မိဘကျေးဇူး (ဆရာ)

339312ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂ဝ) မိဘကျေးဇူး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂ဝ)

မိဘကျေးဇူး

သင်ယူမှုဦးတည်ချက် ။ ။ မိဘကျေးဇူးကြီးမားကြောင်းကိုသိရှိ၍ ကူညီပေးလိုစိတ်များဖြစ်ပေါ်လာစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဖေဖေမေမေရှာပေးပါ ဇာတ်လမ်း၊ ကြောင်၊ ဆိတ်၊ ငှက်၊ ဘဲ၊ ယုန် စသည့် တိရစ္ဆာန်လေးများနှင့် လူကလေး ရုပ်ပုံများ (သို့မဟုတ်) ယုန်ဖေဖေ၊ ယုန်မေမေ၊ ယုန်သားသား စသည်ဖြင့် ရေးထားသော ကတ်ပြားများ၊ ပူဖောင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍ယုန်ဖေဖေ၊ ယုန်မေမေ၊ ယုန်သားသား စသည်ဖြင့် ရေးထားသော ကတ်ပြားများကို ကလေးများအား တစ်ခုစီ ဝေပါ။ ရင်ဘတ်တွင် တိပ်ဖြင့် ကပ်ထားပါစေ (သို့မဟုတ်) ချိတ်ဆွဲထားပါစေ။ ပြီးလျှင် အတန်းရှေ့တွင် စက်ဝိုင်းပုံ မတ်တတ်ရပ်နေကြပါစေ။

֍ယခုဇာတ်လမ်းတစ်ပုဒ်ပြောပြမည်ဖြစ်ကြောင်း၊ ဇာတ်လမ်းပြောရင်း ဆရာက ပူဖောင်းကို ဖောက်လိုက်ချိန်တွင် ကလေးများအချင်းချင်း ပြေး၍ နေရာလဲကြရမည်ဖြစ်ကြောင်း ရှင်းပြပါ။

֍ထို့နောက် “ဖေဖေမေမေ ရှာပေးပါ” ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

ဖေဖေမေမေ ရှာပေးပါ

[သတိပြုရန် 1]

တစ်ခါက တောအုပ်ကြီးတစ်ခုမှာ ကြောင်လေးတစ်ကောင် ရှိတယ်။ (ကြောင် ဘယ်လိုအော်သလဲ၊ နာမည် ဘယ်လိုပေးမလဲ)။ ဆိတ်ကလေးတစ်ကောင်လည်း ရှိတယ်။ (ဆိတ် ဘယ်လိုအော်သလဲ၊ နာမည် ဘယ်လိုပေးမလဲ)။ နောက်ပြီး ငှက်ကလေးရယ် (ငှက် ဘယ်လိုအော်သလဲ၊ နာမည် ဘယ်လိုပေးမလဲ)။ ဘဲကလေးရယ် (ဘဲ ဘယ်လိုအော်သလဲ၊ နာမည် ဘယ်လိုပေးမလဲ)။ ယုန်ကလေးရယ် (ယုန် ဘယ်လိုအော်သလဲ၊ နာမည် ဘယ်လို ပေးမလဲ) ရှိကြတယ်။

မှတ်ချက် ။ ။ ကြောင် - ကြောင်ကလေးရွှေဝါ၊ ဆိတ် - ဆိတ်ပဲပဲ၊ ငှက်-ငှက်ကျွိကျွိ၊ ဘဲ - ဘဲဂတ်ဂတ်၊ ယုန် - ဖိုးရွှေယုန်။

တစ်နေ့တော့ အဲဒီတောအုပ်ထဲမှာ ဘုရားပွဲရှိတော့ သူတို့အားလုံး ဘုရားပွဲကို သွားချင်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖေဖေ၊ မေမေက သူတို့ချည်းပဲ မလွှတ်ချင်ကြဘူး။ ဒါ့ကြောင့် ဖေဖေ၊ မေမေတို့နဲ့အတူတူ ဘုရားပွဲကို သွားကြတာပေါ့။

ပွဲဈေးတန်းမှာ ဆင်ကလေးပိုမိုက ရောင်စုံပူဖောင်း ရောင်းနေတယ်။ ကလေး တွေက ပူဖောင်း အလုအယက် ဝိုင်းလုနေကြတဲ့အချိန်မှာပဲ “ဖောင်း”ကနဲ မြည်ပြီးတော့ ပူဖောင်းတစ်လုံး ပေါက်သွားတယ်။ ပူဖောင်းပေါက်သံကြောင့် ကလေးများအားလုံး လန့်ပြီး ထွက်ပြေးလိုက်ကြတာ ဖေဖေ၊ မေမေတို့နဲ့ လူစုကွဲသွားတာပေါ့။

[သတိပြုရန် 2]

֍ဆရာက ပူဖောင်းကို ဖောက်ချိန်တွင် ကလေးများအားလုံး နေရာလဲကြပါစေ။

֍“ကဲ အခု လူစုကွဲသွားတဲ့ မိသားစုတွေ ပြန်ရှာကြရအောင်” ဟုပြော၍ အမျိုးတူရာ အဖေ၊ အမေ၊ သား/သမီး (၃) ဦးစီ ရှာ၍ တွဲပါစေ။

֍ထို့နောက် ကလေးတို့တွင်လည်း ဖေဖေ၊ မေမေ ရှိကြောင်း၊ ဖေဖေ၊ မေမေတို့က သားတို့၊ သမီးတို့ကို ချစ်ခင်သလို ကလေးတို့ကလည်း ဖေဖေ၊ မေမေကို ချစ်ခင်ရမည်ဖြစ်ကြောင်း ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ပန်းချီဆွဲရန် စာရွက်များ၊ ရောင်စုံခဲတံများနှင့် ဖေဖေမေမေ သီချင်းကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 3]

֍ကလေးတစ်ဦးစီကို ၎င်းတို့၏ မိသားစုပုံ ဆွဲပါစေ။ ဆွဲတတ်သလို ဆွဲကြပါစေ။

֍ဖေဖေ၊ မေမေတို့၏ နာမည်ကို မိတ်ဆက်ပါစေ။

֍ထို့နောက် အောက်ပါအတိုင်း မေးပါ။

-ဖေဖေ၊ မေမေကို ချစ်လား/မချစ်လား။
-ဘာ့ကြောင့် ချစ်/မချစ်တာလဲ။

֍ထို့နောက် အောက်ပါသီချင်းကဗျာကို သင်ပေးပါ။

ဖေဖေ မေမေ

ထမင်းဟင်း စားနိုင်ဖို့ စီမံကာရယ် ချက်ပြုတ်ပေးနေတဲ့ တို့မေမေ
အမေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
ထမင်းဟင်းစားနိုင်ဖို့ ငွေရှာကာရယ် ကြိုးစားပေးနေတဲ့ တို့ဖေဖေ
အဖေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
အဝတ်အစား သန့်စင်ဖို့ ဖြူစင်အောင် လျှော်ဖွပ်ပေးနေတဲ့ တို့မေမေ
အမေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။
အဝတ်အစားကောင်းဝယ်ဖို့ ငွေရှာကာရယ် ကြိုးစားပေးနေတဲ့ တို့ဖေဖေ
အဖေ့စကား နားထောင်လို့ လိမ္မာစွာပင် ကျေးဇူးဆပ်ပါမယ်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ သုတနုဆင်းရဲသားလေးဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

မိဘကို လုပ်ကျွေးပြုစုသော သုတနုဆင်းရဲသားလေးအကြောင်းကို စိတ်ဝင်စားဖွယ် ပြောပြပါ။

သုတနုဆင်းရဲသားလေး

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ အလွန်လိမ္မာပြီး မိခင်အိုကို ကျွေးမွေးပြုစု စောင့်ရှောက်နေတဲ့ လူငယ်လေးတစ်ယောက် ရှိတယ်။ သူ့ကို သုတနုဆင်းရဲသားလေးလို့ ခေါ်တယ်။ သုတနုဆင်းရဲသားလေးက စိတ်သဘောထားကောင်းပြီး ဉာဏ်ပညာ ထက်မြက် တယ်။ ဆင်းရဲပေမဲ့လည်း ရိုးရိုးသားသားနဲ့ မိခင်အိုကို ရှာဖွေလုပ်ကိုင် ကျွေးမွေးတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကို ကူညီပေးတတ်သလို အဘိုး၊ အဘွားတွေကိုလည်း လိုအပ်သလို ကူညီပေးလေ့ရှိတယ်။ သုတနဆင်းရဲသားလေးဟာ မြင်သူတိုင်းကို ပြုံးရွှင်စွာနဲ့ သူက အရင်ဦးအောင် နှုတ်ဆက်လေ့ရှိတယ်။ ဒါ့ကြောင့်လည်း မြင်တဲ့သူတိုင်းက သူ့ကို ချစ်ခင်နှစ်သက်ကြတယ်။

သုတနဆင်းရဲသားလေးနေတဲ့မြို့ နဲ့ မနီးမဝေးက ညောင်ပင်ကြီးမှာ ဘီလူးကြီး တစ်ကောင် ရှိတယ်။ အဲဒီဘီလူးကြီးကို ဘုရင်က လူတစ်ယောက်နဲ့ ထမင်းတစ်ထုပ် နေ့စဉ် ပို့ပေးရတယ်။ ထမင်းထုပ်လာပို့တဲ့သူကို ဘီလူးကြီးက “သင်က ငါ့အရိပ်ကို ခိုတယ်၊ ငါ့မြေကို နင်းတယ်၊ သင်ဟာ ငါပိုင်တဲ့နယ်မြေထဲကို ရောက်လာခဲ့ပြီ၊ ဒါ့ကြောင့် သင့်ကို ငါ စားရလိမ့် မယ်”လို့ ပြောပြီး စားပစ်လိုက်တယ်။ နေ့စဉ် လူတစ်ယောက်နဲ့ ထမင်းတစ်ထုပ်ကို ကျွေးနေရတော့ ဘုရင်ကြီးက ထောင်ထဲကလူတွေကို ဘီလူးကြီးဆီ ပို့ပေးတယ်။ အချိန်ကြာလာတော့ ထောင်သားတွေ တစ်ယောက်မှ မကျန်တော့ဘဲ ကုန်သွားပါတော့တယ်။ ဒါ့ကြောင့် ဘုရင် ကြီးက ညောင်ပင်စောင့်ဘီလူးကြီးဆီ ထမင်းပို့ရဲတဲ့သူကို ထိုက်ထိုက်တန်တန် ဆုငွေချမယ် လို့ ကြေညာလိုက်တယ်။

ဒီကြေညာချက်ကို ကြားတဲ့အခါ သုတနုဆင်းရဲသားလေးက ဆုငွေတွေရရင် မိခင်အိုကို ပြုစုလုပ်ကျွေးချင်တဲ့အတွက် မိခင်အိုထံ သူသွားချင်တဲ့အကြောင်းကို ခွင့်တောင်း တယ်။ မိခင်အိုက စိတ်ပူပြီး သွားခွင့်မပြုဘူး။ အဲဒါနဲ့ သုတနုဆင်းရဲသားလေးက မိခင် သားအတွက် စိတ်မပူပါနဲ့၊ ဘီလူးကြီးကို ဆုံးမပြီး မြို့ သူမြို့ သားတွေ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် လုပ်ခဲ့မှာပါ။ သားကို ခွင့်ပြုပါ”လို့ ရိုရိုသေသေနဲ့ ခွင့်တောင်း တယ်။ အဲဒါနဲ့ မိခင်အိုကြီးလည်း သားလေးရဲ့ စိတ်အားထက်သန်မှုကို မပိတ်ပင်တော့ဘဲ ခွင့်ပြုလိုက်ကြတယ်။

သုတနုဆင်းရဲသားလေးက ဝမ်းသာပျော်ရွှင်စွာနဲ့ ဘုရင်ကြီးဆီကို သွားပြီး “ကျွန်ုပ် ကို ဘုရင်ကြီးရဲ့ထီး၊ ဖိနပ်၊ သန်လျက်နဲ့ ရွှေခွက်ကို ခဏငှားပါ” လို့ တောင်းဆိုတယ်။ သုတန ဆင်းရဲသားလေးက ထီးကိုဆောင်း၊ ဖိနပ်ကို စီး၊ သန်လျက်ကို ကျောမှာလွယ်ကာ ထမင်းကို ရွှေခွက်ထဲထည့်ပြီး ဘီလူးကြီးရှိတဲ့ ညောင်ပင်ကြီးဆီကို ထွက်လာခဲ့တယ်။ ညောင်ပင်ကြီးဆီ ရောက်တဲ့အခါမှာ “အို .. ဘီလူးကြီး၊ ငါဟာ သင်စားဖို့ ထမင်းလာပို့တာပါ လို့ ပြောပြီး လို့ ရွှေခွက်ထဲက ထမင်းကို ကျွေးပါတယ်။

ဘီလူးကြီးက ရွှေခွက်ထဲက ထမင်းကို စားပြီးတဲ့အခါ “သင်က ငါ့အရိပ်ကို ခို တယ်၊ ငါ့မြေကို နင်းတယ်၊ သင်ဟာ ငါပိုင်တဲ့နယ်မြေထဲကို ရောက်လာခဲ့ပြီ၊ ဒါကြောင့် သင့်ကို ငါစားရလိမ့်မယ်”လို့ ပြောတယ်။ သုတနဆင်းရဲသားလေးက “အို ... ဘီလူးကြီး၊ ကျွန်ုပ် ဟာ သင့်ညောင်ပင်ရိပ်ကိုလည်း မခိုပါ၊ သင့်နယ်မြေထဲကိုလည်း ရောက်မလာခဲ့သေးပါ၊ ကျွန်ုပ်မှာပါလာတဲ့ ထီးရိပ်အောက်မှာ ခိုပြီး၊ ဖိနပ်ပေါ်မှာ နင်းနေတာပါ”လို့ တုန်လှုပ်ခြင်း မရှိဘဲ ပြန်ပြောခဲ့တယ်။

ပြီးတော့ သုတနုဆင်းရဲသားလေးက “သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲတဲ့သူက ကြမ်းတမ်းရာကျပါတယ်။ အဲဒီလိုလူကို ဘယ်သူကမှ မနှစ်သက်ကြပါဘူး။ ပြီးတော့ အပါယ် ငရဲလည်း ကျနိုင်ပါတယ်။ ဒါ့ကြောင့် အစားတစ်လုတ်အတွက်နဲ့ သူတစ်ပါးအသက်ကို သတ် ဖြတ်တာ မတန်ပါဘူး၊ သင့်အတွက် လုံလောက်တဲ့ အစားအစာရအောင် ကျွန်ုပ် စီမံပေးပါ့ မယ်၊ ကိုယ့်အသက်ကို တန်ဖိုးထားသလို သူတစ်ပါးရဲ့ အသက်ကိုလည်း တန်ဖိုးထားစေချင် ပါတယ်ဘီလူးကြီး၊ ဒီနေ့ကစပြီး သူတစ်ပါးအသက်ကို မသတ်ပါနဲ့”လို့ ဆုံးမစကား ပြောဆို ခဲ့တယ်။ ဘီလူးကြီးလည်း သူ့အမှားတွေကို သူပြန်မြင်မိသွားပြီး “နောက်ဆို သူတစ်ပါး အသက်ကို မသတ်ဖြတ်တော့ပါဘူး” လို့ သုတနုဆင်းရဲသားလေးကို ကတိပေးလိုက်တယ်။

ဘီလူးကြီးဆီက ကတိစကားကို ကြားရတဲ့အခါ သုတနုဆင်းရဲသားလေးက ဝမ်းသာပျော်ရွှင်စွာနဲ့ နန်းတော်ကို ပြန်လာခဲ့တယ်။ ဘုရင်ကြီးက သုတနုဆင်းရဲသားလေးကို မြင်တော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး စစ်သူကြီးရာထူး ပေးအပ်လိုက်တယ်။ သူ့မိခင်အို ကလည်း အသက်မသေဘဲ စစ်သူကြီးဝတ်စုံနဲ့ ပြန်ရောက်လာတဲ့ သားငယ်သုတနုကို မြင်ရ တဲ့အခါ ဝမ်းသာပီတိ ဖြစ်သွားတယ်။ ဒီလိုနဲ့ပဲ သုတနုဆင်းရဲသားလေးက ရရှိတဲ့ ဆုငွေတွေနဲ့ ချမ်းသာလာပြီး သူ့မိခင်အိုကို လုပ်ကျွေးပြုစုရင်း အသက်ထက်ဆုံး ပျော်ရွှင်စွာ နေသွားကြ တယ်။

မှီငြမ်း ။ ။ သုတနုဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊တတိယတွဲ။ ၂၄၈။ ဇာ၊ ဋ္ဌ၊ ၃။ ၃ဝ၅။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးမြန်းပါ။

-သုတနုဆင်းရဲသားလေးကို လူတွေက ဘာဖြစ်လို့ ချစ်ကြတာလဲ။
-ဘီလူးကြီးက ထမင်းလာပို့တဲ့သူတွေကို ဘယ်လိုပြောပြီး စားပစ်လိုက်လဲ။
-သုတနုဆင်းရဲသားလေးက ဘာဖြစ်လို့ ဘီလူးကြီးဆီကို ထမင်းသွားပို့ချင်တာလဲ။
-သုတနုဆင်းရဲသားလေးက ဘီလူးကြီးကို ဘယ်လို ဆုံးမစကား ပြောလိုက်သလဲ။
-သားတို့၊ သမီးတို့သာ သုတနုဆင်းရဲသားလေး နေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြီး အကြောင်းအရာအချို့ကို ပြန်မေးပါ။

֍ထို့နောက် အုပ်စုဖွဲ့ပြီး “သားတို့၊ သမီးတို့ မိဘတွေကို လုပ်ပေးချင်တဲ့အရာ (၅) ခုကို ပြောကြရမယ်နော်”ဟုပြောကာ အုပ်စုလိုက် ဆွေးနွေးကြပါစေ။

֍ပြီးလျှင် ကလေးများ မိဘများကို လုပ်ပေးချင်သော အရာ (၅) ခုကို အုပ်စုတစ်ခုပြီး တစ်ခု ပြောကြပါစေ။

֍ကလေးအားလုံးကို မျက်စိမှိတ်ထားစေပြီး အောက်ပါအတိုင်း ဆုတောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

-“ကလေးတို့အားလုံး မိဘကျေးဇူးကို သိတတ်တဲ့သူများ ဖြစ်ကြပါစေ။ မိဘကျေးဇူး ဆပ်နိုင်သူများ ဖြစ်ကြပါစေ။”

  1. ဆရာက အခြားသော တိရစ္ဆာန်လေးများ၏ နာမည်ကို ဖြည့်စွက်၍ ပြောပေးပါ။
  2. အဖေအမေ မရှိသော ကလေးများအတွက် အုပ်ထိန်းသူသည်လည်း မိဘပင် ဖြစ်ကြောင်း နားလည်အောင် ပြောပြပေးပါ။
  3. မိခင်၊ ဖခင် တစ်ဦးဦး သို့မဟုတ် နှစ်ဦးစလုံး မရှိသူများ အတန်းတွင်း ရှိပါက ထိုကလေးအနီး သွား၍ မိမိတို့ရင်ထဲတွင် ရှိနေသော မိဘများပုံကို ဆွဲရန် အားပေးပါ။