ရှင်ပြုနားသပွဲတော် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၈။ ရှင်ပြုနားသပွဲတော်(ကျောင်းသားကိုင်သို့)
348420ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၈။ ရှင်ပြုနားသပွဲတော်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၈)

သင်ခန်းစာခေါင်းစဉ်။ ။ ရှင်ပြုနားသပွဲတော်

ယေဘုယျရည်ရွယ်ချက်။ ။ ရှင်ပြုနားသပွဲတော် အကြောင်းကို သိရှိပြီး လောကမွေ နှစ်ဖြာအကျိုးရှိသော ရှင်ပြုပွဲတော်ပြုလုပ်ပုံကို သိရှိရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ ရှင်ပြုနားသပွဲတော်အကြောင်းကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ သင်ခန်းစာကို စတင်ပါ။

-ရှင်ပြုတယ်ဆိုတာ ကြားဖူးလား။ ကိုရင်ဝတ်တယ်ဆိုတာကိုရော သိလား။
-ကိုရင်ဝတ်ဖူးလား။ ကိုရင်ဝတ်ဖို့ ဘာတွေလုပ်ကြရသလဲ။
-ကိုရင်ဝတ်တာကို နောက်တစ်မျိုး ဘယ်လိုခေါ်သေးလဲ။
-သီလရှင် ဝတ်ဖူးတဲ့သူတွေ ပါသလား။
-သီလရှင်ဝတ်ဖို့ ဘာတွေလုပ်ကြရသလဲ။

֍ ထို့နောက် ဆရာက “ကလေးတို့အနေနဲ့ ရှင်ပြုတယ်၊ ကိုရင်ဝတ်တယ်၊ နားသတယ်၊ သီလရှင် ဝတ်တယ် ဆိုတာ ကြားလည်းကြားဖူးတယ်၊ သိလည်းသိကြတယ်၊ အချို့ ဆိုရင်လည်း ကိုယ်တိုင် ကိုရင်ဝတ်ခဲ့ဖူးတဲ့ သူတွေ၊ သီလရှင် ဝတ်ခဲ့ဖူးတဲ့သူတွေတောင် ရှိနေကြတယ်၊ ဒီနေ့တော့ ကလေးတို့အနေနဲ့ အဲဒီအကြောင်း တွေကို ပိုပြီးပြည့်ပြည့်စုံစုံ သိရအောင် ရှင်ပြုနားသပွဲတော် အကြောင်းကို လေ့လာကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၄၀ မိနစ်)

֍ ကလေးများကို အုပ်စု (၅) စု ဖွဲ့ပါ။ ထို့နောက် ရှင်ပြုနားသပွဲတော်အကြောင်းကို အုပ်စုလိုက် အစမှ အဆုံးထိ ဖတ်ကြပါ။

ရှင်ပြုနားသပွဲတော်

မြန်မာတို့သည် လအလိုက်ပွဲတော်များကို ကျင်းပလေ့ရှိကြသည်။ ထိုပွဲတော်များကို ဗုဒ္ဓသာသနာတော် တိုးတက်စည်ပင် ပြန့်ပွားရေးနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်တို့ဖြင့် ကျင်းပလေ့ရှိကြသည်။ ရှင်ပြု၊ နားသပွဲတော်ကို ရာသီပွဲတော်အဖြစ် ရာသီဥတု သာယာသော ဆောင်းဥတု၊ နွေဥတုတို့တွင်ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိကြသည်။ အထူးသဖြင့် အလုပ်အားလပ်ချိန် နွေကျောင်းပိတ်ချိန် တပေါင်းလ၊ တန်ခူးလ၊ ကဆုန်လတို့တွင် ကျင်းပပြုလုပ်ကြရာ ထိုလများသည် မြန်မာနိုင်ငံတွင် စည်သံ ဗျောသံ အညံဆုံးလများဖြစ်ကြသည်။

ဤပွဲတော်သည် နယုန်လစာတော်ပြန်ပွဲတော်နှင့် ဆက်နွှယ်လျက်ရှိသည်ကို တွေ့ရသည်။ ရှေးခေတ် အဝါက စာတော်ပြန်ပွဲတွင် စာအောင်သူများထဲမှ ရဟန်းပြုလိုသူ၊ ရှင်သာမဏေပြုလိုသူများကို ဘုရင်ကိုယ်တိုင် ရဟန်းဒါယကာ၊ ရှင်ဒါယကာ အဖြစ်ခံယူ၍ ရဟန်းခံ၊ ရှင်ပြုပွဲများကို ကျင်းပလေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် မိသားစု ရဟန်းခံ၊ ရှင်ပြုပွဲများကို ကျင်းပလာကြပြီး သမီးမိန်းကလေးများအတွက် နားသပွဲများကိုလည်း ထည့်သွင်းလာကြသည်ကို တွေ့ရသည်။

ရှင်ပြုခြင်းဆိုသည်မှာ ဆံချပေးခြင်း၊ သင်္ကန်းဝတ်ပေးခြင်း၊ သရဏဂုံပေးခြင်းတို့ကို ပေါင်းစု၍ ခေါ် ခြင်းဖြစ်သည်။ ထိုအင်္ဂါသုံးပါးသည် ရှင်ပြုရာတွင် အရေးကြီးဆုံး ဖြစ်သည်။ ထိုတွင် ဆံချပေးခြင်းနှင့် သင်္ကန်းဝတ်ပေးခြင်းသည် လွယ်ကူသော်လည်း သရဏဂုံပေးခြင်းမှာမူ ခက်ခဲလှသည်။ သရဏဂုံပေးသူ ဆရာနှင့် ခံယူသူ ရှင်သာမဏေလောင်းတို့ နှစ်ဦးနှစ်ဖက် ဌာန်ကရိုဏ်းကျကျ ပီပီသသ ရွတ်ဆိုနိုင်ကြမှသာ ရှင်သာမဏေ ဖြစ်နိုင်သည်။ ထို့ကြောင့် ရှင်သာမဏေလောင်းသည် သရဏဂုံကို ဌာန်ကရိုဏ်းကျကျ ပီပီသသ ရွတ်ဆိုနိုင်သော အရွယ်ဖြစ်ရန် လိုအပ်သည်။ ရှင်သာမဏေ ဖြစ်ပြီးသောအခါတွင်လည်း ရှင်သာမဏေများ လိုက်နာကျင့်သုံးရမည့် ရှင်ကျင့်ဝတ်များနှင့်အညီ ကျင့်သုံးနေထိုင်ရမည် ဖြစ်သည်။ သို့မှသာ ရှင်သာမဏေ အတွက်ရော၊ မိဘများအတွက်ပါ အပြည့်အဝ အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်သည်။

ရှေးခေတ်အခါက ရှင်ပြုမည့်သူသည် ရှင်မပြုမီ တစ်လခန့် ကြိုတင်၍ သင်ယူဆဲပညာများကို ၁ခတ္တရပ်ဆိုင်းထားကာ သင်္ကန်းတောင်း၊ သရဏဂုံ၊ ပုတီးစိပ်စသည်တို့ကို စနစ်တကျ သင်ယူလေ့ကျင့် ကြရသည်။ ထို့အပြင် တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားခြင်း၊ ဝတ်ကြီးဝတ်ငယ် ပြုစုပေးခြင်းစသည့် ဘုန်းကြီး ကျောင်းယဉ်ကျေးမှုကိုလည်း ရှင်လောင်းဘဝမှာပင် အလေ့အကျင့်ရအောင် လုပ်ကြရသည်။ ဤသို့ဖြင့် ရှင်သာမဏေတစ်ပါး ဖြစ်လာသောအခါ စနစ်တကျ ဝတ်တတ်၊ စားတတ်၊ နေတတ်၊ ထိုင်တတ် ရှိသွားပေသည်။ ရှင်လူထွက်သောအခါ ရှင်ကျင့်ဝတ်များက သင်ကြားလေ့ကျင့်ပေးလိုက်သည့် ယဉ်ကျေးမှုများဖြင့် လူ့လောကတွင် လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ ဝတ်စားနေထိုင်တတ်ပေသည်။

ယနေ့ခေတ်တွင် ရှင်ပြုပွဲများကို အရပ်ဒေသအလိုက် အမျိုးမျိုး ကျင်းပကြသည်။ ရှင်လောင်းများကို ရှင်လောင်းဝတ်စုံ ဝတ်ဆင်ပေးပြီး၊ ရွှေထီးဆောင်း၍ မင်းညီမင်းသားများကဲ့သို့ နောက်လိုက် နောက်ပါများ ခြံရံလျက် ညှိုးလိုက်ရတုများ ရွတ်ဆိုကြကာ မြို့ရွာအတွင်း ပျော်ပျော်ပါးပါး ရှင်လောင်းလှည့်လည်ကြသည်။ ထိုသို့လှည့်လည်ရာတွင် ရှင်လောင်းများက မြင်းများ၊ ဆင်များ စီး၍ လှည့်လည်ကြပြီး အချို့ ဒေသများတွင် ထမ်းစင်၊ နွားအလှလှည်းယာဉ်များဖြင့် လှည့်လည်ကြသည်။

နားသမင်္ဂလာပြုလုပ်ရာတွင် အသက် အကန့်အသတ် မရှိသော်လည်း များသောအားဖြင့် ၅-နှစ်ခန့် အရွယ်မှ အသက် ၂၀ အရွယ်ဝန်းကျင်တွင် ပြုလေ့ရှိသည်။ နားထွင်းသည်ဆိုသည်မှာ မဖောက်ရသေးသောနားကို အသစ်ဖောက်ပေးခြင်းဖြစ်သည်။ နားသသည်ဆိုသည်မှာ ဖောက်ပြီးသားနားကို သပေးခြင်း ဖြစ်သည်။ နားသင်္ခယူမည့် မိန်းကလေးများသည်လည်း စည်းပုံ (ခေါင်းဆောင်း)၊ မဟလ္လတာတန်ထာ၊ ဘယက်ဒွါဒရာတို့ဖြင့် မွမ်းမံဆင်ယင်၍ ရှင်လောင်းများနှင့်အတူ နောက်မှလိုက်ပါကာ မြို့ရွာအတွင်းသို့ ဝေါယာဉ်များ၊ လှည်းယာဉ်များဖြင့် လှည့်လည်ကြသည်။

ထို့နောက် ဘိသိက်သွန်းရန်အတွက် အလှူမဏ္ဍပ်အတွင်းသို့ ဝင်ကြရသည်။ ဘိသိက်သွန်းခြင်း ယဉ်ကျေးမှုသည် ရှင်ပြုနားသခြင်း၏ အဓိကအကြောင်းရင်းမဟုတ်သော်လည်း ရှင်ပြုနားသပွဲတော်ကို ပိုမို စည်ကား သိုက်မြိုက်စေသည်။ ဘိသိက်သွန်းလောင်းချိန် ကျရောက်သောအခါ ပရိသတ်စုံညီရှေ့တွင် ဘိသိက် ဆရာက ရှင်လောင်းအား ဘေးကင်းစေရန် အောင်ချည်ကို လည်ပင်းတွင် စွပ်၍ မန္တာန်ရွတ်ထိုကာ ဘိသိက် သွန်းပေးသည်။ ဘိသိက်သွန်းလောင်းပြီးသောအခါ ရှင်လောင်းများကို ရှင်သာမဏေပြုပေးခြင်းနှင့် မိန်းကလေးများကို နားထွင်း နားသခြင်း၊ သီလရှင်ဝတ်ပေးခြင်းများ ပြုလုပ်ကြသည်။ ရှင်ပြုနားသပွဲတော်၏ နောက်ဆုံး အစီအစဉ်ကား အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများလှူဒါန်းကာ ရေစက်ချ အနုမောဒနာ တရား နာယူကြခြင်းဖြစ်သည်။

ရှေးခေတ်နှင့် မျက်မှောက်ခေတ်ရှင်ပြုပုံတို့မှာ သိသိသာသာ ကွာခြားသွားသည်။ မျက်မှောက်ခေတ်တွင် ရှင်သာမဏေ စနစ်တကျဖြစ်ရေး၊ လောကဓမ္မ နှစ်ဖြာအကျိုး ရရှိရေးတို့ထက် မိရိုးဖလာအရ ပြုလုပ်သည်က များနေသည်။ ငယ်လွန်းသောကလေးကို ရှင်ပြုပေးခြင်းသည် သာသနာကို မလေးစားရာ ရောက်သကဲ့သို့ ကုသိုလ်လည်း ထိုက်သင့်သလောက် မရဖြစ်တတ်သည်။ ရှင်သာမဏေအဖြစ် ရက်အနည်းငယ်သာ နေထိုင်ခြင်းသည်လည်း ရှင်ပြုခြင်းကို ဝတ်ကျေတန်းကျေမှသာ သဘောထားရာ ရောက်သည်။ ထို့အပြင် ရှင်ကျင့်ဝတ်ဆိုင်ရာ ဝိနည်းဥပဒေကပေးသော ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း လက်လွှတ် ဆုံးရှုံးရသည်။ ထို့ကြောင့် ထေရဝါဒဗုဒ္ဓဘာသာဝင်မိဘတိုင်း ငွေကြေး အမြောက်အမြား အကုန်အကျခံကာ ရှင်ပြုကြမည့်အစား လောက၊ ဓမ္မ နှစ်ဖြာအကျိုးရှိမည့် ရှင်ပြုနည်းအတိုင်း ရှင်ပြုနိုင်ရေးကိုသာ အလေးထား ဆောင်ရွက်သင့်ကြပေသည်။

မှီငြမ်း။ ။ ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ၊ ဦးအေးနိုင် (ဘီအေ)။ မြန်မာ့ရာသီပွဲတော်များ(သာရဝေါစိုးကြည်)။

ခက်ဆစ်အဖွင့်

သျှိုးလိုက်ရတု (ယှိုးဟုဖတ်ပါ) = ရှင်လောင်းလှည့်ရာတွင် တစ်ပိုဒ်ပြီးတိုင်း ကျိုးဟု လိုက်ဆိုသော ရတုတစ်မျိုး။
မဟလ္လတာတန်ဆာ = ပန်းပြောက်ပန်းနွယ်တို့ကို ရွှေချည်၊ ငွေချည်စသည်တို့ဖြင့် လှပခမ်းနားစွာ ခြယ်လှယ်ထိုးချုပ်ထားသည့် ဝတ်ရုံ။
ဘယက် = လည်ဆွဲတန်ဆာ တစ်မျိုး၊
ဒွါဒရာ = ခါးစည်း အဆင်တန်ဆာ။
ဘိသိက် = ရေစက်သွန်း၍ မင်္ဂလာပြုခြင်း။
အနုမောဒနာတရား = အလှူဒါနအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်စေရန် ဟောကြားသော တရား။

֍ ကလေးများဖတ်ပြီးသောအခါ အောက်ပါမေးခွန်းများကို အုပ်စုလိုက်ဆွေးနွေးစေပြီး ဆွေးနွေးမှုရလဒ်များကို စာရွက်လွတ်တွင် ရေးကာ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-မြန်မာလူမျိုးများဟာ လအလိုက် ပွဲတော်တွေကို ဘာကြောင့်ကျင်းပကြတာလဲ။
-ရှင်ပြုတယ်ဆိုတာ ဘာလဲ။
-သာမဏေတစ်ပါး ဖြစ်ဖို့အတွက် အဓိက အရေးကြီးဆုံးအချက်တွေက ဘာတွေလဲ။
-ရှင်သာမဏေဖြစ်ပြီးတဲ့အခါ ဘယ်လိုနေထိုင်မှသာ သာမဏေကိုယ်တိုင်နဲ့ မိဘများအတွက် အကျိုးများမှာလဲ။
-ရှေးခေတ်က ရှင်မပြုမီ ဘယ်လိုကြိုတင်ပြင်ဆင်ရသလဲ။
-နားထွင်းတယ်ဆိုတာ ဘာလဲ။
-နားသတယ်ဆိုတာ ဘာလဲ။
-လောကအကျိုးနဲ့ သာသနာအကျိုးအတွက် ရှင်ပြုပွဲကို ဘယ်လို ကျင်းပသင့်သလဲ။

֍ အုပ်စုအားလုံး တင်ပြီးသောအခါ ဆရာက လိုအပ်လျှင် ဖြည့်စွက်ဆွေးနွေးပေးပါ။

လုပ်ငန်း (၃) မေးမြန်းဆွေးနွေးခြင်းနှင့် သင်ခန်းစာ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ထို့နောက် ဆရာက အောက်ပါမေးခွန်းကို မေးမြန်းဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

-ရှေးခေတ်ရှင်ပြုပုံနဲ့ ယခုခေတ်ရှင်ပြုပုံ ဘယ်လိုကွာခြားသလဲ။ ဘာကြောင့်ကွာခြားတယ်လို့ထင်သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ လောက ဓမ္မ နှစ်ဖြာအကျိုးရှိသော ရှင်ပြု၊ နားသပွဲတော် ပြုလုပ်ခြင်း အစီအစဉ်များကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ကဗျာသီဆိုခြင်းနှင့် နိဒါန်းပျိုးခြင်း။

(၁၅ မိနစ်)

֍ “ရှေးခေတ်က ရှင်ပြုပွဲတွေနဲ့ မျက်မှောက်ခေတ်ရှင်ပြုပွဲတွေ ဘယ်လို ကွာခြားတယ်၊ အကျိုးရှိတဲ့ ရှင်ပြုပွဲ၊ နားသပွဲဆိုတာ ဘယ်လို ပွဲမျိုးဖြစ်တယ်ဆိုတာကို ဆွေးနွေးခဲ့ပြီးပြီ အခုချိန်မှာတော့ ရှင်ပြုနားသပွဲနဲ့ ပတ်သက်တဲ့ ကဗျာလေးတစ်ပုဒ်ကို ရွတ်ဆိုကြရအောင်”ဟု ပြော၍ ရွတ်ဆိုကြပါစေ။ ရွတ်ဆိုပြီးလျှင် ကဗျာပါ အကြောင်းအရာကို ကလေးအချင်းချင်း မေးမြန်းဆွေးနွေးကြပါစေ။ လိုအပ်လျှင် ဆရာက ကူညီ ဖြည့်စွက်ပေးပါ။

ရှင်ပြုပွဲ

မေမေသင်္ကန်းပိုက်လို့ရယ်
သပိတ်ကိုတဲ့ ဖေဖေလွယ်
မမငယ် ယဉ်ကျော့ဆုံး
ကွမ်းတောင်ကိုင်မို့ပြုံး
တုတ်ဗြုန်း တုတ်ဗြုန်း ဗျောသံဆော်
ဟိန်းလိုက်တဲ့ စည်တော်
မြင်းကြီးပေါ်က မောင်ရင်လောင်း
ရွှေထီးလှလှဆောင်း
ရွက်သစ်ပြောင်းတဲ့ နွေရာသီ
ကျောင်းပိတ်ရက် တာရှည်
ချိန်ခါညီ လှူကြပြီ
နိဗ္ဗာန်ရည်တဲ့ပွဲ။
(ချိုမြနွယ်)

လုပ်ငန်း (၂) အုပ်စုဖွဲ့ဆွေးနွေးတင်ပြခြင်း။

(၄၀ မိနစ်)

֍ ကလေးများကို တစ်အုပ်စုတွင် ရှစ်ယောက်ထက်မပိုသော အုပ်စု (၅) စုဖွဲ့ပါ။

֍ အုပ်စုတစ်စုကို လက်ဖက်ရည်ဆိုင် အမည်တစ်ခုပေးစေပြီး ဆိုင်ရှင် (အုပ်စုကိုယ်စားလှယ်တစ်ယောက်)ကို ရွေးပါစေ။ ထို့နောက် အောက်ပါမေးခွန်း ငါးခုကို အုပ်စု(၅) စုက မဲနှိုက်ကြပါစေ။

-ရှင်ပြုမယ်ဆိုရင် ဘာတွေ လုပ်ဆောင်ရမယ်လို့ထင်သလဲ။
-နားသမယ်ဆိုရင် ဘာတွေ လုပ်ဆောင်ရမယ်လို့ ထင်သလဲ။
-ဘယ်ခေတ်ရှင်ပြုနည်းကို ပိုနှစ်သက်သလဲ။ ဘာကြောင့်လဲ။
-ရှင်မပြုခင် (သို့) ကိုရင်မဝတ်ခင် ဘာတွေ ကြိုတင်လုပ်ဆောင်ရမယ်လို့ ထင်သလဲ။
-ရှင်ပြုနားသပွဲကို စနစ်တစ်ကျ ပြုလုပ်မယ်ဆိုရင် ဘယ်လို အကျိုးတွေရမယ်လို့ထင်သလဲ။

֍ အုပ်စုတိုင်းက မိမိရရှိသော မေးခွန်းကို ၇မိနစ်ခန့် ဆွေးနွေးပါ။ ဆွေးနွေးမှုရလဒ်များကို စာရွက်လွတ် ပေါ်တွင် ရေးပါစေ။

֍ ခုနှစ်မိနစ်ပြည့်သွားသောအခါ အုပ်စုတိုင်းမှ ဆိုင်ရှင်(အုပ်စုကိုယ်စားလှယ်တစ်ယောက်)သာ မိမိအုပ်စုတွင် နေခဲ့ပြီး ကျန်ကလေးများကအခြားအဖွဲ့များသို့ သွား၍ ထိုအဖွဲ့မှရထားသော မေးခွန်းကို ဆက်လက်ဆွေးနွေး ကြပါစေ။ ထို့သို့ဆွေးနွေးရန် အချိန် ငါးမိနစ်ခန့် ပေးပြီး မိမိဆိုင်သို့ရောက်ရှိလာသော သူများကို မတူသော အချက်များကိုသာ ဆွေးနွေးပေးရန် ဆိုင်ရှင် (အုပ်စုကိုယ်စားလှယ်)အသီးသီးက ပြောပါစေ။

(ငါးမိနစ်ပြည့်လျှင် ကိုယ်စားလှယ်မဟုတ်သူအုပ်စုဝင်များက အခြားအဖွဲ့များသို့ ထပ်မံ သွားရောက်ဆွေးနွေး ရန် ဆရာက သတိပေးပါ၊ ထိုနည်းအတိုင်း ကလေးများအားလုံး အခြားဖွဲ့တိုင်းသို့ သွားရောက်နိုင်ရန် ဆရာက ကူညီပေးပါ။)

֍ ကလေးများအားလုံးဆွေးနွေးပြီးသောအခါ ဆိုင်ရှင် (အုပ်စုကိုယ်စားလှယ်)က မိမိအုပ်စုအတွက် ကိုယ်စားပြုပြီး တစ်တန်းလုံးသို့ ပြန်လည်တင်ပြပါစေ။ ကိုယ်စားလှယ်များ ပြန်လည်တင်ပြနေချိန်တွင် ကျန်သော ကလေးများကို နားထောင်စေပြီး မေးမြန်းဆွေးနွေးရန် ဆရာက ဖိတ်ခေါ်ပေးပါ။ (ကိုယ်စားလှယ်များ တင်ပြချိန်ကို ဆရာက သတ်မှတ်ပေးပါ။)

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း၊

(၅ မိနစ်)

֍ ကလေးများ မေးမြန်းဆွေးနွေးရန် မရှိလျှင် ဆရာက မေးမြန်းဆွေးနွေး၍ လိုအပ်ချက်များကို မေးခွန်းအဖြစ် ပြောင်းလဲမေးမြန်းပြီး အောက်ပါအတိုင်း သင်ခန်းစာကို အနှစ်ချုပ်ပါ။

“သားတို့သမီးတို့က ရှင်ပြုနားသပွဲတော်အကြောင်းကို သိခဲ့ပြီ၊ ရှင်ပြုတယ်၊ နားသတယ်ဆိုတာ သာသနာ့ အမွေခံတာဖြစ်တဲ့အတွက် ကိုရင်ဝတ်မယ်၊ သီလရှင်ဝတ်မယ်ဆိုရင် လိုက်နာဆောင်ရွက်သင့်တဲ့ အချက် တွေကို ကြိုတင်လေ့လာထားသင့်တယ်၊ သာသနာ့ဘောင်ဝင်ပြီးသွားရင်လည်း သာသနာမှာ ကျင့်ရမယ့် ကျင့်ဝတ်တွေကို လက်တွေ့ကျင့်သုံးမှသာ မိမိကိုယ်တိုင်အတွက်ရော မိဘများအတွက်ပါ အကျိုးများမယ်၊ ဒါမှသာ ရှင်ပြုနားသပွဲဟာ လောက ဓမ္မ နှစ်ဖြာအကျိုးရှိတဲ့ ပွဲတော်တစ်ခုဖြစ်လိမ့်မယ်”