ဗိဠာလပါဒကသေဋ္ဌိဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပါပဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၆။ ဗိဠာလပါဒကသေဋ္ဌိဝတ္ထု
324984ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပါပဝဂ် — ၆။ ဗိဠာလပါဒကသေဋ္ဌိဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၆။ ဗိဠာလပါဒကသူဌေးဝတ္ထု

မာဝမညေထ ပုညဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဗိဠာလပါဒကသူဌေးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဒါနပြုသူ ၄-မျိုး၊ ဒါနအကျိုး ၄-မျိုး

တစ်ပါးသော အခါကာလ၌ သာဝတ္ထိမြို့သူမြို့သားတို့သည် အပေါင်းအစုဖွဲ့သဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကို ပေးလှူကြကုန်၏။ ထိုအခါ တစ်နေ့သ၌ ဘုရားရှင်သည် တရားအနုမောဒနာ ပြုလတ်သည်ရှိသော် “ဒါယကာတို့- ဤသာသနာ၌ အချို့သောသူသည် မိမိသာလျှင် အလှူကို လှူ၏။ သူတစ်ပါးကို မတိုက်တွန်း, မနှိုးဆော်၊ ထိုသူသည် ဖြစ်လေရာ, ဖြစ်လေရာသောဘဝ၌ စည်းစိမ်ပြည့်စုံခြင်းကို ရ၏၊ အခြံအရံ ပြည့်စုံခြင်းကို မရ။ အချို့သောသူသည် မိမိကား မပေးလှူ၊ သူတစ်ပါးကိုကား တိုက်တွန်းနှိုးဆော်၏၊ ထိုသူသည် ဖြစ်လေရာဘဝ၌ အခြံအရံ ပြည့်စုံခြင်းကို ရ၏၊ စည်းစိမ် ပြည့်စုံခြင်းကို မရ။ အချို့သောသူသည် မိမိလည်း မပေးမလှူ၊ သူတစ်ပါးကိုလည်း မတိုက်တွန်း, မနှိုးဆော်၊ ထိုသူသည် ဖြစ်လေရာ, ဖြစ်လေရာဘဝ၌ စည်းစိမ် ပြည့်စုံခြင်းကိုလည်း မရ၊ အခြံအရံ ပြည့်စုံခြင်းကိုလည်း မရ၊ စားကြွင်းစားသူ လူဆင်းရဲဖြစ်၍ လှည့်လည်ရ၏။ အချို့သောသူသည် မိမိလည်း ပေးလှူ၏၊ သူတစ်ပါးကိုလည်း တိုက်တွန်း နှိုးဆော်၏၊ ထိုသူသည် ဖြစ်လေရာ ဖြစ်လေရာ ဘဝ၌ စည်းစိမ် ပြည့်စုံခြင်းကိုလည်း ရ၏၊ အခြံအရံပြည့်စုံခြင်းကိုလည်း ရ၏ဟု ဟောတော်မူလေ၏။

ကိုယ်လည်း လှူ, သူတစ်ပါးကိုလည်း တိုက်တွန်းသူ

ထိုအခါ၌ ပညာရှိသော ယောက်ျားတစ်ယောက်သည် ထိုတရားဒေသနာကို ကြားရသဖြင့် “ဤအကြောင်းကား ဪ.. အံ့ဖွယ်ရှိပေစွတကား၊ ငါသည် ယခုအခါ နှစ်ပါးပြည့်စုံခြင်းကို ဖြစ်စေတတ်သော ကုသိုလ်ကံကို ပြုအံ့”ဟု ကြံလျက် ထ၍ ကြွသွားတော်မူသောအခါ မြတ်စွာဘုရားကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား- နက်ဖြန် တပည့်တော်တို့၏ဆွမ်းကို ခံယူတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ “အဘယ်မျှလောက်ကုန်သော ရဟန်းတို့ဖြင့် သင့်အား အလိုရှိသနည်း”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- အလုံးစုံသော ရဟန်းတို့ဖြင့် အလိုရှိပါသည်ဘုရား”ဟု လျှောက်ကြားသဖြင့် ဘုရားရှင်သည် သည်းခံတော်မူလေ၏။ ထိုပညာရှိ ယောက်ျားသည်လည်း ရွာသို့ဝင်၍ “အိုမိခင်ဖခင်တို့- ကျွန်တော်သည် နက်ဖြန် ကောင်းမှုအကျိုးငှာ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်အပ်ပြီ၊ အကြင်သူသည် အကြင်မျှလောက်သော ရဟန်းတို့အား လှူခြင်းငှာ စွမ်းနိုင်၏၊ ထိုသူသည် ထိုမျှလောက်သော ရဟန်းတို့အတွက် ယာဂုစသည်တို့၏အကျိုးငှာ ဆန်အစရှိသည်တို့ကို ပေးလှူကြပါလော့။ တစ်ခုတည်းသောအရပ်၌ ချက်စေ၍ အလှူကို လှူကြပါကုန်အံ့”ဟု ကြွေးကြော်ကာ လှည့်လည်လေ၏။

သူဌေးကြီး ဗိဠာလပါဒက အမည်ရပုံ

ထိုအခါ နိဗ္ဗာန်ဆော်ယောက်ျားကို သူဌေးတစ်ဦးသည် မိမိ၏ဈေးဆိုင်တံခါးသို့ ရောက်လာသည်ကို မြင်ရလျှင် “ဤသူသည် မိမိစွမ်းနိုင်သမျှ ရဟန်းတို့ကိုသာ မပင့်ဖိတ်မူ၍ တစ်ရွာလုံးကို နှိုးဆော်လျက် လှည့်လည်လာဘိ၏”ဟု ဆို၍ အမျက်ထွက်လျက် “သင်ယူခဲ့သောခွက်ကို ဆောင်ခဲ့”ဟု ဆိုပြီးလျှင် လက်သုံးချောင်းတို့ဖြင့်ယူ၍ အနည်းငယ်သော ဆန်တို့ကို ပေးလေ၏။ ပဲနောက်,ပဲလွန်းတို့ကိုလည်း ထို့အတူ ပေးလေ၏။ ထိုနေ့မှစ၍ ထိုသူဌေးသည် ဗိဠာလပါဒက (ဗိဠာလ+ပါဒက = ကြောင်+ခြေရာ။ လက်သုံးချောင်းဖြင့် ဆန်ကိုယူရာ ကြောင်ခြေရာလောက်သဏ္ဌာန် ထင်သွားသဖြင့် သူ့ကို ဗိဠာလပါဒက) သူဌေးဟူသော အမည်ရှိသည် ဖြစ်လေ၏။ ထောပတ်,တင်လဲ စသည်တို့ကို ပေးသော်လည်း ပခြုပ်ဖုံးအထွတ်၌ထည့်၍ တစ်ခုသောအထောင့်ကို ပြုလုပ် စောင်းငဲ့ပြီးလျှင် အပေါက်,အပေါက်ယိုကျစေလျက် အနည်းငယ်မျှကိုသာလျှင် ပေးလေ၏။ နိဗ္ဗာန်ဆော် ဒါယကာသည် ကြွင်းသောသူတို့ပေးလှူအပ်သော လှူဖွယ်ဝတ္ထုကို တစ်ပေါင်းတည်းပြု၍ ဤဗိဠာလပါဒကသူဌေး ပေးလှူအပ်သော လှူဖွယ်ဝတ္ထုကိုကား အသီးအခြားသာလျှင် ယူခဲ့လေ၏။

ဗိဠာလပါဒက၏ ရိုင်းစိုင်းသော အကြံ

ထိုဗိဠာလပါဒကသူဌေးသည် ထိုနိဗ္ဗာန်ဆော်ပညာရှိ၏ အမူအရာကိုမြင်ရလျှင် “ဤသူသည် ငါပေးအပ်သော အလှူဝတ္ထုကို အသီးအခြား အဘယ်ကြောင့် ယူဘိသနည်း”ဟု ကြံ၍ နိဗ္ဗာန်ဆော် ဥပါသကာ၏ သွားလေရာနောက်၌ တစ်ယောက်သော ကျွန်ယုံ အလုပ်အကျွေးငယ်ကို “သွားတဲ့ချေ၊ ဤနိဗ္ဗာန်ဆော်သည် အကြင်အမှုကို ပြု၏၊ ထိုအမှုကို သိလေလော့”ဟု စေလွှတ်လိုက်၏။ ထိုနိဗ္ဗာန်ဆော်လည်း သွားပြီးလျှင် “သူဌေးအား ကြီးမြတ်သော အကျိုးသည် ဖြစ်ပါစေ”ဟု နှလုံးပြုလျက် ယာဂု,ဆွမ်း,မုန့်တို့၏အကျိုးငှာ ဆန်တစ်စေ့,နှစ်စေ့တို့ကို အနှံ့ထည့်၍ ပဲနောက်, ပဲလွန်းစေ့တို့ကိုလည်းကောင်း၊ ဆီ,တင်လ်စသော အပေါက်အစက်တို့ကိုလည်းကောင်း အလုံးစုံသော ဘောဇဉ်တို့၌ ထည့်လေ၏။ ကျွန်ယုံအလုပ်အကျွေးငယ်သည် ပြန်သွား၍ သူဌေးအား ပြောကြားလေ၏။ ထိုစကားကိုကြားရလျှင် သူဌေးသည် “ထိုနိဗ္ဗာန်ဆော်သည် ပရိသတ်အလယ်၌ ငါ၏ကျေးဇူးမဲ့ကို အကယ်၍ ဆိုသည် ဖြစ်အံ့၊ ငါ့အမည်ကို ဆိုကာမျှ၌သာလျှင် ထိုနိဗ္ဗာန်ဆော်ကို ပုတ်ခတ်ကာ သတ်ပစ်အံ့”ဟု ပုဆိုးအဝတ်ကြား၌ ဓားကိုဖွဲ့ချည်၍ တစ်ဖန် မိုးသောက်သောနေ့၌ သွားပြီးလျှင် ဆွမ်းလုပ်ကျွေးရာအရပ်၌ နေလေ၏။

နိဗ္ဗာန်ဆော် စိတ်ထားကောင်းပုံ

ထိုနိဗ္ဗာန်ဆော် ပညာရှိယောက်ျားသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို ဆွမ်းလုပ်ကျွေးပြီးလျှင် ဘုရားရှင်ကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် လူအများကို တိုက်တွန်းနှိုးဆော်သဖြင့် ဤအလှူကို လှူဒါန်းအပ်ပါသည်ဘုရား၊ ထိုအလှူ၌ တိုက်တွန်း နှိုးဆော်အပ်သော လူတို့သည် မိမိ၏အားအစွမ်းဖြင့် အများလည်းဖြစ်, အနည်းလည်း ဖြစ်ကုန်သော ဆန်စသည်တို့ကို လှူဒါန်းကြပါသည်ဘုရား၊ ထိုအလုံးစုံသောသူတို့အား အကျိုးထူး အကျိုးမြတ်သည် ဖြစ်ပါစေဘုရား”ဟု လျှောက်ကြားလေ၏။

ဗိဠာလပါဒက တောင်းပန်ခြင်း

ထိုစကားကိုကြားရလျှင် ဗိဠာလပါဒက သူဌေးသည် “ငါကား “ဤအမည်ရှိသောသူသည် လက်သုံးချောင်းဖြင့်ယူ၍ ဆန်စသည်တို့ကို ပေးလှူအပ်ကုန်၏”ဟူ၍ ငါ့အမည်ကို ဆိုကာမျှဖြစ်သောအခါ၌ ဤသူကို သတ်ပစ်အံ့ဟု နှလုံးပြု၍ လာခဲ့ပေ၏၊ ဤနိဗ္ဗာန်ဆော်သည်ကား အလုံးစုံသော သူတို့အား ချီးမြှောက်ခြင်းကိုပြုလျက် အကြင်သူတို့သည် ပြည်တောင်းစသည်တို့ဖြင့် ခြင်၍ ပေးလှူ၏။ အကြင်သူတို့သည်လည်း လက်သုံးချောင်းဖြင့်ယူ၍ ပေးလှူ၏၊ ခပ်သိမ်းသော ထိုသူတို့အား အကျိုးထူး,အကျိုးမြတ်သည် ဖြစ်ပါစေဘုရားဟု ဆိုဘိ၏တကား၊ ငါသည် ဤသို့ သဘောရှိသော သူတော်ကောင်းကို အကယ်၍ မကန်တော့ချေသည်ဖြစ်အံ့၊ နတ်ဒဏ်မည်သည် ငါ၏ထိပ်ထက်၌ ကျလတ္တံ့”ဟု ပူပန်ကြံစည်လျက် သူဌေးသည် နိဗ္ဗာန်ဆော်၏ ခြေရင်း၌ဝပ်၍ “အရှင်- ငါ့အား သည်းခံပါ”ဟု ဆိုလေ၏။ နိဗ္ဗာန်ဆော် ဥပါသကာက “ဤအကြောင်းကား အဘယ်အကြောင်းပါနည်း”ဟု ဆိုလတ်သော် အလုံးစုံသော ထိုအကြောင်းကို ပြောကြားလေ၏။

ကောင်းမှုဟူသည် နည်းသည်မရှိ

ထိုအမူအရာကို မြင်တော်မူလျှင် မြတ်စွာဘုရားသည် “ဤအကြောင်းကား အဘယ်နည်း”ဟု အလှူ၌ အမှုကြီးငယ်ပြုသော နိဗ္ဗာန်ဆော်ကို မေးတော်မူလေ၏။ ထိုနိဗ္ဗာန်ဆော်သည် လွန်လေပြီးသောနေ့မှစ၍ အလုံးစုံသော ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုအခါ သူဌေးကို မြတ်စွာဘုရားသည် “ဒါယကာသူဌေး- ဤသို့ ဆိုသောအတိုင်း ဟုတ်မှန်သလော”ဟု မေးတော်မူသဖြင့် “မြတ်စွာဘုရား- ဟုတ်မှန်လှပါသည်ဘုရား”ဟု လျှောက်ထားလတ်သော် “ဒါယကာသူဌေး- “ကောင်းမှုမည်သည်ကို အနည်းငယ်မျှတကား”ဟု မအောက်မေ့သင့်၊ ပညာရှိသောသူတို့သည် ကောင်းမှုကို ပြုကြကုန်လျက် ဟင်းလင်းပွင့်သော အိုးကို ရေဖြင့်ပြည့်စေသကဲ့သို့ အစဉ်အတိုင်းအားဖြင့် ကောင်းမှုဖြင့် ပြည့်စေကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၂၂] မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကံပိ အာစိနံ။

မန္ဒံ၊ အနည်းငယ်ပြုသော ကုသိုလ်ကံသည်။ န အာဂမိဿတိ၊ အကျိုးပေးသောအားဖြင့် မရောက်လာလတ္တံ့။ ဣတိ၊ ဤသို့။ ပုညဿ၊ ကောင်းမှုကို။ မာဝမညေထ၊ မထီမဲ့မြင် မမှတ်ထင်ရာ။ ဥဒဗိန္ဒုနိပါတေန၊ ရေတစ်ပေါက် တစ်ပေါက်မျှ ကျခြင်းဖြင့်။ ဥဒကုမ္ဘောပိ၊ ရေအိုးကြီးသည်လည်း။ ပူရတိ ယထာ၊ ပြည့်သကဲ့သို့။ ဓီရော၊ ပညာရှိသည်။ ထောကံ ထောကံပိ၊ အနည်းငယ် အနည်းငယ်မျှလည်းဖြစ်သော ကုသိုလ်ကို။ အာစိနံ-အာစိနန္တော၊ ပွားများစေမှု လုံ့လပြုသည်ရှိသော်။ ပုညဿ၊ ကောင်းမှုဖြင့်။ ပူရတိ၊ ပြည့်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်အဆုံး၌ ဗိဠာလပါဒက သူဌေးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဗိဠာလပါဒကသူဌေးဝတ္ထု ပြီး၏။