ဘုရားရှိခိုးကြမယ်

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၆။ ဘုရားရှိခိုးကြမယ်
326565ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၆။ ဘုရားရှိခိုးကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၆)

သူတော်ကောင်း ဖိုးသားလေး

edit

“နမော ဗုဒ္ဓဿ” ဟု အမြဲရွတ်ဆိုတတ်သည့် လိမ္မာသော ဖိုးသားလေးကို အားလုံးက ချစ်ခင်ကြသည်။ ဖိုးသားသည် တောထဲသို့ ဖခင်နှင့်အတူ ထင်းခုတ်လိုက်သွားလေ့ရှိသည်။

အိမ်ပြန်ချိန်တွင် နွားတစ်ကောင် ပျောက်နေသည်။ ဖခင် နွားပျောက်ရှာနေစဉ် ဖိုးသားလေး အိပ်ပျော်သွားသည်။

ထိုအချိန်တွင် ဘီလူးကြီးတစ်ကောင် ရောက်လာပြီး ဖိုးသားကို စားရန် ခြေထောက်ကို လှမ်းဆွဲလိုက်သည်။ ဖိုးသားသည် လန့်ပြီး “နမော ဗုဒ္ဓဿ”ဟု ရွတ်ဆိုလိုက်မိသည်။

ဘီလူးကြီးသည် “သူတော်ကောင်းလေးကို ပြစ်မှားမိပြီ”ဟု တွေးကြောက်ပြီး ထွက်ပြေးသွားသည်။

မနက်မိုးလင်းသောအခါ ဖခင်နှင့်အတူ ရွာသို့ ပျော်ရွှင်စွာ ပြန်လာခဲ့လေသည်။

“နမော ဗုဒ္ဓဿ” ရွတ်ကြစို့

edit

“နမော ဗုဒ္ဓဿ” ရွတ်ဆိုလျှင်၊
အန္တရာယ်တွေ ကင်းစင်။
အန္တရာယ်တွေ ကင်းစင်ဖို့၊
“နမော ဗုဒ္ဓဿ” ရွတ်ကြစို့။ ။

ဘုရားရှိခိုးမယ်

edit

သာသာယာယာ ညအခါ၊
ဘုရားရှိခိုးမှာ။
မေတ္တာဝေကာ ဆုခြွေတောင်း၊
ကျန်းမာကြစေကြောင်း။
ရွာဦးကျောင်းက စေတီသာ၊
အေးမြ လရောင်ဖြာ။
ကြည်ညိုကာ ဦးနှိမ်ချ၊
ဆီမီးပန်းလှူကြ။ ။

ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း

edit

လက်အုပ်ကိုပင်၊ ကြာငုံသွင်၊ အရင်ပြုလုပ်ပါ။
ခြေချ လက်ချ၊ ဒူးတံတောင်ချ၊ နဖူးချကာ ဦးချပါ။ ။

ရတနာသုံးပါးကို ရှိခိုးခြင်း

edit

မြတ်စွာဘုရားကို ရှိခိုးပါ၏ အရှင်ဘုရား။
တရားတော်မြတ်ကို ရှိခိုးပါ၏ အရှင်ဘုရား။
သံဃာတော်မြတ်ကို ရှိခိုးပါ၏ အရှင်ဘုရား။

သြကာသ ကန်တော့ချိုး

edit

သြကာသ သြကာသ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူ မျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။