ဘုရားအလောင်း ဖွားမြင်တော်မူခြင်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၂) ဘုရားအလောင်း ဖွားမြင်တော်မူခြင်း (ကျောင်းသားကိုင်သို့)
339294ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂) ဘုရားအလောင်း ဖွားမြင်တော်မူခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂)

ဘုရားအလောင်း ဖွားမြင်တော်မူခြင်း

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားအလောင်း ဖွားတော်မူခြင်းအကြောင်းကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မွေးကာစ ကလေးငယ်တစ်ဦးအရွယ်မှ စကားပြောတတ်သည့်အရွယ်ထိ အဆင့်ဆင့် ကြီးပြင်းလာသောရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍မွေးကာစ ကလေးငယ်တစ်ဦးအရွယ်မှ စကားပြောတတ်သည့်အရွယ်ထိ အဆင့်ဆင့် ကြီးပြင်းလာပုံ ရုပ်ပုံများကို အစဉ်လိုက်မဟုတ်ဘဲ သင်ပုန်းတွင် ကပ်ထားပါ။ ထို့နောက် ရုပ်ပုံများညွှန်ပြကာ အောက်ပါမေးခွန်းများကို မေးပါ။

- ရုပ်ပုံလေးတွေထဲက မွေးကာစ ရုပ်ပုံလေးကို ရှာပြပါဦး။
- မွေးကာစအရွယ်ကနေ တဖြည်းဖြည်းကြီးလာတဲ့အခါ ဘာလုပ်တတ်လာသလဲ။ ဘယ် ရုပ်ပုံလေးဖြစ်မလဲ။ ရှာပြပါဦး။

မှတ်ချက် ။ ။ ကလေးများ ညွှန်ပြသည့် ရုပ်ပုံများကို ဆရာက သင်ပုန်းတွင် အစဉ်လိုက် ပြန်ကပ်ပေးပါ။

֍သင်ပုန်းတွင် အစဉ်လိုက်ကပ်ထားသော ရုပ်ပုံများကို ညွှန်ပြ၍ လူအားလုံးသည် သဘာဝ အရ အဆင့်ဆင့် ကြီးပြင်းလာကြကြောင်း၊ သို့သော် ဘုရားရှင်ကမူ သာမန်လူများနှင့် မတူကြောင်း ပြောပြပါ။

֍“မြတ်စွာဘုရား ဘယ်လိုမွေးလာတယ်ဆိုတာကို ဆရာက နောက်တစ်ချိန်မှာ ပြောပြ မယ်”ဟုပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း ဖွားမြင်တော်မူခြင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားအလောင်း ဖွားမြင်တော်မူခြင်းအကြောင်းသရုပ်ဖော် ရုပ်ပုံများကို ကြည့်ကြပါစေ။ ရုပ်ပုံများကို ထောက်ပြပြီး ֍ဘုရားအလောင်းဖွားမြင်တော်မူခြင်းအကြောင်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ဘုရားအလောင်း ဖွားမြင်တော်မူခြင်း

ဟိုးရှေးရှေးတုန်းက ကပိလဝတ်လို့ခေါ်တဲ့ သာယာလှပတဲ့ မြို့လေးတစ်မြို့ ရှိတယ်။ အဲဒီမြို့ လေးမှာ ဘုရင်သုဒ္ဓေါဒနနဲ့ မိဖုရားမာယာတို့ အုပ်ချုပ်စိုးစံနေခဲ့ကြတယ်။ သူတို့မှာ အသက်အတော်ကြီးတဲ့အထိ သားသမီး မထွန်းကားခဲ့ကြတော့ သားသမီး အလွန်လိုချင် နေကြတယ်။ တစ်နေ့မှာ မိဖုရားကြီးဟာ အိပ်မက်မြင်မက်ခဲ့တယ်။ အိပ်မက်ထဲမှာ နတ်မင်းကြီး လေးပါးက မိဖုရားကြီးနဲ့တကွ မိဖုရားကြီးရဲ့ အိပ်ရာခုတင်ကို အလွန်လှပတဲ့ တောင်တန်းတွေ ကြားက ရေအိုင်ကြီးတစ်ခုဆီကို သယ်သွားခဲ့ကြပြီး အင်ကြင်းပင်ကြီးတစ်ပင်အောက်မှာ ထား လိုက်ကြတယ်။ အဲဒီနောက် နတ်မိဖုရားများ ရောက်လာပြီး မိဖုရားကြီးကို အမွှေးအကြိုင်တွေ နဲ့ ရေချိုးပေးကြတယ်။ ရေချိုးပေးပြီးတော့ အလွန်တရာ နူးညံ့တဲ့ နတ်အိပ်ရာခုတင်ကြီးပေါ်မှာ အိပ်စေတယ်။ မိဖုရားကြီးက အဲဒီခုတင်ပေါ်မှာ အိပ်ပျော်သွားတဲ့အခါ ဆင်ဖြူတော်တစ်စီး ရောက်လာခဲ့တယ်။ ဆင်ဖြူတော်ဟာ မိဖုရားကြီးကို လှည့်ပတ်ပြီးတော့ မိဖုရားကြီးရဲ့ ဝမ်းဗိုက် ထဲကို ဝင်သွားခဲ့တယ်။

ဒီအိပ်မက်ဟာ နတ်ပြည်က ဘုရားအလောင်းနတ်သား မိဖုရားမာယာရဲ့ ဝမ်းဗိုက် ထဲမှာ သန္ဓေလာတည်တာ ဖြစ်ပါတယ်။ မိဖုရားကြီးရဲ့အိပ်မက်ကို ကြားသိရတဲ့အခါ သုဒ္ဓေါဒန မင်းကြီးက နန်းတွင်းပညာရှိတွေကို မေးမြန်းခဲ့တယ်။ ပညာရှိတွေက ထူးခြားမြင့်မြတ်တဲ့ သား ယောက်ျားဖွားမယ့် နိမိတ်ဖြစ်ကြောင်း လျှောက်ထားခဲ့ကြတယ်။ အဲဒီလို သန္ဓေတည်ပြီး ဆယ်လလောက်ကြာတဲ့အခါမှာ မိဖုရားကြီးဟာ မိဘတွေကို တွေ့ ချင်တာနဲ့ သူ့မိဘတွေရှိရာ ဒေဝဒဟပြည်ကို ခရီးထွက်လာခဲ့တယ်။ နောက်လိုက်နောက်ပါ အခြွေအရံတွေနဲ့အတူ ခရီး သွားရင်း ပြည်နယ်နှစ်ခုအကြားက အင်ကြင်းဥယျာဉ်ကြီးတစ်ခုဆီကို ရောက်လာခဲ့တယ်။ အင်ကြင်းဥယျာဉ်ကြီးထဲမှာ ရောင်စုံပိတုန်းလေးတွေ၊ ရောင်စုံပြီး အသံအမျိုးမျိုး တွန်ကျူးနေ တဲ့ ငှက်ကလေးတွေလည်း အများကြီးရှိပါတယ်။ မိဖုရားကြီးတို့ ရောက်လာတဲ့အချိန်မှာ ငှက်ကလေးတွေလည်း ပျော်ရွှင်စွာ သီချင်းတွေ ဆိုနေခဲ့ကြတယ်။ အင်ကြင်းပန်းတွေကလည်း အင်ကြင်းဥယျာဉ်ကြီး တစ်ခုလုံး မွှေးကြိုင်နေအောင် ပွင့်နေကြတယ်။ အလွန်သာယာဖွယ် ကောင်းတဲ့ အင်ကြင်းဥယျာဉ်ကြီးကို မြင်တွေ့ ရတော့ မိဖုရားကြီးဟာ ဥယျာဉ်ထဲကို လျှောက် လည်ကြည့်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်။

မိဖုရားကြီး အင်ကြင်းဥယျာဉ်ထဲကို ဝင်လိုက်တာနဲ့ နတ်သား၊ နတ်သမီးတွေဟာ “ဘုရားအလောင်း မင်းသား ဖွားမြင်တော့မယ်၊ သွားကြည့်ပြီး ပူဇော်ကြမယ်ဟေ့လို့ အချင်းချင်း ပြောကြားပြီး အင်ကြင်းဥယျာဉ် ကောင်းကင်ထက်မှာ ဘုရားအလောင်းလေးကို ပူဇော်ဖို့ ပန်းနံ့သာ အမွှေးအကြိုင်တွေနဲ့ လာရောက်ပြီး စုရုံးနေခဲ့ကြတယ်။ အဲဒီအချိန်မှာ မိဖုရားကြီး ဟာ .. အင်ကြင်းပင်ကြီးတစ်ပင်က အကိုင်းတစ်ကိုင်းကိုကိုင်ပြီး သိဒ္ဓတ္ထမင်းသား ဘုရား အလောင်းတော်လေးကို ဖွားမြင်တော်မူခဲ့ပါတယ်။ ဖွားမြင်တော်မူပြီးပြီးချင်းမှာပဲ .. ဘုရား အလောင်းမင်းသားလေးဟာ ခြေလှမ်းခုနစ်လှမ်း လှမ်းကြွတော်မူပြီး လောကမှာ ငါသာ အမြတ်ဆုံး၊ ငါသာ အကြီးဆုံး၊ ငါသာ အသာဆုံးလို့ ကြွေးကြော်ခဲ့ပါတယ်။

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁-၁၂ဝ။

-ဘုရားအလောင်းဖွားမြင်တော်မူခြင်းအကြောင်းကို ပြောပြပြီးနောက် ကလေးများကို အောက်ပါ မေးခွန်းများမေးပါ။
-ဘုရားအလောင်းရဲ့ အမေဟာ ဘယ်လို အိပ်မက်မက်ခဲ့သလဲ။
-ဘုရားအလောင်းကို ဘယ်နေရာမှာ မွေးခဲ့သလဲ။
-ဘုရားအလောင်းဟာ မွေးပြီးပြီးချင်း ဘာလုပ်ခဲ့သလဲ။
-မွေးဖွားပြီးစ ဘုရားလောင်းနဲ့ မွေးဖွားပြီးစ သာမန်လူသားတွေ ဘာတွေကွာခြားသလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ စာသင်ချိန် (၂) တွင် အသုံးပြုခဲ့သောပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားလောင်းဖွားတော်မူခန်း သရုပ်ဖော်ပုံကို ကလေးများ ကြည့်ကြပါစေ။

֍ရုပ်ပုံကြည့်ပြီးလျှင် “ဘုရားလောင်းဟာ သာမန်ကလေးတွေ မွေးသလိုမဟုတ်ဘဲ ထူးခြားတဲ့အတွက် ဘုရားဖွားမြင်တဲ့အချိန်မှာ ထူးခြားချက်ဘာတွေရှိလဲဆိုတာ ရုပ်ပုံကြည့်ပြီး ဆွေးနွေးကြရအောင်”ဟုပြော၍ ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။ ֍အုပ်စုတွင်း ဆွေးနွေးထားသည်များကို ပြန်လည်ပြောပြကြပါစေ။

֍ကျန်ခဲ့သောအချက်များ ရှိနေလျှင် ဆရာက ဖြည့်စွက်ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း ဖွားတော်မူခန်းကဗျာ၊ ဘုရားအလောင်း ဖွားတော်မူခန်း ရုပ်ပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားအလောင်းဖွားတော်မူခန်းကဗျာကို ဆရာနှင့်အတူ ရွတ်ဆိုပါ။

ဘုရားအလောင်း ဖွားတော်မူခန်း

သုဒ္ဓေါဒန ဖခင်ပါ၊
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်
မယ်မာယာမြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော် တသောင်းသောင်း ။

֍ကဗျာရွတ်ဆိုပြီးပါက ဘုရားလောင်းဖွားတော်မူခန်း ရုပ်ပုံကို ကလေးများစိတ်ကြိုက် ဆေးရောင်ခြယ်ကြပါစေ။