ဆောက်လုပ် လှူဒါန်းခဲ့ကြတယ်။ အဲဒီဓမ္မာရုံကြီးအနီးမှာ ဥယျာဉ်နဲ့ ရေကန်တစ်ကန်ကိုပါ ပြုလုပ်လှူဒါန်းခဲ့ကြတယ်။ ဒီလိုနဲ့ ခေါင်းဆောင်မဃလုလင် ကွယ်လွန်သွားတဲ့အခါ သိကြားမင်း ဖြစ်သွားတယ်။ မဃလူငယ် အဖွဲ့သားများလည်း တာဝတိံသာနတ်ပြည်မှာ နတ်သားများ ဖြစ်သွားကြတယ်။

မှီငြမ်း။ ။ ကုလာဝကဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ၊ ၁၃၁။ ဇာ ဋ္ဌ၊၁၊၂၁၄။

မှတ်ချက်။ ။ “မဃကုမာရော”ဟူသော မူရင်းပါဠိအရ “မဃ” ဟု သုံးထားသည်။

֍ အောက်ပါမေးခွန်းများ မေးပါ။

-မဃလူငယ်အဖွဲ့က ဘာတွေလုပ်ဆောင်ကြသလဲ။
-ရွာသားတွေ သီလဆောက်တည်ပြီး ကောင်းမှုကုသိုလ်တွေလုပ်ကြတော့ ရွာသူကြီးက သဘောကျ ကျေနပ် သလား။ ဘာကြောင့်လဲ။
-သူကြီးက ဘုရင်ကြီးကို တိုင်လိုက်တဲ့အခါ ဘယ်လို အမိန့်ချလိုက်သလဲ။
-ဘုရင်ကြီးရဲ့ လုပ်ရပ်ဟာ မှန်တယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။
-မဃလူငယ်တို့အဖွဲ့ကို ဘာကြောင့် ဆင်တွေက မနင်းတာလဲ။
-ဆင်တွေက မဃလူငယ်တို့ အဖွဲ့ကို မနင်းဘဲ ထွက်ပြေးတာနဲ့ပတ်သက်ပြီး ဘုရင်ကြီးက သူတို့အဖွဲ့ကို ဘယ်လိုပြောသလဲ။
-မဃလူငယ်တို့ရဲ့ အဆောင်လက်ဖွဲ့က ဘာလဲ။
-မဃလူငယ်နဲ့ အဖွဲ့ဟာ နောင်ဘဝမှာ ဘာတွေ ဖြစ်သွားကြသလဲ။ ဘာကြောင့်လဲ။
-သားတို့သမီးတို့ဆိုရင်ရော ဘာအဆောင်လက်ဖွဲ့တွေ ဆောင်ကြမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ကိုယ့်ရပ်ရွာထဲမှာရှိတဲ့ ပရဟိတအသင်းအဖွဲ့တွေရဲ့ အမည်ကို ပြောပြပါ”ဟု မေးမြန်း၍ ကလေးများပြောသမျှကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပါ။ ထို့နောက် မှတ်တမ်းတင်ထားသော အသင်းအဖွဲ့များမှ ငါးခုကိုသာ ရွေးချယ်၍ ဆွေးနွေးကြပါစေ။ ကလေးများပြောသော အသင်းအဖွဲ့များတွင် “ဝတ်ရွတ်အသင်း၊ ဆွမ်းလောင်း အသင်း၊ သန့်ရှင်းရေးအသင်း၊ သာရေးနာရေးအသင်း၊ စာကြည့်တိုက်အသင်း”စသော အမည်များ မပါပါက ဆရာက မေးခွန်းမေးခြင်းဖြင့် ဆွေးနွေးဖော်ထုတ်ပါ။ (မိမိဒေသတွင် လက်ရှိလုပ်ကိုင်နေသော အသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များကို ဦးစားပေးဆွေးနွေးဆောင်ရွက်ပါစေ။)

֍ ကလေးများနှင့် ဆွေးနွေးဖော်ထုတ်ပြီးသောအခါ အထက်ပါအသင်း ငါးခု၏ အမည်ဖြင့် အုပ်စု (၅) စု ဖွဲ့ပါ။ “အဲဒီ အသင်းတွေက ဘာတွေလုပ်ဆောင်သလဲ။ ဘာကြောင့် အများအကျိုးဆောင်တယ်လို့ ပြောနိုင်သလဲ” စသည့် မေးခွန်းများဖြင့် အုပ်စုအတွင်း ဆွေးနွေး၍ စာရွက်လွတ်တွင် ရေးစေပြီး အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန် လည်တင်ပြပါစေ။

֍ အုပ်စုကိုယ်စားလှယ်များ တင်ပြနေချိန်တွင် ဆရာက အရေးကြီးသောအချက်များကို ရေးမှတ်ထားပြီး လိုအပ်ချက်များကို မေးခွန်းအဖြစ်ပြောင်းလဲကာ ဆွေးနွေးဖော်ထုတ်ပါ။ ထို့နောက် အောက်ပါအချက်များ ပါဝင်စေ၍ သင်ခန်းစာကို အဆုံးသတ်ပါ။

“အများကောင်းကျိုးအတွက် မိမိအကျိုးအမြတ်ကို မကြည့်ဘဲ အပင်ပန်းခံ အနစ်နာခံပြီး စေတနာ ထက်သန်စွာနဲ့ ဆောင်ရွက်ပေးသူတွေဟာ အများအကျိုး ဆောင်သူတွေဖြစ်ကြတယ်”

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများနှင့် မဃလုလင် တေးကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါလုပ်ငန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-ကလေးများကို အုပ်စု(၅) စုဖွဲ့၍ စာရွက်ပိုင်းများ ဝေပေးပါ။ ထို့နောက် ဆရာက “သားတို့သမီးတို့ကိုယ်တိုင်လည်း လုပ်ချင်တယ်၊ လူအများအတွက်လည်း အကျိုးရှိတဲ့ အလုပ်သုံးမျိုးက ဘာတွေလဲ”ဟု မေး၍ ထိုမေးခွန်းကို အုပ်စုအတွင်း အချင်းချင်း မဆွေးနွေးစေဘဲ မိမိ၏စိတ်ကူးများကိုသာ စာရွက်ပိုင်းများပေါ်တွင် ရေးကြပါစေ။

֍ ထို့နောက် အုပ်စုအတွင်း လုပ်ချင်သောအလုပ်များ အချင်းချင်းတူရာ စုကြပါစေ။ ၄င်းအလုပ်များထဲမှ အရေး အကြီးဆုံး လုပ်သင့်သောအလုပ်ကို အဘယ့်ကြောင့်လုပ်သင့်ကြောင်း အချင်းချင်းအပြန်အလှန် ဆွေးနွေးစေကာ အုပ်စုကိုယ်စားလှယ် တစ်ဦးဦးမှ တင်ပြပါစေ။

֍ ကလေးများတင်ပြနေချိန်တွင် ဆရာက မှတ်သားထားပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပါ။

֍ ထို့နောက် မြတ်စွာဘုရားရှင်သည် အများအကျိုး ဆောင်ရွက်လိုသောကြောင့် ဘုရားဆုပန်ပြီး ဘဝများစွာ၌ အမျိုးမျိုး အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိကိုယ်ကျိုးကို မကြည့်ဘဲ အများအကျိုး ဆောင်ရွက်သူကို လွန်စွာနှစ်သက်တော်မူကြောင်း၊ ချီးမွမ်းတော်မူကြောင်းနှင့် ယခုအချိန်ကစ၍ မွန်မြတ်သော စိတ်ဓာတ်ကို မွေးမြူပြီး အများအကျိုးအတွက် မိမိတတ်နိုင်သရွေ့ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား၍ အောက်ပါ မဃလုလင် တေးကဗျာကို ရွတ်ဆိုစေ၍ သင်ခန်းစာကို အဆုံးသတ်ပါ။

မဃလုလင်

မဃလုလင် သူ့တရားကျင့်စဉ်
ငါးပါးလုံခြုံ သီလဂုဏ်
တံတားခင်းလမ်းခင်း ရေတွင်းရေကန် တူးဖော်ကာ
စေတနာခွန်အား ကုသိုလ်ပွား အများအကျိုးသယ်ပိုးသွား
အများအကျိုးဆောင် ကိုယ့်အကျိုးအောင် မဃလုလင်ဟာ
သူရဲ့ကုသိုလ် စေတနာသဒ္ဓါ ခန္ဓာစွန့်သောအခါ
တာဝတိံသာ အထက်က သိကြားမင်းဖြစ်လာ။