ဖေဖေမေမေ ရှိခိုးမယ် -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၆) ဖေဖေမေမေ ရှိခိုးမယ် (ကျောင်းသားကိုင်သို့)
339267ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၆) ဖေဖေမေမေ ရှိခိုးမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၆)

ဖေဖေမေမေ ရှိခိုးမယ်

သင်ယူမှုဦးတည်ချက် ။ ။ အနန္တောအနန္တငါးပါးတွင်ပါဝင်သော မိဘများကို ရှိခိုးတတ်သည့် အလေ့အကျင့် ရရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ပန်းချီဆွဲရန် စာရွက်များနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 1]

֍“ဖေဖေ့နာမည် ဘယ်လိုခေါ်သလဲ။ မေမေ့နာမည် ဘယ်လိုခေါ်သလဲ။ သူတို့က သားတို့၊ သမီးတို့ကို ဘာတွေလုပ်ပေးသလဲ။ သားတို့၊ သမီးတို့ကရော သူတို့အတွက် ဘာတွေလုပ်ပေးသလဲ”ဟု မေးပါ။

֍ကလေးတိုင်း ရှေ့ထွက် ပြောပါစေ။

֍ကလေးတစ်ယောက်က ဖြေဆိုလိုက်သည့် မိဘနာမည်တွေကို ကျန်ကလေးများ စုပေါင်းရွတ်ဆိုစေပါ။

֍ထို့နောက် ကလေးများအား ၎င်းတို့၏ မိဘများပုံ ပန်းချီဆွဲကြပါစေ။ ကလေးများ ဆွဲထားသော ပန်းချီပုံအားလုံးကို ကြည့်ရှုပြီး ကလေးများ တော်ကြောင်း၊ လှကြောင်း ချီးကျူးကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မိဘကို ရိုသေသော သားလိမ္မာဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက “မိဘကို ရိုသေသောသားလိမ္မာ ဇာတ်လမ်းကို ပြောပြပါ။

[သတိပြုရန် 2]

֍ဆရာက ဇာတ်လမ်းကို ပြောရာတွင် အမူအရာဖြင့် ပြောပေးပါ။

မိဘကို ရိုသေသော သားလိမ္မာ

တစ်ခါတုန်းက အင်မတန်လိမ္မာတဲ့ လူငယ်လေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ လူငယ်လေးဟာ ဖေဖေနဲ့မေမေကို အမြဲတမ်း ရိုရိုသေသေ ဆက်ဆံတယ်။ ဖေဖေ၊ မေမေ တို့ရဲ့ စကားဆိုရင် လေးလေးစားစားနဲ့ နားထောင်တယ်။ ညအိပ်ရာဝင်ပြီဆိုရင်လည်း ဖေဖေနဲ့ မေမေကို ရိုရိုသေသေ ရှိခိုးပြီးမှ အိပ်လေ့ရှိတယ်။ အစားအသောက် စားပြီဆိုရင်လည်း ဖေဖေနဲ့မေမေကို ဦးချပြီးမှ စားတယ်။ ကျောင်းသွားရင်လည်း မသွားခင်မှာ ဖေဖေနဲ့ မေမေကို ဦးချကန်တော့ပြီးမှ ကျောင်းသွားလေ့ရှိတယ်။ အဲဒါကြောင့် ဖေဖေ၊ မေမေနဲ့ ညီအစ်ကို မောင်နှမတွေ၊ ဆရာတွေနဲ့ သူငယ်ချင်းတွေအားလုံးက လူငယ်လေးကို ဝိုင်းပြီး ချစ်ကြတယ်။

တစ်နေ့မှာတော့ သူတို့မြို့မှာ မုန်တိုင်းကြီး တိုက်ခတ်တယ်။ မုန်တိုင်းက မစဲဘဲနဲ့ နေ့တိုင်း တိုက်ခတ်နေတော့ အိမ်တွေပြို၊ လမ်းတွေပျက်လို့ မြို့ သူမြို့ သားတွေလည်း ဆင်းရဲဒုက္ခရောက်ကြတယ်။ အစားအသောက်တွေလည်း ရှားပါးကုန်လို့ စိတ်သောက ရောက်နေခဲ့ကြတယ်။ မုန်တိုင်းရပ်သွားအောင် အမျိုးမျိုးကြိုးစားကြပေမဲ့ ဘယ်သူမှ .. မုန်တိုင်း ရပ်သွားအောင် လုပ်မပေးနိုင်ကြဘူး။ တစ်နေ့မှာတော့ ပညာရှိကြီးတစ်ယောက် မြို့ကို ရောက်လာတယ်။ မုန်တိုင်းရပ်သွားအောင် လုပ်ပေးဖို့ ဘုရင်ကြီးက အကူအညီ တောင်းခဲ့တယ်။ အဲဒီအခါမှာ ပညာရှိကြီးက “ဖေဖေနဲ့ မေမေကို ရိုသေပြီး အမြဲရှိခိုးသူကို သစ္စာဆိုခိုင်းလျှင် မုန်တိုင်းရပ်သွားနိုင်တယ်”လို့ မိန့်ကြားလိုက်တယ်။

ဒီလိုနဲ့ ဘုရင်ကြီးဟာ ဖေဖေနဲ့ မေမေကို အမြဲရှိခိုးပြီး ရိုသေတဲ့သူကို လိုက်ရှာခိုင်း လိုက်တော့ ဖေဖေနဲ့ မေမေကို အမြဲရှိခိုးတဲ့ လူငယ်လေးကို တွေ့ သွားကြတယ်။ ဒီလိုနဲ့ လူငယ်လေးဟာ “ငါသည် ဖေဖေနှင့် မေမေကို လုံးဝစိတ်မညစ်စေရဘဲ အမြဲရှိခိုးပြီး ရိုရို သေသေ ဆက်ဆံခဲ့သည်မှာ မှန်ကန်ပါသည်။ ဤမှန်သောစကားကြောင့် ယခု တိုက်ခတ် နေသော မုန်တိုင်းကြီး ချက်ချင်းရပ်သွားပါစေသတည်း”လို့ သစ္စာဆိုလိုက်ပါတယ်။ လူငယ် လေးရဲ့ စကားအဆုံးမှာပဲ မုန်တိုင်းကြီးဟာ ချက်ချင်းရပ်သွားခဲ့တယ်။ ဘုရင်ကြီးနဲ့ တိုင်းသူ ပြည်သားတွေ အားလုံးလည်း ဝမ်းသာကြည်နူးခဲ့ကြရတယ်။ ဆုတွေ၊ လက်ဆောင်တွေ လည်း အများကြီး ဝိုင်းပေးခဲ့ကြတယ်။ လူငယ်လေးလည်း ဆုတွေ၊ လက်ဆောင်တွေ အများကြီး သယ်ဆောင်ပြီး ဖေဖေနဲ့ မေမေဆီကို ပျော်ရွှင်စွာနဲ့ ပြန်လာခဲ့ပါတော့တယ်။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးမြန်းပါ။

-ဇာတ်လမ်းထဲက လူငယ်လေးဟာ ကျောင်းမသွားခင်/အိပ်ရာမဝင်ခင် .. ဘာလုပ်သလဲ။
-မြို့မှာ လူတွေဟာ ဘာဖြစ်လို့ စိတ်ဆင်းရဲနေကြသလဲ။
-မုန်တိုင်းရပ်သွားအောင် ဘယ်သူက ကူညီပေးခဲ့သလဲ။
လူငယ်လေးဟာ မုန်တိုင်းရပ်သွားအောင် ဘာဖြစ်လို့ ကူညီနိုင်တာလဲ။
-သူများကို ကူညီနိုင်ဖို့ သားတို့၊ သမီးတို့ ဘာလုပ်ဖို့ လိုအပ်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားရှိခိုးသည့်ပုံစံ ပြန်မေးပြီး မှန်ကန်စွာဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ ဘုရားဦးချခိုင်းပါ။

֍“အိမ်မှာ အဖေနဲ့ အမေကို ကန်တော့ဖူးလား၊ ဘယ်အချိန်မှာ ကန်တော့သလဲ စသည် ဖြင့် မေးမြန်းပါ။

֍ဆက်လက်၍ အနန္တငါးပါး ရှိခိုးပုံကို သင်ပေးပါ။ သံပြိုင်ဆို၍ ရှိခိုးပါစေ။

အနန္တငါးပါး ရှိခိုးခြင်း

မြတ်စွာဘုရားကို ရှိခိုးပါ၏ အရှင်ဘုရား။
တရားတော်မြတ်ကို ရှိခိုးပါ၏ အရှင်ဘုရား။
သံဃာတော်မြတ်ကို ရှိခိုးပါ၏ အရှင်ဘုရား။
ဖေဖေ၊ မေမေတို့ကို ရှိခိုးပါ၏ အရှင်ဘုရား။
ဆရာသမားတို့ကို ရှိခိုးပါ၏ အရှင်ဘုရား။

֍ထို့နောက် ဘုရား၊ တရား၊ သံဃာတို့ကို ရှိခိုးသကဲ့သို့ ဖေဖေ၊ မေမေတို့ကိုလည်း ရှိခိုးရ ကြောင်း ပြောပြပါ။

֍ကလေးများကို အုပ်စုလိုက် ရှေ့ထွက်၍ အနန္တငါးပါး ဘုရားရှိခိုးကို လက်တွေ့ ရွတ်ဆို ကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မိဘ ဦးတော်တင် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဖေဖေက ဘာလုပ်ပေးသလဲ။ မေမေက ဘာလုပ်ပေးသလဲ” စသည်တို့ကို မေးမြန်းပြီး အောက်ပါ “မိဘ ဦးတော်တင်” ကဗျာကို ဆရာက တိုင်ပေးပြီး လိုက်ဆိုကြပါစေ။

မိဘ ဦးတော်တင်

ညစဉ် ညစဉ် အိပ်ရာဝင်၊
မိဘဦးတော်တင်။
ဦးတော်တင်ကာ အိပ်ပျော်က၊
အိပ်မက်လှလှ မြင်မက်ရ။
အိပ်မက်ထဲက နတ်သမီးတွေ၊
အလှမျိုးစုံပေ။
ပန်းရောင်တွေ မျိုးစုံကြား၊
ပြေးပြေးလွှားလွှား အတူကစား။
ပျော်ပျော်ပါးပါး တဟားဟား။

֍ဆရာနှင့်အတူ သံပြိုင်ဆိုကြပါစေ။ အုပ်စုလိုက် ဆိုကြပါစေ။

  1. မိဘမဲ့ကလေးများ ပါရှိပါက အိမ်တွင် အတူနေသူ အုပ်ထိန်းသူ လူကြီးတို့၏အကြောင်းကို လွှဲပြောင်း၍ မေးပါ။ ကလေးတစ်ယောက်ကို မေးမြန်းနေချိန်တွင် ကျန်ကလေးများကိုလည်း နားထောင်ခိုင်းပါ။
  2. မိဘမဲ့ကလေးများ ပါရှိပါက ဆရာက ပါးနပ်စွာ ပြုမူပါ။