မိဘများကို ကူညီမယ် -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၇) မိဘများကို ကူညီမယ် (ကျောင်းသားကိုင်သို့)
339268ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၇) မိဘများကို ကူညီမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၇)

မိဘများကို ကူညီမယ်

သင်ယူမှုဦးတည်ချက် ။ ။ မိဘများကို ချစ်ခင်မြတ်နိုးစွာကူညီရမည်ဖြစ်ကြောင်းသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မောင်သုဝဏ်လေးဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ မေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-သားတို့၊ သမီးတို့ အိမ်မှာ ဖေဖေ၊ မေမေတို့ကို ကူညီဖူးလား။
-ဘာတွေ ကူလုပ်ပေးရလဲ။

֍ကလေးများ၏ ဖြေကြားချက်များကို ဂရုတစိုက် နားထောင်ပေးပါ။ လွတ်လပ်စွာ ပြောခွင့်ပေးပါ။

֍ထို့နောက် “သားတို့၊ သမီးတို့လိုပဲ လိမ္မာတဲ့ ကလေးလေးတစ်ယောက် ရှိတယ်၊ အဲဒီ ကလေးလေးကို မောင်သုဝဏ်လေးလို့ ခေါ်တယ်၊ အခု သူ့အကြောင်း ဇာတ်လမ်း လေးကို ပြောပြမယ်”ဟု အစချီပြီး အောက်ပါ မောင်သုဝဏ်လေးဇာတ်လမ်းကို ရုပ်ပုံ များ ပြလျက် ဟန်အမူအရာဖြင့် ပြောပြပါ။

မောင်သုဝဏ်လေး

ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုမှာ ဒုကူလနဲ့ ပါရိကာ ရသေ့မောင်နှံ နှစ် ယောက် နေထိုင်ကြတယ်။ အဲဒီတောအုပ်ကြီးထဲမှာ သမင်၊ ဒရယ်၊ မျောက်၊ ကျေးငှက် လေးတွေစတဲ့ သတ္တဝါလေးတွေ အများကြီးရှိပါတယ်။ သူတို့ဇနီးမောင်နှံမှာ သားလေးတစ် ယောက်လည်းရှိပါတယ်။ သားလေးနာမည်ကို ချစ်စနိုးနဲ့ မောင်သုဝဏ်လို့ ခေါ်ကြတယ်။ သူတို့ မိသားစုဟာ တောထဲမှာ သစ်သီးဝလံတွေကိုသာ စားပြီးနေကြတယ်။ တောထဲမှာ ရှိတဲ့ သမင်လေးတွေ၊ မျောက်ကလေးတွေ၊ ငှက်ကလေးတွေဟာ မောင်သုဝဏ်လေးရဲ့ မိတ်ဆွေတွေ ဖြစ်ကြတယ်။ မောင်သုဝဏ်လေးဟာ သမင်လေးတွေ၊ မျောက်ကလေးတွေ၊ ငှက်ကလေးတွေနဲ့ နေ့စဉ်နေ့တိုင်း ကစားလေ့ရှိတယ်။ ဒီလို နေလာရင်းနဲ့ မောင်သုဝဏ် လေး အရွယ်ရောက်လာခဲ့ပါတယ်။

တစ်နေ့မှာ မောင်သုဝဏ်လေးရဲ့ မိဘတွေဟာ တောထဲကို သစ်သီးသွားရှာကြ တယ်။ အပြန်မှာ မိုးတွေ သဲကြီးမဲကြီးရွာလာခဲ့လို့ သစ်ပင်ကြီးတစ်ပင်အောက်က တောင်ပို့ လေးပေါ်မှာ ဝင်ပြီး မိုးခိုနေခဲ့ကြပါတယ်။ အဲဒီတောင်ပို့ထဲမှာ မြွေဟောက်ကြီး တစ်ကောင် က ခွေနေခဲ့တယ်။ သူတို့ကိုယ်ပေါ်က ချွေးတွေဟာ မိုးရေတွေနဲ့ စီးကျပြီး အဲဒီ မြွေဟောက် ကြီးပေါ်ကို ကျသွားခဲ့တော့ မြွေဟောက်ကြီးက စိတ်ဆိုးဆိုးနဲ့ အဆိပ်ငွေ့ တွေ မှုတ်ထုတ် လိုက်တယ်။ အဲဒီ မြွေဟောက် မှုတ်ထုတ်လိုက်တဲ့ အဆိပ်ငွေ့ တွေဟာ သူတို့မျက်လုံးထဲ ကို ဝင်သွားခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးလုံး မျက်စိကွယ်သွားခဲ့ကြတယ်။

အဲဒီအချိန်မှာ မောင်သုဝဏ်လေးဟာ မိဘနှစ်ပါး ပြန်မလာလို့ တမျှော်မျှော် ဖြစ်နေခဲ့ တယ်။ ဒါနဲ့ တောထဲကို လိုက်သွားပြီး အော်ဟစ် ခေါ်ဝေါ်နေခဲ့ပါတယ်။ မောင်သုဝဏ်လေး ရဲ့အသံကို ကြားတော့ “သားရေ ... ဒီဘက်ကို မလာခဲ့နဲ့၊ မြွေကြီးရှိတယ်”လို့ လှမ်းအော် ပြောကြပါတယ်။ ဒါနဲ့ မောင်သုဝဏ်လေးဟာ မိဘနှစ်ပါးရှိရာကို ကြိုးတစ်ချောင်း လှမ်းပစ် ပေးလိုက်ပါတယ်။ မိဘနှစ်ပါးဟာ မောင်သုဝဏ်လေး ပစ်ပေးတဲ့ကြိုးကို ကိုင်ပြီး သားရှိရာ ကို ရောက်အောင်လာခဲ့ကြတယ်။ အနားရောက်တော့ မောင်သုဝဏ်လေးဟာ မိဘနှစ်ပါး ကို တွဲခေါ်ပြီး ပြန်လာခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး မောင်သုဝဏ်လေးဟာ မျက်မမြင်မိဘနှစ်ပါးကို သစ်သီးတွေ ရှာဖွေပြီး ကျွေးမွေးပြုစုခဲ့တယ်။ သစ်သီးတွေ ရှာခဲ့ပြီးရင် မိဘတွေ စားပြီးမှ သူ စားလေ့ ရှိတယ်။ မိဘနှစ်ပါး ညောင်းနေပြီဆိုရင် မောင်သုဝဏ်လေးက နင်းနှိပ်ပေးတယ်။ ညစဉ် ညတိုင်းလည်း မိဘနှစ်ပါးကို ရိုရိုသေသေ ရှိခိုးပြီးမှ အိပ်တယ်။ တောထဲမှာရှိတဲ့ သမင်၊ မျောက်၊ ငှက်စတဲ့တိရစ္ဆာန်လေးတွေနဲ့လည်း ချစ်ချင်ခင်ခင်နေတယ်။ မောင်သုဝဏ်လေး ရေခပ်သွားပြီဆိုရင် သမင်လေးတွေက လိုက်ပြီးတော့ ရေဘူးတွေ ဝိုင်းသယ်ပေးကြတယ်။ ငှက်ကလေးတွေကလည်း သစ်သီးတွေ ကူညီပြီး ခူးပေးကြတယ်။ မောင်သုဝဏ်လေးက သူတို့ကို ချစ်ခင်ကြင်နာတော့ သူတို့ကလည်း မောင်သုဝဏ်လေးကို ပြန်ပြီး ချစ်ခင်ကြင်နာ ကြပါတယ်။

တစ်နေ့ မောင်သုဝဏ်လေးဟာ သမင်လေးတွေ၊ ငှက်ကလေးတွေနဲ့အတူ ရေခပ် သွားခဲ့တယ်။ အဲဒီအခါမှာ မင်းကြီးတစ်ပါးဟာ တောလည်ထွက်ရင်း မောင်သုဝဏ်လေး သမင်တွေနဲ့ ရေခပ်သွားနေတာကို တွေ့ သွားတယ်။ “ထူးဆန်းတဲ့ သတ္တဝါပဲ၊ ဘာလဲဆိုတာ သိရအောင် မြားနဲ့ ပစ်ကြည့်ဦးမှ”လို့ တွေးပြီး အဆိပ်မြားနဲ့ လှမ်းပစ်လိုက်တယ်။ မင်းကြီး ပစ်လိုက်တဲ့ မြားက မောင်သုဝဏ်လေးရဲ့ ညာဘက်နံကြားကနေ ဘယ်ဘက်နံကြားကို ဖောက်ထွက်သွားတော့ မောင်သုဝဏ်လေးဟာ သနားစဖွယ် လဲကျသွားခဲ့ပါတယ်။ “ဒီတောထဲမှာ ငါ့ကို မုန်းတဲ့သူတွေ မရှိဘဲနဲ့ ဘယ်သူကများ ငါ့ကို မြားနဲ့ ပစ်တာလဲ”လို့ မြည်တမ်းငိုကြွေးနေပါတယ်။

ဒီတော့မှ မင်းကြီးလည်း အနားရောက်လာပြီး ဒီလို တောကြီးထဲမှာ တိရစ္ဆာန်လေး တွေနဲ့အတူ ဘာဖြစ်လို့ နေတာလဲလို့ မေးတော့ မောင်သုဝဏ်လေးက သူဟာ မျက်မမြင် မိဘနှစ်ပါးကို ပြုစုနေသူဖြစ်တဲ့အကြောင်း ရှင်းပြလိုက်တယ်။ အဲဒီအခါမှာ မင်းကြီးဟာ နောင်တရသွားပြီး “ကျွန်ုပ် မှားသွားပါတယ်၊ သင့်ရဲ့ မိဘနှစ်ပါးကို သင့်ကိုယ်စား ပြုစုပေး ပါ့မယ်”လို့ ကတိပေးလိုက်တယ်။ ဒီလိုနဲ့ မင်းကြီးဟာ မောင်သုဝဏ်လေးရဲ့ မိဘနှစ်ပါးရှိရာ ကို သွားပြီး အကျိုးအကြောင်း ပြောခဲ့ပါတယ်။ သနားစရာ မျက်မမြင် မိဘနှစ်ပါးက သူတို့ သား မောင်သုဝဏ်လေးဆီကိုပို့ပေးဖို့ မင်းကြီးကိုပြောတာနဲ့ မင်းကြီးက မောင်သုဝဏ်လေး ရှိရာကို ခေါ်လာခဲ့တယ်။

သနားစဖွယ် မိဘနှစ်ပါးဟာ မောင်သုဝဏ်လေးကို ဖက်ပြီး ငိုကြွေးနေခဲ့ကြတယ်။ “သားလေးသည် မိဘကိုလုပ်ကျွေးသူအမှန်ဖြစ်ပါ၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် သားလေး မြားဒဏ်ရာပျောက်ကင်းပါစေ”လို့ မိဘနှစ်ပါးက သစ္စာဆိုလိုက်တဲ့အခါ မောင် သုဝဏ်လေးဟာ မြားဒဏ်ရာကနေ ပြန်ကောင်းလာခဲ့တယ်။ အဲဒီနေရာမှာပဲ မောင်သုဝဏ် လေးရဲ့ မိဘနှစ်ပါးလည်း မျက်စိပြန်မြင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မောင်သုဝဏ်လေး ဟာ မိဘနှစ်ပါးနှင့်အတူ အေးချမ်းပျော်ရွှင်စွာ သက်ဆုံးတိုင် နေထိုင်သွားခဲ့ပါတယ်။ မှီငြမ်း ။ ။ သုဝဏ္ဏသာမဇာတ်ဝတ္ထု၊ ဇာတ်တော်ကြီးဆယ်ဘွဲ့ ၊ပထမတွဲ။ ၂၈၅။ ဇာ၊ ဋ္ဌ၊ ၆ ၈၅။

֍ဇာတ်လမ်း ပြောပြီးသောအခါ အောက်ပါ မေးခွန်းများ မေးပါ။

-မောင်သုဝဏ်လေး ငယ်ငယ်က ဘယ်သူတွေနဲ့ ကစားသလဲ။
-မောင်သုဝဏ်လေးရဲ့ မိဘနှစ်ပါး တောထဲမှာ မိုးခိုရင်း ဘာဖြစ်သွားခဲ့ကြသလဲ။
- မောင်သုဝဏ်လေးဟာ မိဘနှစ်ပါးကို ဘယ်လို ခေါ်ခဲ့သလဲ။
-မောင်သုဝဏ်လေးဟာ မျက်မမြင်မိဘနှစ်ပါးကို ဘာတွေ လုပ်ပေးသလဲ။ (အချိန် များများ ပေးရန်)
-မောင်သုဝဏ်လေး ရေခပ်ဆင်းရင် ဘယ်သူတွေက ကူညီပေးသလဲ။
-ဘယ်သူက မောင်သုဝဏ်လေးကို မြားနဲ့ ပစ်တာလဲ။
-မောင်သုဝဏ်လေးဟာ ဘာကြောင့် မြားဒဏ်ရာ ပျောက်သွားတာလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မောင်သုဝဏ်လေးဇာတ်လမ်းရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍မောင်သုဝဏ်လေးဇာတ်လမ်း သရုပ်ဖော်ရုပ်ပုံများကို ဆေးရောင်ခြယ်ကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မောင်သုဝဏ်လေးဇာတ်လမ်း သရုပ်ဖော်ပုံများ၊ မိဘကူညီသူ မောင်သုဝဏ် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကို ပြပြီး အောက်ပါ မောင်သုဝဏ်လေးကဗျာကို အသံနေအသံထား၊ ဟန်အမူ အရာများဖြင့် ရွတ်ဆိုပြပါ။

မိဘကူညီသူ မောင်သုဝဏ်

မောင်သုဝဏ်လေး အလိမ္မာ၊
မိဘ ကူညီကာ။
သစ်သီးဖွေရှာ ရေခပ်ဆင်း၊
ရံထား ဖော်တစ်သင်း။
မြားတစ်စင်းက ဝင်လာပြန်၊
မောင်သုဝဏ်ကို မှန်။
မြားဒဏ်ရာ အဆိပ်ပြယ်ပျက်၊
မိဘ ကူသည့်တွက်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍အတန်းသားအရေအတွက်အပေါ် မူတည်၍ သင့်လျော်သလို အုပ်စု ၅-စု (သို့မဟုတ်) ကလေးများအားလုံး ပါဝင်အောင် ဆရာက ၆-စုဖွဲ့ပါ။

[သတိပြုရန် 1]

֍“သားတို့၊ သမီးတို့ အိမ်ပြန်ရောက်ရင် မိဘတွေကို ဘာတွေ ကူလုပ်ပေးချင်သလဲ”ဟု တိုက်တွန်းပေးပါ။ အစပျိုးကာ ကလေးများ လုပ်ဆောင်မည့်လုပ်ငန်းများကို မေးမြန်းပါ။

֍လုပ်ဆောင်မည့်အရာများကို အုပ်စုလိုက် ၁၅-မိနစ်ခန့် ဆွေးနွေးစေပြီး တစ်ဖွဲ့စီ ပြန်လည်ပြောပြပါစေ။

ထို့နောက် လိုအပ်သလို အနှစ်ချုပ်၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများအားလုံး ပါဝင်အောင် ဆရာက တိုက်တွန်းပေးပါ။