ဓမ္မစကူးလ် သွားကြမယ် -ဆရာ

339252ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁) ဓမ္မစကူးလ် သွားကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁)

ဓမ္မစကူးလ် သွားကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ ဓမ္မစကူးလ်တွင်လုပ်ဆောင်ကြမည့် လုပ်ငန်းများကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ အရုပ်တစ်ခုစီပါသော ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါအတိုင်း နိဒါန်းပျိုးပါ။

-“သားတို့၊ သမီးတို့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြရအောင်”
-“ဒီကတ်ပြားပေါ်မှာ တိရစ္ဆာန်ပုံလေးတွေပါတယ်၊ ကိုယ်ရတဲ့ တိရစ္ဆာန်ပုံနဲ့ တူတဲ့ ကတ်ပြားကို တခြားသူငယ်ချင်းတွေဆီမှာ ရှာကြည့်ပါ”

֍ကတ်ပြားတစ်ခုစီ ဝေပေးပါ။

֍မိမိရရှိထားသော ကတ်ပြားနှင့် တူသောကတ်ပြားကို အခြားကလေးဆီမှာ ရှာခိုင်းပါ။

[သတိပြုရန် 1]

֍နာမည်မေးခိုင်းပါ။

֍ကလေးများ မိတ်ဆက်ပြီးသည်အထိ စောင့်ကြည့်နေပါ။

[သတိပြုရန် 2]

֍ပြီးလျှင် အောက်ပါအတိုင်း ဆရာက မိတ်ဆက်ပြပါ။

“မင်္ဂလာပါ ကလေးတို့၊ ဆရာ/ဆရာမ နာမည်က ဦး/ဒေါ် ....ပါ”
“ဆရာက သားတို့၊ သမီးတို့နဲ့ အတူတူရှိနေမယ့်သူပါ”
“ဒီတစ်ခါ ကတ်ပြားထဲမှာ ..အရုပ်ဆင်တူရထားတဲ့သူနှစ်ယောက် ရှေ့ထွက်လာပြီး အားလုံးနဲ့ မိတ်ဆက်ရအောင်”
ဥပမာ - ဆင်ရုပ်ပါသော ကတ်ပြားရထားသူကို ခေါ်လိုက်ပါ။ နာမည် ပြောပြခိုင်းပါ။ အားလုံးကြားအောင် မိတ်ဆက်ပေးပါ။ ထိုသူကိုလည်း “သား/သမီးရဲ့ အရုပ်နဲ့တူတဲ့ သူ့ရဲ့ နာမည် သိပြီလား”ဟု မေးပါ။ မတ်တတ်ရပ်ပြခိုင်းပါ။

[သတိပြုရန် 3]

֍အားလုံး အတွဲလိုက် မိတ်ဆက်ပြီးပါက အောက်ပါအတိုင်း ရှင်းပြပါ။ “ဒီနေ့ကစပြီး တို့ အားလုံး သူငယ်ချင်းတွေ ဖြစ်သွားပြီ၊ တစ်ပတ်မှာတစ်ရက် ဒီကျောင်းမှာ ဆုံကြရအောင်၊ တို့အတူတူ ဓမ္မစကူးလ်တက်ကြမယ်”

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဓမ္မစကူးလ်သွားကြမယ် သီချင်းနှင့် ဓမ္မစကူးလ်ကဗျာ

သင်ယူမှုလုပ်ငန်းစဉ်

ဓမ္မစကူးလ်အကြောင်းကို စတင်မိတ်ဆက်ပေးပါ။

ထို့နောက် ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီး “ဓမ္မစကူးလ်မှာ ဘာတွေလုပ်ရ မယ်လို့ ထင်သလဲ” “ဘာတွေ လုပ်ချင်လဲ”ဟူသော မေးခွန်းများကိုမေးမြန်းပြီး ကလေးများအဖြေအပေါ်မူတည်၍ ဆရာက လိုအပ်သလိုပြောပြပါ။

အတိုင်းအတာတစ်ခုအထိ အချိန်ပေးပြီး အုပ်စုအလိုက် ဆွေးနွေးချက်များကို အုပ်စု ကိုယ်စားလှယ်တစ်ဦးက ကျန်အတန်းသားအားလုံးကို ပြန်လည်ပြောပြပါစေ။

ထို့နောက် “ဓမ္မစကူးလ်သွားကြမယ်”သီချင်းကဗျာနှင့် “ဓမ္မစကူးလ်” ကဗျာကို အမူအရာ ဖြင့် ရွတ်ဆိုတတ်လာအောင် သင်ကြားပေးပါ။

ဓမ္မစကူးလ် သွားကြမယ်

လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဘုန်းဘုန်းတွေ့ မယ် ... ဆရာလေးတွေ့ မယ် ... ကုသိုလ်တွေရမယ်
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ် ... သိမ်မွေ့ ရမယ် .... ပျော်ရွှင်သွားရမယ် ...။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ဆေးရောင်ခြယ်မယ် ... ပုံပြောပြမယ် ... သီချင်းတွေ ဆိုကြမယ် ...။
လာပါ သူငယ်ချင်း ဓမ္မစကူးလ် သွားကြမယ်။
ယဉ်ကျေးရမယ် ... သိမ်မွေ့ ရမယ် ... ပျော်ရွှင်သွားရမယ်

ဓမ္မစကူးလ်

ဓမ္မစကူးလ် ဓမ္မစကူးလ်၊
တရားတွေသင်တဲ့ ဓမ္မစကူးလ်။
ဓမ္မစကူးလ် သွားမှသာ၊
တရားတွေ သင်ရမှာ။
တရားတွေ သင်ယူဖို့၊
ဓမ္မစကူးလ် သွားကြစို့။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ပျော်စရာဓမ္မစကူးလ် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဓမ္မစကူးလ်သွားတဲ့ မောင်မောင်ရဲ့ အကြောင်းကို ပြောပြမယ်”ဟု အစချီပြီး နိဒါန်းပျိုးပါ။

֍သရုပ်ဖော်ပုံများကို ကလေးများဘက်သို့ပြပြီး ဇာတ်လမ်းကို ပြောပြပါ။

ပျော်စရာဓမ္မစကူးလ်

မောင်မောင်ဟာ အဆော့မက် ကစားမက်တဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ မေမေက “သားရေ မေမေ့ကို ဒါလေး လာကူပေးပါလားလို့ ပြောရင် သူက “ဟင့်အင်း သား ကစားချင်သေးတယ် မေမေ”လို့ ပြန်ဖြေတယ်။ မေမေက “သားရေ .. ဒီအမှိုက်လေးကို အမှိုက်ပုံးထဲ သွားထည့်ပေးပါလား”လို့ ပြောရင်လည်း “ဟင့်အင်း ... မေမေ သား ကစားနေ တာ မပြီးသေးဘူး”လို့ ပြန်ဖြေတတ်တယ်။ မေမေက ညအိပ်ရာဝင်ခါနီးရင် “သားရေ ဘုရား ရှိခိုးကြရအောင်”လို့ ခေါ်ရင်လည်း သူက အိပ်ပျော်ချင်ယောင် ဆောင်နေတတ်တယ်။

တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းမောင်ဦးကို ကစားဖို့သွားခေါ်တော့ “ငါ အခု ကစားချိန်မရတော့ဘူး၊ မမတို့နဲ့ ဓမ္မစကူးလ်ကျောင်းကို သွားမလို့”ဆိုပြီး မောင်ဦးက ပြောတယ်။ မောင်မောင်ဟာ သူငယ်ချင်းဖြူဖြူ ရဲ့ အိမ်ကို သွားတဲ့အခါမှာလည်း “ဖြူဖြူ ဓမ္မ စကူးလ်ကျောင်းကို သွားတယ် သားရေ”လို့ ဖြူဖြူရဲ့ မေမေက ပြောလိုက်တယ်။ မောင်မောင် ဟာ အံ့ဩသွားပြီး “သူငယ်ချင်းတွေအားလုံး ဓမ္မစကူးလ်ကို သွားနေကြပါလား”လို့တွေးကာ အိမ်ကိုပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်တော့ မေမေက “သားရေ ဓမ္မစကူးလ်ကို သွားဖို့ အင်္ကျီလဲရအောင်” လို့ ခေါ်တယ်။ မောင်မောင်က “ဟာ မေမေကလည်း သား မသွားချင်ပါဘူး၊ ကစားချင်သေး တယ်”လို့ ဆိုတော့ မေမေက “ဓမ္မစကူးလ်မှာလည်း ကစားရပါတယ်သားရယ်၊ သူငယ်ချင်း တွေလည်း အများကြီးရှိတယ်။ ဒီတစ်ရက်တော့ သွားကြည့်လိုက်ရအောင်နော် လို့ ချော့ ပြောတာမို့ ခေါင်းညိတ်လိုက်တယ်။

မေမေက ဓမ္မစကူးလ်ကို လိုက်ပို့ပေးတယ်၊ မောင်မောင်က “ဟင် ဓမ္မစကူးလ်ဆိုတာ ဘုန်းဘုန်းတွေလည်း ရှိတယ်၊ ဟိုမှာ အတန်းပိုင်ဆရာမလည်း ရှိနေပါလား၊ ငါ့လို ဓမ္မစကူးလ်ကိုလာတဲ့သူတွေ အများကြီးပဲ၊ အိုး ပျော်လိုက်တာ၊ သူငယ်ချင်းအသစ်တွေ အများကြီးရတော့မယ်၊ ဟာ ဟိုမှာ မောင်ဦးနဲ့ ဖြူဖြူပဲ”ဆိုပြီး ကျောင်းမတက်ရသေးခင်မှာပဲ မောင်မောင်ဟာ အလွန်ပျော်နေတော့တယ်။ မောင်ဦးတို့ကလည်း မောင်မောင့်ကို သူတို့ဆီ လာခဲ့ဖို့ ခေါ်ကြတယ်။

[သတိပြုရန် 4]

မောင်မောင် အိမ်ပြန်ရောက်တော့ “သားရေ... ဒီနေ့ ဓမ္မစကူးလ်မှာ ဘာတွေလုပ်ခဲ့ရလဲ” လို့ မေမေက မေးတယ်။ မောင်မောင်က “သား ဒီနေ့ ဓမ္မစကူးလ်မှာ မမတို့ ဘုရား ပန်းကပ်တာကို ဝိုင်းကူပေးရတယ်၊ အမှိုက်လည်း ကောက်ရတယ်၊ ဘုရားလည်း ရှိခိုးရတယ်၊ ဇာတ်လမ်းလည်း နားထောင်ရတယ်၊ သီချင်းလည်း ဆိုရတယ်၊ သူငယ်ချင်းတွေနဲ့လည်း ကစားရတယ်၊ ဘုန်းဘုန်း (ဆရာလေး၊ ဆရာ/မ) က နောက်တစ်ပတ် တနင်္ဂနွေနေ့ကျရင် လည်း လာခဲ့ကြဦးလို့ မှာလိုက်တယ်မေမေ”လို့ ပျော်ရွှင်နေတဲ့ မျက်နှာလေးနဲ့ အားရပါးရ ပြန် ဖြေတယ်။

ဒီတော့ မေမေက “သားကရော နောက်တစ်ပတ် တနင်္ဂနွေနေ့ကျရင် ဓမ္မစကူးလ်ကို သွားဦးမှာလား”လို့ ထပ်မေးတယ်။ ဒီအခါမှာတော့ မောင်မောင်က “ဟုတ်ကဲ့ မေမေ သား သွားပါ့မယ်။ ပျော်စရာကောင်းတဲ့ ဓမ္မစကူးလ်ကို သား အပတ်စဉ်တိုင်း သွားပါတော့မယ်”လို့ သွက်သွက်လက်လက်လေး ပြန်ဖြေလိုက်ပါတော့တယ်။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။ 

-မောင်မောင့်သူငယ်ချင်းတွေက ဘယ်သူတွေလဲ။ သူတို့ ဘယ်ကို သွားကြသလဲ။
-အဲဒီအချိန်မှာ မောင်မောင်က ဘာလုပ်နေသလဲ။ 
-မောင်မောင့်အမေက မောင်မောင်ကို ဘယ်ခေါ်သွားလဲ။ 
-မောင်မောင်ဘယ်သူတွေကို တွေ့သလဲ။ မောင်မောင် ဘာတွေ လုပ်ခဲ့သလဲ။
ဘုန်းဘုန်း/ဆရာလေး/ ဆရာ/ဆရာမက ဘာမှာလိုက်သလဲ။ မောင်မောင် ဘာလုပ်မယ် ထင်သလဲ။
သားတို့၊ သမီးတို့ရော ဓမ္မစကူးလ် လာဦးမလား။ 
-ဓမ္မစကူးလ်ရောက်ရင် သားတို့၊ သမီးတို့ ဘာတွေလုပ်မလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဓမ္မစကူးလ်တွင် ကလေးများ ဘုရားရှိခိုးနေကြပုံ၊ ဘုရားပန်းများ ကပ်နေကြပုံ၊ စာသင်နေကြပုံ၊ အုပ်စုလိုက် စုပေါင်းပြီး ကစားနေကြပုံ၊ ဘုန်းတော်ကြီး/ဆရာလေး၊ ဆရာများကို ဝိုင်းလျက် ဇာတ်လမ်းနားထောင်နေ ကြပုံ စသည့် ပုံရိပ်များပါဝင်သော ပိုစတာကြီး၊ ဓမ္မစကူးလ်ကနေ အိမ်ပြန်မယ် သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ပိုစတာကြီးကို အားလုံးမြင်အောင်ပြပြီး အောက်ပါအတိုင်း သင်ခန်းစာကို စတင်ပါ။

֍ပိုစတာကြီးကို ကြည့်စေပြီး “ဒီထဲမှာ ဘာတွေတွေ့ သလဲ”၊ “ပုံထဲက ကလေးတွေ ဘာတွေလုပ်နေကြသလဲ”ဟု မေးပါ။ ကလေးများပြောသမျှ လက်ခံပြီး ချီးကျူးပေးပါ။ သူတို့၏တွေ့ ရှိချက်များကို လွတ်လပ်စွာ ပြောခွင့်ပေးထားပါ။

֍ကလေးများအား လွတ်လပ်စွာ ပြောခွင့်၊ ကြည့်ခွင့်ပေးထားပြီး “ပုံထဲက ကလေးတွေဟာ ဓမ္မစကူးလ်လာတက်ကြတဲ့ ကလေးတွေပါ၊ သူတို့က ဓမ္မစကူးလ်မှာ ဘုရားအကြောင်း၊ တရားအကြောင်း၊ သံဃာအကြောင်းတွေ သင်ယူကြရတယ်၊ ဇာတ်လမ်းတွေလည်း နားထောင်ကြရတယ်၊ ကဗျာတွေလည်း ရွတ်ဆိုကြရတယ်။ သူတို့လိုလုပ်ရမယ်ဆိုရင် ကလေးတို့ရော ပျော်ကြမှာလား....” စသည်ဖြင့် ဖြည့်စွက်ပြောပြပါ။

֍ထို့နောက် အောက်ပါ သီချင်းကဗျာကို ဟန်အမူအရာ၊ အသံနေအသံထား မှန်ကန်စွာဖြင့် သီဆိုတတ်အောင် သင်ပေးပါ။

ဓမ္မစကူးလ်ကနေ အိမ်ပြန်မယ်

ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ်၊
ဘုရားဝတ်ပြုကြစို့ကွယ်။
ဘုန်းဘုန်း (ဆရာလေး) ကိုလည်း ကန်တော့မယ် ...
ဆရာမကိုလည်း ကန်တော့မယ် ...
နှုတ်ဆက်ကြစို့ကွယ် ...။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ်၊
ပစ္စည်းတွေလည်း သိမ်းစို့ကွယ်။
ဟိုဟိုဒီဒီလည်း မသွားဘူးကွယ် ...
ရန်လည်း မဖြစ်ဘူးကွယ်
အိမ်ကို အရောက်ပြန်မယ် ...။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ်၊
သူငယ်ချင်းတွေလည်း နှုတ်ဆက်မယ် ...
ကျောင်းလည်း မပျက်ဘူးကွယ် ..
နောက်တစ်ပတ်တွေ့ ကြမယ် ...
တာ့တာ တာ့တာကွယ် ...
အို ... တာ့တာ တာ့တာကွယ် ...။

  1. ကတ်ပြားများတွင် တိရစ္ဆာန်ပုံလေးများကို ကြိုတင် ရေးဆွဲထားပါ။ တိရစ္ဆာန်တစ်မျိုးကို ကတ်ပြား (၂) ခုစီဆွဲပါ။
  2. ဆရာ စိတ်ကူးရှိသလို အရောင်လေးများနှင့်လည်း ရေးဆွဲထားနိုင်ပါ
  3. ပုံတူရှာရန်ခက်ခဲသော ” ကလေးများကို ဆရာက ကူညီရှာပေးရမည်။
  4. သီလရှင်ကျောင်း ဖြစ်လျှင် “ဟင် ... ဆရာလေးတို့ပါလား” စသည်ဖြင့် ပြောင်းလဲ ပြောပြရန် ဖြစ်သည်။