မိတ်ဆွေကောင်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၂။ မိတ်ဆွေကောင်း (ကျောင်းသားကိုင်သို့)
339355ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၂၂။ မိတ်ဆွေကောင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၂)

မိတ်ဆွေကောင်း

သင်ယူမှုဦးတည်ချက် ။ ။ မိတ်ဆွေကျင့်ဝတ်ငါးပါးကိုသိရှိပြီး လိုက်နာကျင့်ကြံတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ သူငယ်ချင်းကောင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါအတိုင်း မေး၍ စာသင်ချိန်ကို စတင်ပါ။

“အခု သားတို့၊ သမီးတို့က တတိယတန်း ရောက်လာပြီဆိုတော့ သူငယ်ချင်းတွေ အများ ကြီး ရနေကြပြီပေါ့။ အဲဒီသူငယ်ချင်းတွေထဲမှာ သားတို့၊ သမီးတို့အပေါ် ကောင်းတဲ့သူ ရော၊ မကောင်းတဲ့သူရော ပါမှာပေါ့၊ ဒီတော့ သားတို့၊ သမီးတို့အနေနဲ့ မိတ်ဆွေကောင်း ဆိုတာ ဘယ်လိုလူမျိုးကို ပြောတယ်လို့ ထင်သလဲ။ (ဖြေဆိုလိုသူ ကလေးတစ်ဦးစီမှ ဖြေဆိုပါစေ။)

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးမြန်းပြီး သူငယ်ချင်းကောင်း သို့မဟုတ် မိတ်ဆွေ ကောင်း၏ အဓိပ္ပာယ်ကို ပေါ်လွင်အောင် ပြောပြပေးပါ။

-သားတို့၊ သမီးတို့ အခု ဘယ်သူတွေနဲ့ နေရလဲ။ (ဖေဖေ၊ မေမေ၊ အဘိုး၊ အဘွား၊ အစ်ကို၊ အစ်မ စသည်ဖြင့် ပြောကြပါစေ။ နောက်ရော ဘယ်သူရှိသေးလဲ ဟူသော မေးခွန်းဖြင့် ပြည့်စုံအောင် ပြောပြလာသည်အထိ လမ်းကြောင်းပေးပါ။)

-ကျောင်းမှာ ဘယ်သူတွေနဲ့အတူ စာသင်ရလဲ။
-ကစားတဲ့အခါ ဘယ်သူတွေနဲ့ ကစားရလဲ။
-ကစားတဲ့အခါ ဘယ်လိုသူငယ်ချင်းတွေနဲ့ ကစားရတာပျော်သလဲ။

(ကလေးများ အဖြေပေါ်မူတည်၍ ပြန်လည်ပြောပြပေးပါ။ မိတ်ဆွေကောင်း သို့မဟုတ် သူငယ်ချင်းကောင်းနှင့် ကစားရလျှင် ပျော်စရာကောင်းမှာဖြစ်ကြောင်း၊ သူငယ်ချင်း ကောင်းကို လူတိုင်းလိုချင်ကြကြောင်း၊ သို့ဖြစ်၍ သားတို့၊ သမီးတို့ ကိုယ်တိုင်က မိတ် ဆွေကောင်း/သူငယ်ချင်းကောင်းဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ဆရာက ပြောပြပါ။)

֍ထို့နောက် ပထမတန်း၊ သင်ခန်းစာ (၃၀) တွင် သင်ပြီးခဲ့သော အောက်ပါ သူငယ်ချင်း ကောင်းကဗျာကို ပြန်လည် ရွတ်ဆိုကြပါစေ။ (အကယ်၍ ကလေးများမေ့နေလျှင် ဆရာက ဦးဆောင် ရွတ်ဆိုပေးပါ။)

သူငယ်ချင်းကောင်း

အစာစားလည်း အတူတူ၊
ကစားလည်း အတူတူ။
လဲကျသူကို ထူလို့ပေး၊
သူငယ်ချင်းကောင်းလေး။
နွေးနွေးထွေးထွေး ချစ်ချစ်ခင်၊
ကူညီကြပါလျှင်။
ဘေးရန်ကင်းစင် ထာဝရ၊
တို့များ ပျော်ရွှင်ကြ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မိတ်ဆွေကောင်း ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ မိတ်ဆွေကောင်း ဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပေးပါ။

မိတ်ဆွေကောင်း

တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ ကြက်တူရွေးအုပ်စု တစ်စုနေထိုင်တယ်။ တောအုပ်ကြီးက သာယာတဲ့အပြင် သစ်သီးဝလံတွေလည်း ပေါများတယ်။ အဲဒါကြောင့် ကြက်တူရွေးတွေလည်း ပျော်ရွှင်စွာနဲ့ ချစ်ချစ်ခင်ခင် ဆော့ကစားပြီး နေထိုင်စားသောက်ကြ တယ်။ အဲဒီကြက်တူရွေးတွေထဲမှာ တစ်ကောင်နဲ့တစ်ကောင် အလွန်ချစ်ခင်ကြတဲ့ ကြက်တူ ရွေးလေးနှစ်ကောင်ရှိတယ်။ တစ်ကောင်ရဲ့ နှုတ်သီးလေးက မည်းနေလို့ မောင်မဲလို့ ခေါ် တယ်။ နောက်တစ်ကောင်ရဲ့ နှုတ်သီးလေးက နီရဲနေလို့ မောင်နီလို့ ခေါ်တယ်။

တစ်နေ့တော့ ကြက်တူရွေးလေးမောင်မဲမှာ ကူးစက်တတ်တဲ့ရောဂါတစ်ခု စွဲကပ်လာ တယ်။ မောင်မဲလေးမှာ ရောဂါရှိတယ်ဆိုရင်ပဲ တခြားကြက်တူရွေးတွေက သူနဲ့ အပေါင်း အသင်း မလုပ်ကြတော့ဘူး။ သူ့အနားမှာလည်း တစ်ကောင်မှ မရှိကြတော့ဘူး။ နောက်ဆုံးမှာ တော့ ရောဂါကူးခံရမှာ ကြောက်လို့ဆိုပြီး အဲဒီတောအုပ်မှာတောင် မနေကြတော့ဘဲ တခြား နေရာကို ပြောင်းရွှေ့ သွားကြတယ်။

ဒါပေမဲ့ မောင်နီကတော့ ဘယ်ကိုမှ ပြောင်းရွှေ့ မသွားဘဲ ရောဂါသည်မောင်မဲလေးနဲ့ အတူကျန်နေခဲ့တယ်။ မောင်နီလေးက ရောဂါသည်မောင်မဲလေးကို ကျွေးမွေးစောင့်ရှောက် ပေးတယ်။ ရောဂါတွေ သက်သာအောင်လည်း ပြုစုပေးတယ်။ သူကိုယ်တိုင် ရောဂါကူးစက် မခံရအောင်လည်း စနစ်တကျ နေထိုင်စားသောက်တယ်။ မောင်မဲလေးကိုလည်း အမြန်ဆုံး ပြန်ကောင်းလာမှာဖြစ်တဲ့အကြောင်း အားပေးစကား အမြဲတမ်းပြောပေးတယ်။ အဲဒီလို ပြုစု ရင်းနဲ့ ရက်တော်တော်လေး ကြာလာတဲ့အခါမှာတော့ မောင်မဲလေးလည်း နေပြန်ကောင်းလာပါတယ်။

တစ်ရက်မှာတော့ ကြက်တူရွေးလေးနှစ်ကောင် အတူတူစကားပြောကြရင်းနဲ့ မောင်မဲလေးက “တခြားကြက်တူရွေးတွေက ရောဂါကူးခံရမှာကြောက်လို့ ထွက်သွားကြတဲ့အချိန်မှာ မင်းက ဘာလို့ ထွက်မသွားဘဲ ငါ့အနားမှာ ရှိနေပေးခဲ့တာလဲ”လို့ မေးလိုက်တယ်။ မောင်နီက “ဟိုးအရင်ကတည်းက မင်းနဲ့ငါက ကစားလည်း အတူတူ၊ စားလည်း အတူတူပဲလေ။ သူငယ် ချင်းကောင်းဆိုတာ ကိုယ့်ရဲ့ သူငယ်ချင်းအပေါ်မှာ ဆင်းရဲချိန်ပဲဖြစ်ဖြစ်၊ ချမ်းသာချိန်ပဲဖြစ်ဖြစ် မစွန့်ခွာသင့်ဘူး။ မင်း ရောဂါဖြစ်တဲ့အချိန်ကျမှ ငါက ထွက်သွားခဲ့ရင် သူငယ်ချင်းကောင်း ဘယ်ပီသတော့မလဲ”လို့ ပြောလိုက်ပါတယ်။

အဲဒီလိုပြောပြီးသွားတဲ့အခါမှာ ကြက်တူရွေးလေး မောင်မဲက “ဟုတ်ပါတယ်၊ မင်းက ငါ့ရဲ့ သူငယ်ချင်းကောင်းပါပဲ”လို့ ပြန်ပြောလိုက်တယ်။ ဒီလိုနဲ့ပဲ ကြက်တူရွေးလေး မောင်မဲနဲ့ မောင်နီတို့ သူငယ်ချင်းနှစ်ဦးဟာ တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်စွာ နေထိုင်သွားကြပါ တော့တယ်။

֍အောက်ပါမေးခွန်းများကို မေးပါ။

-ကြက်တူရွေးတွေအားလုံး တောအုပ်ထဲမှာ ဘယ်လို နေထိုင်ကြသလဲ။
-ကြက်တူရွေးလေးမောင်မဲ ရောဂါဖြစ်တဲ့အချိန်မှာ သူ့အနားမှာ ဘယ်သူရှိနေပေးလဲ။
-မောင်နီက သူငယ်ချင်းကောင်းရဲ့ အဓိပ္ပာယ်ကို ဘယ်လိုရှင်းပြပေးလဲ။
-နောက်ဆုံးမှာ ကြက်တူရွေးလေးမောင်မဲက သူ့သူငယ်ချင်းကို ဘာ့ကြောင့် သူငယ်ချင်းကောင်းလို့ ပြောတာလဲ။
-သားတို့၊ သမီးတို့မှာရော သူငယ်ချင်းကောင်းတွေ ရှိကြလား။ ရှိရင် အဲဒီသူငယ်ချင်း အကြောင်းကို အားလုံးကြားအောင် ပြောပြပေးပါလား။ (ပြောပြချင်သူ ကလေးနှစ်ဦး ခန့်က ပြောပြပါစေ။)

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ကြက်တူရွေးနှစ်ကောင်ပြောသော စကားလုံးများကို ရေးထားသော ကတ်ပြား၊ ကြက်တူရွေးလေး မောင်နီရဲ့ပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇာတ်လမ်းထဲက ကြက်တူရွေးလေး မောင်နီရဲ့ပုံကို ဆေးရောင်ခြယ်ကြပါစေ။ ဆေးရောင်ခြယ်ပြီးပါက “အဲဒီကြက်တူရွေးလေးကို ဘာဖြစ်လို့ မိတ်ဆွေကောင်းလို့ ပြော တာလဲ”ဟု မေးပါ။

֍ဇာတ်လမ်းထဲက ကြက်တူရွေးနှစ်ကောင်ပြောသော စကားလုံးများကို သင်ပုန်း သို့မဟုတ် ကတ်ပြားပေါ်တွင် ရေးပေးထားပါ။

֍ကလေး (၁ဝ) ယောက်ခန့်ကို နှစ်ယောက်တစ်တွဲစီ တွဲထားပေး၍ တစ်ယောက်နှင့် တစ်ယောက် “ဘယ်သူက နေမကောင်းတဲ့ကြက်တူရွေးလုပ်မယ်၊ ဘယ်သူက ကူညီတဲ့သူ လုပ်မယ်ဆိုတာ ရွေးထားကြ”ဟု ဆိုကာ ပြောရမည့်စကားလုံးများကို ဇာတ်တိုက်ထားကြ ပါစေ။ (အချိန်ရပါက ကလေးအားလုံး ပါဝင်သရုပ်ဆောင်ကြပါစေ။)

֍ဇာတ်တိုက်ပြီးသော ကလေးများမှ ရှေ့သို့ထွက်၍ သရုပ်ဆောင်ကြပါစေ။

֍သရုပ်ဆောင်သော ကလေးများကို လက်ခုပ်တီး၍ ဂုဏ်ပြုပေးပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မိတ်ဆွေကျင့်ဝတ်ငါးပါး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သူငယ်ချင်းကောင်းဆိုတာ ဘာလဲ၊ ဘယ်လိုလူမျိုးကို သူငယ်ချင်းကောင်းလို့ ခေါ်တာလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

֍မိတ်ဆွေကျင့်ဝတ်ငါးပါးကို ကလေးများ အဓိပ္ပာယ်နားလည်အောင် ရှင်းပြပြီး အလွတ်ရသည်အထိ သင်ကြားပေးပါ။

မိတ်ဆွေကျင့်ဝတ်ငါးပါး

ပေးကမ်းချီးမြှင့်၊
ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊
နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊
ဝတ်ငါးထွေ၊
ကျင့်လေ မိတ်သဟာ။

မိတ်ဆွေကျင့်ဝတ် (၅) ပါး

၁။ လိုအပ်သည့်အချိန်တွင် ပေးကမ်းကူညီခြင်း၊
၂။ ချမ်းသာ၊ ဆင်းရဲ မခွဲခြားဘဲ ကိုယ်နှင့်တန်းတူ သဘောထားခြင်း၊
၃။ အကျိုးစီးပွားဆောင်ရွက်ပေးခြင်း၊
၄။ စကားပြောချိုသာခြင်းနှင့်
၅။ မှန်မှန်ကန်ကန်ပြောဆိုခြင်း။

֍နောက်ဆုံးတွင် “မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းဆိုတာ မိတ်ဆွေကျင့်ဝတ် ငါးပါးနဲ့ အညီ နေထိုင်ကျင့်ကြံသူဖြစ်တယ်”စသည်ဖြင့်ပြောပြ၍ မိတ်ဆွေကျင့်ဝတ်ငါးပါးအကြောင်း ကို အနှစ်ချုပ်ပေးကာ ကဗျာကို ပြန်လည်ရွတ်ဆိုရင်းဖြင့် စာသင်ချိန်ကို အဆုံးသတ်ပါ။