မင်္ဂလသုတ် မိတ်ဆက် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၇။ မင်္ဂလသုတ် မိတ်ဆက်(ကျောင်းသားကိုင်သို့)
348419ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၇။ မင်္ဂလသုတ် မိတ်ဆက်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၇)

သင်ခန်းစာခေါင်းစဉ်။ ။ မင်္ဂလသုတ် မိတ်ဆက်

ယေဘုယျရည်ရွယ်ချက်။ ။ မင်္ဂလာတရားတော်အကြောင်းကို သိရှိပြီး ကိုယ်တိုင်လိုက်နာ ကျင့်သုံးတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ မင်္ဂလာတရားတော် အကြောင်းကို သိရှိပြီး ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းများမးမြန်းဆွေးနွေး၍ နိဒါန်းပျိုးခြင်း၊

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေးပြီး ကလေးများပြောသောအချက်များကို ဆရာက မှတ်သားထားပါ။

-စာသင်ခန်းထဲမှာ (သို့) လူတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက်ဘယ်လို နှုတ်ဆက်ကြ သလဲ။
-မင်္ဂလာပါလို့ နှုတ်ဆက်ကြတဲ့အခါ ဘယ်လိုခံစားရသလဲ။
-“မင်္ဂလာ”ဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်သလဲ။
-မင်္ဂလာတရားတွေကို သင်ဖူးလား။
-မင်္ဂလာ ဘယ်နှပါးရှိသလဲ၊ မှတ်မိသလောက် ပြောပြပါ။

֍ ကလေးများ ဖြေဆိုပြီးနောက် ဆရာက “သားတို့သမီးတို့ ... မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ မင်္ဂလာသုတ် ဖြစ်ပေါ်လာပုံကိုလေ့လာကြမယ်”ဟု ပြောပါ။

လုပ်ငန်း (၂) မင်္ဂလသုတ်မိတ်ဆက်အကြောင်းကို ဖတ်ခြင်းနှင့် တစ်ဦးချင်းဆွေးနွေးတင်ပြခြင်း။

(၃၅ မိနစ်)

֍ “ကလေးတို့လည်း မင်္ဂလာနဲ့ပတ်သက်ပြီး အများကြီး ဆွေးနွေးခဲ့ပြီးပြီ၊ အခု မင်္ဂလာအကြောင်းကို ဆက်ပြီး လေ့လာကြရအောင်”ဟု ပြော၍ ကလေးများအားလုံး မင်္ဂလာသုတ်မိတ်ဆက် အကြောင်းကို ဖတ်ကြပါစေ၊

֍ ဖတ်ပြီးသောအခါ ကလေးအားလုံး ဝိုင်းထိုင်စေပြီး မင်္ဂလာသုတ်မိတ်ဆက်အကြောင်းမှ မိမိထပ်သိသွားသော အကြောင်းအရာ (သို့) မိမိအကြိုက်ဆုံး အချက်တစ်ချက်ကို ကလေးတစ်ဦးချင်းစီအား အလှည့်ကျ ပြောပါစေ။ ထိုအချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။ (တစ်ဦးပြောပြီးသော အချက်များကို ထပ်မံမပြောစေဘဲ မတူညီသောအချက်များပါဝင်အောင် ဆရာက ကူညီပေးပါ။)

မင်္ဂလသုတ် မိတ်ဆက်

ဗုဒ္ဓဘာသာဝင်တို့သည် မွေးဖွားသည်မှ ကွယ်လွန်သည်အထိ မင်္ဂလသုတ်လာ မင်္ဂလာတရားတော်များကို ဦးထိပ်ပန်ဆင်ကာ ပြုမူကျင့်ကြံ ဆက်ဆံနေထိုင်ကြသည်။ စင်စစ်အားဖြင့် မင်္ဂလသုတ်တော်လာ တရားတော်များသည် အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ လူမျိုးမရွေး၊ အချိန်အခါမရွေး ကျင့်သုံးနိုင်သော တိုးတက် ကြီးပွားရေး လမ်းညွှန်ချက်များ ဖြစ်ပေသည်။

မင်္ဂလာဟူသည် မကောင်းမှုကို ဖျက်၊ ကောင်းမှုကို ဖြစ်စေတတ်သောအရာဟု ဖွင့်ဆိုကြ၏။ ထို့ကြောင့် မင်္ဂလာတရားတော်နှင့်အညီ နေထိုင်သူတို့သည် မကောင်းမှုများကို ရှောင်ရှား၍ တိုးတက်ကြီးပွားရေး နည်းလမ်းကောင်းများကို ပြုကျင့်ကြသည်။

လူသားတိုင်း ကြီးပွားချင်ကြ၏။ ချမ်းသာချင်ကြ၏။ ကြီးပွားအောင်လည်း လုပ်နေကြ၏။ ချမ်းသာအောင်လည်း လုပ်နေကြ၏။ သို့သော် ကြီးပွားချမ်းသာသူကား နည်းပါးလှ၏။ ဒုက္ခရောက်သူတို့သာ များ၏။ အကြောင်းမှာ တိုးတက်ကြီးပွားကြောင်း နည်းလမ်းကောင်းများနှင့်အညီ ကျင့်သုံးနေထိုင်မှု မရှိသောကြောင့် ဖြစ်ပေသည်။

လူတို့သည် မိမိတို့ နားလည်သည့်အတိုင်း ကြီးပွားချမ်းသာနည်းများကို ကြံဆခဲ့ကြ၏။ ထုတ်ဖော်ခဲ့ကြ၏။ ကျင့်သုံးခဲ့ကြ၏။ လူတို့သာမက နတ်ဗြဟ္မာများလည်း ထိုနည်းတူစွာပင် ကြံဆခဲ့ကြ၏။ ကြီးပွားချမ်းသာ နည်းများကို သူတစ်မျိုး ငါတစ်ဖုံ ထုတ်ဖော်ကျင့်သုံးလာကြ၏။

ဤသို့ဖြင့် မင်္ဂလာနှင့်ပတ်သက်သော ငြင်းခုံပွဲကြီးသည် လူ၊ နတ်၊ ဗြဟ္မာတို့အကြား၌ ၁၂-နှစ်တိုင်တိုင် ကြာမြင့်ခဲ့၏။ ဝေးနယျသတ္တဝါတို့၏ အကျိုးကို လိုလားတော်မူသည့် မြတ်စွာဘုရားသည် မင်္ဂလသုတ်တော်ကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော နတ်သားတစ်ပါးအား ဟောတော်မူခြင်းဖြင့် ထိုငြင်းခုံပွဲကြီးကို ငြိမ်းအေးစေတော်မူခဲ့သည်။

မြန်မာနိုင်ငံတွင် အကျိုးလိုလားတော်မူကြသော ဆရာတော်ကြီးများက မင်္ဂလသုတ်ကို ဗုဒ္ဓဘာသာ၏ အခြေခံအုတ်မြစ်ကြီးတစ်ခုအဖြစ် သတ်မှတ်၍ ကလေးသူငယ်တို့အား သင်ကြားရွတ်ဖတ်ကြစေရာ “ဗုဒ္ဓဘာသာ ပညာရေးအစ မင်္ဂလသုတ်တော်က”ဟုပင် ဆိုနိုင်ပါသည်။ မြန်မာစာအရေးအဖတ် သွက်လက်ချက်ချာပြီဆိုပါက မင်္ဂလသုတ်တော်ကို ဆက်လက်၍ သင်ယူကြရသည်။ ထို့ကြောင့် သင်ပုန်းကြီးစာအုပ်၌ နောက်ဆက်တွဲအဖြစ် မင်္ဂလသုတ်ကို ထည့်သွင်းပုံနှိပ်ခဲ့ကြသည်။

ရှေးအခါက ဘုန်းတော်ကြီးကျောင်းများသည် မြန်မာတို့၏ ပညာရင်နို့သောက်စို့ရာ ပင်မဌာနကြီးများ ဖြစ်ခဲ့ကြသည်။ ကျား၊ မ မရွေး ဘုန်းကြီးကျောင်း၌ ပညာသင်ကြရပြီး မင်္ဂလသုတ်ကို အလွတ်ရသည်အထိ လေ့လာ ကျက်မှတ်ကြရ၏။ ဤသို့ မင်္ဂလသုတ်ကို သားစဉ်မြေးဆက် ရွတ်ဆိုကြလေရာ မြန်မာတစ်ပြည်လုံး မင်္ဂလသုတ်သံ ခြိမ့်ခြိမ့်ညံခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓသာသာမှန်လျှင် မင်္ဂလသုတ်ကို မကြားဖူးသူ မရွတ်ဖူးသူ မရှိသလောက်ပင် ဖြစ်ခဲ့သည်။

မင်္ဂလသုတ်တွင် လူသားတို့၏ အကျိုးစီးပွားအတွက် ယဉ်ကျေးမှု၊ တိုးတက်ကြီးပွားမှု၊ အေးငြိမ်းချမ်းသာ မှုတို့အတွက် နည်းလမ်းကောင်းများ၊ လမ်းညွှန်ချက်များ အပြည့်အစုံ ပါဝင်သည်။ သို့ဖြစ်၍ ကမ္ဘာပေါ်တွင် မည်သည့် တိုင်းပြည်၊ မည်သည့်လူမျိုး၊ မည်သည့်ပုဂ္ဂိုလ်မဆို ယဉ်ကျေးတိုးတက် ငြိမ်းချမ်းနေသည်ဟု ဆိုငြားအံ့၊ ထိုတိုင်းပြည်၊ ထိုလူမျိုး၊ ထိုပုဂ္ဂိုလ်သည် မင်္ဂလသုတ်ပါ တိုးတက်ကြီးပွားရေး နည်းလမ်းကောင်းများနှင့်အညီ ကျင့်ကြံလုပ်ကိုင် နေထိုင်နေကြောင်း တွေ့ရပေမည်။

လုပ်ငန်း (၃) ကလေးများ၏ နားလည်မှုကို မေးမြန်းဆွေးနွေး၍ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို ပေးပါ။

-မင်္ဂလာကို ဘယ်လို ဖွင့်ဆိုထားသလဲ။
-မင်္ဂလာတရားတော်နဲ့အညီ နေထိုင်သူဟာ ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးကြသလဲ။
-မင်္ဂလသုတ်တော် ဘယ်လို ပေါ်ပေါက်လာခဲ့သလဲ။
-မင်္ဂလသုတ်တရားတော်မှာ ဘယ်လို အကြောင်းအရာတွေ ပါဝင်သလဲ။
-မြတ်စွာဘုရားက မင်္ဂလသုတ်တော်ကို ဘာကြောင့် ဟောခဲ့တယ်လို့ထင်သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ မင်္ဂလာတရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်ရမည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ၊

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းများမေးမြန်းဆွေးနွေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ “မင်္ဂလာတရားတော်နဲ့ ပတ်သက်ပြီး ကလေးတို့လည်း ပြည့်ပြည့်စုံစုံ ဆွေးနွေးခဲ့ပြီးပြီ၊ အခုချိန်မှာတော့ ကလေးတို့သိထားတဲ့ မင်္ဂလာတရားတော်တွေကို လက်တွေ့ဘဝမှာ ဘယ်လိုကျင့်သုံးနေထိုင်သွားကြမလဲ ဆိုတာကို ဆက်ပြီးတော့ ဆွေးနွေးကြမယ်”ဟု ပြော၍ အောက်ပါမေးခွန်းကို မေးပါ။ ထို့နောက် ကလေးများ ပြောသော အချက်များကို ဆရာက နားထောင်ပြီး မှတ်သားထားပါ။

-မင်္ဂလာတရား စုစုပေါင်း ဘယ်နှပါးရှိသလဲ။
-မင်္ဂလာတရားတွေထဲက ဘယ်မင်္ဂလာတွေကို အကြိုက်ဆုံးလဲ။ ဘာကြောင့်ကြိုက်တာလဲ။

လုပ်ငန်း (၂) အုပ်စုဖွဲ့လုပ်ငန်းပေးခြင်းနှင့် ပြန်လည်တင်ပြခြင်း။

(၄၅ မိနစ်)

֍ ဆရာက အောက်ပါမေးခွန်းကို မေး၍ ကလေးတစ်ဦးချင်းစီက မိမိတို့၏ စိတ်ကူးများကို စာရွက်ပိုင်းများတွင် ရေးပြီး အလှည့်ကျပြောပြကြပါစေ။

-မင်္ဂလာတရားတော်နှင့်အညီ နေ့စဉ်ဘဝမှာ ဘယ်လိုပြုမူနေထိုင် သွားကြမလဲ။ ဘာကြောင့်လဲ။

֍ ကလေးများပြောပြီးသောအခါ ဆရာက ၆-ယောက်ခန့်ပါသော အုပ်စုများ ဖွဲ့ပါ။ ထို့နောက် တစ်ဦးချင်း ရေးသားထားသော စာရွက်များကို အုပ်စုအတွင်း စုပေါင်းပြီး အရေးကြီးဆုံး အချက်များကို သဘောတူညီမှ ယူကာ ရွေးချယ်ပြီး ကိုယ်စားလှယ်တစ်ဦးစီက အကြောင်းပြချက်ဖြင့် ပြန်လည်တင်ပြကြပါစေ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် သင်ခန်းစာအနှစ်ချုပ်ခြင်း။

(၅ မိနစ်)

֍ ကလေးများပြောပြီးသောအခါ ဆရာက လိုအပ်သည့်အချက်များကို ဖြည့်စွက်ဆွေးနွေးပေး၍ အောက်ပါ အတိုင်းအနှစ်ချုပ်ပါ။ “မင်္ဂလာတရားတော်တွေကို နေ့စဉ်ဘဝမှာ လက်တွေ့ကျင့်သုံးကြမယ်ဆိုရင် မကောင်းမှုတွေကို ရှောင်ရှား နိုင်ပြီး ကောင်းမှုတွေကို တိုးပွားလာအောင် လုပ်ဆောင်နိုင်မယ်၊ ဒါကြောင့် အခုကစပြီး ဆရာတို့ ကလေး တို့ဟာ မင်္ဂလာတရားတော်တွေနဲ့အညီ ကြိုးစားကျင့်သုံးနေထိုင်သွားကြရအောင်