ဘုရားအလောင်း ဖွားတော်မူခြင်း -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂) ဘုရားအလောင်း ဖွားတော်မူခြင်း (ကျောင်းသားကိုင်သို့)
339253ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂) ဘုရားအလောင်း ဖွားတော်မူခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

ဘုရားအလောင်း ဖွားမြင်တော်မူခြင်း

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားအလောင်း ဖွားမြင်တော်မူခြင်းကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း ဖွားမြင်တော်မူခြင်း ရုပ်ပုံများနှင့် ဆရာ၏ငယ်ဘဝ မိသားစု ဓာတ်ပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ မင်္ဂလာပါ၊ ပြီးခဲ့တဲ့ရက်က ဓမ္မစကူးလ်မှာ ဘာတွေ လုပ်ခဲ့ရလဲ၊ ဘုရား ရှိခိုးတာတွေ လုပ်ခဲ့ရတယ် မဟုတ်လား၊ သားတို့၊ သမီးတို့ ရှိခိုးခဲ့တဲ့ ဘုရားဆိုတာ ဘာလဲသိလား၊ ဒီနေ့ ဆရာက ဘုရားရဲ့ အကြောင်းကို ပြောပြမယ်နော်၊ နားထောင်ကြ မလား” စသည်ဖြင့် နိဒါန်းပျိုးပြီး အောက်ပါ သင်ယူမှုလုပ်ငန်းစဉ်များကို စတင်ပါ။

֍ပထမဦးဆုံး ဆရာက မိမိတွင် မိဘများရှိကြောင်း၊ မိမိကို မည်သည့်အရပ်ဒေသ၊ ဆေးရုံ သို့မဟုတ် အိမ်တွင် မွေးဖွားကြောင်း မိတ်ဆက်ပြောကြားပြီး အောက်ပါအတိုင်း အမေး အဖြေ ပြုလုပ်ပါ။

[သတိပြုရန် 1]

-သားသား၊ မီးမီးတို့မှာ ဖေဖေ မေမေ ရှိလား။
-ဖေဖေ့နာမည် ဘယ်လိုခေါ်လဲ၊ မေမေ့နာမည် ဘယ်လိုခေါ်လဲ။
-ဆရာ့ကို ဆရာ့မေမေက ဆေးရုံမှာ မွေးခဲ့တာ၊ သားတို့၊ သမီးတို့ကို မွေးတုန်းက ဘယ်မှာ မွေးတာတဲ့လဲ။
-မေမေရော ပြောပြလား၊ မောင်လေး၊ ညီမလေးတွေကို မွေးတုန်းက ဘယ်မှာ မွေးတာလဲ။

[သတိပြုရန် 2][သတိပြုရန် 3]

֍ထို့နောက် အောက်ပါ မေးခွန်းများမေးပါ။

-ဘုရားအလောင်းဆိုတာ ဘာလဲ သိလား။ (ဘုရားအလောင်းဆိုတာ ဘုရားဖြစ်မည့် သူကိုပြောတာ)
-ဘုရားအလောင်းကို ဘယ်မှာ မွေးတာလဲ၊ သိသလား။
-ဘုရားအလောင်းရဲ့ ဖေဖေ၊ မေမေဟာ ဘယ်သူလဲဆိုတာ သားတို့၊ သမီးတို့ သိကြသလား။

֍“ဒီနေ့ ဆရာက ဘုရားအလောင်း ဖွားမြင်တဲ့အကြောင်းကို ပြောပြမယ်”ဟု ဆိုပြီး ဘုရား အလောင်း ဖွားမြင်တော်မူခြင်းကို ရုပ်ပုံများအသုံးပြု၍ ပြောပြပါ။

ဘုရားအလောင်း ဖွားမြင်တော်မူခြင်း

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးနဲ့ မိဖုရားကြီးတစ်ပါး ရှိတယ်။ ဘုရင်ကြီးနာမည် ကတော့ ‘သုဒ္ဓေါဒန’ လို့ခေါ်ပြီး မိဖုရားကြီးရဲ့ နာမည်ကတော့ 'မာယာဒေဝီ'လို့ ခေါ်ပါတယ်။

တစ်နေ့မှာ မိဖုရားကြီးဟာ အလွန်ဆန်းကြယ်တဲ့ အိပ်မက်တစ်ခုကို မက်ခဲ့တယ်။ အိပ်မက် ထဲမှာ နတ်မင်းကြီးလေးပါးက မိဖုရားကြီးရဲ့ အိပ်ရာခုတင်ကို အလွန်လှပတဲ့ တောင်တန်း တွေဆီ သယ်သွားခဲ့ကြတယ်။ အဲဒီနောက် နတ်သမီးတွေ ရောက်လာပြီး မိဖုရားကြီးကို အမွှေးအကြိုင်တွေနဲ့ ရေချိုးပေးကြတယ်။ ရေချိုးပေးပြီးတော့ အလွန်တရာ နူးညံ့တဲ့ နတ် အိပ်ရာ ခုတင်ကြီးပေါ်မှာ အိပ်ခိုင်းလိုက်တယ်။ မိဖုရားကြီး အဲဒီခုတင်ပေါ်မှာ အိပ်ပျော်သွား တဲ့အခါ ဆင်ဖြူတော်လေး ရောက်လာခဲ့တယ်။ ဆင်ဖြူတော်လေးဟာ မိဖုရားကြီးကို လက်ျာ ရစ် လှည့်လည်ပြီးတော့ မိဖုရားကြီးရဲ့ ဝမ်းဗိုက်ထဲကို ဝင်သွားခဲ့တယ်။ နောက်တစ်နေ့မှာ မိဖုရားကြီးက နန်းတွင်းပညာရှိများကို သူ့အိပ်မက်အကြောင်း ပြောပြလိုက်တဲ့အခါ “မိဖုရား ကြီးမှာ ကိုယ်ဝန်ရှိနေပါပြီ၊ မြင့်မြတ်သန့်စင်တဲ့ သားတော်လေးတစ်ပါးကို မွေးဖွားမှာဖြစ်ပါ တယ်”လို့ နန်းတွင်းပညာရှိများက လျှောက်တင်ခဲ့ကြတယ်။

အဲဒီလို အိပ်မက်မက်ပြီး ဆယ်လလောက်ကြာတဲ့အခါမှာ မိဖုရားကြီးဟာ မိဘတွေ ရှိတဲ့မြို့ကို အလည်သွားချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့လို့ ဘုရင်ကြီးထံမှာ ခွင့်တောင်းခဲ့ပါတယ်။ ဘုရင်ကြီးက မိဖုရားကြီး လမ်းခရီးမှာအဆင်ပြေအောင် အခြွေအရံတွေအများကြီး ထည့် ပေးလိုက်ပါတယ်။ မိဖုရားကြီးလည်း နောက်လိုက်နောက်ပါ အခြွေအရံတွေနဲ့အတူ ခရီးသွား ရင်း .. အင်ကြင်းဥယျာဉ်ကြီးတစ်ခုဆီကို ရောက်လာခဲ့တယ်။ အင်ကြင်းဥယျာဉ်ကြီးထဲမှာ ရောင်စုံပိတုန်းလေးတွေ၊ အသံအမျိုးမျိုး တွန်ကျူးနေတဲ့ ရောင်စုံငှက်ကလေးတွေလည်း အများကြီးရှိတယ်။ မိဖုရားကြီးတို့ ရောက်လာတဲ့အချိန်မှာ ငှက်ကလေးတွေက ပျော်ရွှင်စွာ သီချင်းတွေ ဆိုနေကြတယ်။ အင်ကြင်းပန်းတွေလည်း.. အင်ကြင်းဥယျာဉ်ကြီးတစ်ခုလုံး မွှေးကြိုင်နေအောင် ပွင့်နေကြတယ်။ အလွန်သာယာဖွယ်ကောင်းနေတဲ့ အင်ကြင်းဥယျာဉ် ကြီးကို မြင်တွေ့ရတော့ မိဖုရားကြီးဟာ ဥယျာဉ်ထဲကို လျှောက်လည်ကြည့်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်။

မိဖုရားကြီး အင်ကြင်းဥယျာဉ်ထဲကို ဝင်လိုက်တာနဲ့ နတ်သား၊ နတ်သမီးတွေဟာ “ဘုရားအလောင်းမင်းသား ဖွားမြင်တော့မယ်၊ သွားကြည့်ပြီး ပူဇော်ကြမယ်ဟေ့” လို့ အချင်း ချင်း ပြောကြားပြီး အင်ကြင်းဥယျာဉ်ကြီးရဲ့ ကောင်းကင်ထက်မှာ ဘုရားအလောင်းလေးကို ပူဇော်ဖို့ ပန်းနံ့သာ အမွှေးအကြိုင်တွေနဲ့ လာရောက်ပြီး စုရုံးနေခဲ့ကြတယ်။ အဲဒီအချိန်မှာ မိဖုရားကြီးဟာ အင်ကြင်းပင်ကြီးတစ်ပင်က အကိုင်းတစ်ကိုင်းကို ကိုင်ပြီး သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်လေးကို ဖွားမြင်တော်မူခဲ့တယ်။ ဘုရားအလောင်းတော်လေးဟာ မွေးမွေးပြီးချင်း ခြေလှမ်းခုနစ်လှမ်း လှမ်းကြွတော်မူခဲ့ပါတယ်။

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁ - ၁၂ဝ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း ဖွားတော်မူခန်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားအလောင်း ဖွားမြင်တော်မူခြင်းအကြောင်းကို ပြန်လည်ဆက်စပ်ပြောပြပြီး ကလေး များကို အောက်ပါမေးခွန်းများ မေးပါ။

-ဘုရားအလောင်း မင်းသားလေးရဲ့ ဖေဖေ့နာမည် ဘယ်လိုခေါ်သလဲ။
-ဘုရားအလောင်း မင်းသားလေးရဲ့ မေမေ့နာမည်ရော ဘယ်လိုခေါ်သလဲ။
-မိဖုရားကြီးဟာ ဘယ်လို အိပ်မက်မက်ခဲ့သလဲ။ (အချိန်ပေးပြီး ဖြေဆိုကြပါစေ။)
-ဘယ်သူတွေက မိဖုရားကြီးကို တောင်တန်းကြီးတွေဆီကို သယ်သွားခဲ့တာလဲ။
-နတ်မင်းကြီးလေးပါးဟာ မိဖုရားကြီးကို ဘယ်နေရာကို ခေါ်သွားခဲ့တာလဲ။
-မိဖုရားကြီး အိပ်ပျော်သွားတော့ ဘယ်သူ ရောက်လာခဲ့သလဲ။
-အိပ်မက်ထဲမှာ မိဖုရားကြီးရဲ့ ဝမ်းဗိုက်ထဲကို ဘာဝင်သွားခဲ့တာလဲ။
-ဘယ်သူတွေက မိဖုရားကြီးကို အမွှေးအကြိုင်တွေနဲ့ ရေချိုးပေးတာလဲ။
-မိဖုရားကြီးမှာ အခြွေအရံတွေ အများကြီးပါတယ်နော်၊ အဲဒီ အခြွေအရံဆိုတာသိလား။

֍ထို့နောက် အောက်ပါ ကဗျာကို သင်ပေးပါ။

ဘုရားအလောင်း ဖွားတော်မူခန်း

သုဒ္ဓေါဒန ဖခင်ပါ၊
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်
မယ်မာယာ မြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်၊
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော် တသောင်းသောင်း။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများ ပျော်ရွှင်တက်ကြွစေရန်အတွက် ပထမဦးဆုံး အောက်ပါသီချင်းကဗျာကို အမူအရာဖြင့် သင်ပေးပါ။

(ဘုရင်ကြီးလို လျှောက်)၂ (ဘုရင်ကြီးလို)၃ လျှောက်
(မိဖုရားကြီးလို လျှောက်)၂ (မိဖုရားကြီးလို)၃ လျှောက်
(နတ်သမီးလို လျှောက်)၂ (နတ်သမီးလို)၃ လျှောက်
(ဆင်ဖြူလေးလို လျှောက်)၂ (ဆင်ဖြူလေးလို)၃ လျှောက်
(မင်းသားလေးလို လျှောက်)၂ (မင်းသားလေးလို)၃ လျှောက်

֍ထို့နောက် “အခု ဆရာတို့ ကစားကြမယ်၊ ကစားချင်ကြလား”ဟု မေးပါ။

- “အခု ကျောက်ရုပ်လုပ်တမ်း ကစားမယ်၊ အရင်ဆုံး ဆရာက သီချင်းကဗျာကို ဆိုနေ မယ်၊ သားတို့၊ သမီးတို့က အခု အတန်းထဲမှာ လမ်းလျှောက်နေရမယ်”
-“လမ်းလျှောက်နေတဲ့အချိန်မှာ အမူအရာပါလုပ်ပြီး လမ်းလျှောက်သွားနေရမယ်”
-“တကယ်လို့ ဆရာရဲ့ သီချင်းကဗျာရွတ်တဲ့အသံ ရပ်သွားရင် သားတို့၊ သမီးတို့ လည်း ကိုယ်ရောက်တဲ့နေရာမှာ လုပ်လက်စ အမူအရာအတိုင်း ကျောက်ရုပ်လို ရပ်နေရမယ်၊ တကယ်လို့ လှုပ်သွားရင် ရှေ့ထွက်ပြီး သီချင်းကဗျာ ဆိုရမယ်နော်” ဟု ပြောပါ။ ထို့နောက် နှစ်ခေါက်၊ သုံးခေါက် ကစားကြပါစေ။

֍ကလေးများ သီချင်းကဗျာနှင့် အမူအရာ ကောင်းစွာရပြီးမှ ကစားပါ။

֍ဆရာက သီချင်းကဗျာကို ရပ်ချင်သည့်အချိန်တွင် ရပ်နိုင်သည်။ ကလေးများ ကျောက်ရုပ်လို ငြိမ်သက်နေလျှင် လှုပ်ရှားလာစေရန် ဟာသလုပ်ပေးပါ။ လှုပ်ရှားသော ကလေး သုံး/လေးယောက်ရှိလျှင် သီချင်းကဗျာကို အမူအရာဖြင့် သီဆိုကြပါစေ။ ကျန်ကလေး များက စက်ဝိုင်းပုံသဏ္ဌာန်ဝိုင်း၍ သီချင်းကဗျာကို ဝိုင်းဝန်းသီဆိုကြပါစေ။

[သတိပြုရန် 4]

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်းမင်းသားလေး ဖွားမြင်တော်မူသည့်ပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပထမဦးဆုံး ဆရာက “သားတို့၊ သမီးတို့ ပန်းချီဆေးခြယ်ရအောင်”ဟု ပြောပြီး အောက်ပါ မေးခွန်းများကို မေးပါ။

-“အခု ဆေးခြယ်မယ့်ပုံက ဘာပုံလဲ သိသလား၊ ဘာပုံလို့ ထင်သလဲ၊ ပုံထဲမှာ ဘာတွေ ပါမယ်ထင်သလဲ၊ ပြောပြပါဦး”။
-“ပန်းချီပုံလေးက ဘာပုံလဲဆိုတာ သေချာသွားအောင် ဆေးခြယ်ကြရအောင်နော်”ဟု ပြောပါ။

֍ထို့နောက် ပန်းချီပုံများကို ဆေးခြယ်ကြပါစေ။

֍ပန်းချီ ဆေးခြယ်ပြီးသောအခါ ဆရာက “အခု ပန်းချီပုံလေးက ဘာပုံလဲဆိုတာ သေချာ သိပြီလား” ဟု ထပ်မံမေးမြန်းပြီး ပြောပြပါ။

֍ထို့နောက် ကလေးများဆေးခြယ်ထားသည်မှာ လှပကြောင်းနှင့် ပန်းချီပုံသည် ဘုရား အလောင်းမင်းသားလေး ဖွားမြင်တော်မူသည့်ပုံ ဖြစ်ကြောင်း ပြောပြပေးပါ။

“ဆရာတို့ ဗုဒ္ဓဘုရားရှင်ဟာ ဘုရင်ကြီးသုဒ္ဓေါဒနနဲ့ မိဖုရားကြီးမာယာဒေဝီက မွေးဖွားလာ တဲ့ မင်းသားလေးတစ်ပါး ဖြစ်တယ်။ သူ့နာမည်က သိဒ္ဓတ္ထလို့ ခေါ်တယ်။ သူ့ကို လှပတဲ့ အင်ကြင်းဥယျာဉ်ထဲမှာ မွေးတယ်ဆိုတာတွေကို သိခဲ့ကြပြီးပြီ။ နောက်တစ်ပတ်လာတဲ့ အခါ ဘုရားရှင်အကြောင်းကို ဆက်ပြီး နားထောင်ကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ဆရာ၏ ငယ်ဘဝ မိသားစု ဓာတ်ပုံကို ပြသပြီး ပြောပြနိုင်သည်။
  2. ကလေးများက ဆေးရုံ၊ ဆေးခန်း၊ အိမ် စသည်ဖြင့် ပြောကြပါလိမ့်မည်။
  3. ကလေးအားလုံးအား ပြောပြခွင့်ပေးရန် ဖြစ်သည်။
  4. ကလေးများကို အပြစ် ပေးသလို မဖြစ်စေရပါ။