တံမြက်စည်းလှည်းတဲ့ မင်းသားလေး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၉) တံမြက်စည်းလှည်းတဲ့ မင်းသားလေး (ကျောင်းသားကိုင်သို့)
339311ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၉) တံမြက်စည်းလှည်းတဲ့ မင်းသားလေး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၉)

တံမြက်စည်းလှည်းတဲ့မင်းသားလေး

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားကျောင်းကန်တွင်သန့်ရှင်းရေးလုပ်သည့် အလေ့အထ ဖြစ်ပေါ်စေရန်နှင့် တံမြက်စည်းလှည်းခြင်း၏အကျိုးကျေးဇူးကိုသိရှိပြီး သန့်ရှင်းစွာ ပြုမူနေထိုင်တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ သစ်ရွက်များနှင့် စက္ကူစလေးများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား ကျောင်းပတ်ဝန်းကျင်တွင် မည်သည့်အမှိုက်များ ရှိနေသည်ကို လှည့်လည်၍ ကြည့်ရှုလေ့လာပါစေ။

[သတိပြုရန် 1]

֍ကလေးများကြည့်ရှုလေ့လာပြီးပါက အောက်ပါမေးခွန်းများဖြင့် ဆွေးနွေးပါ။

-ဘာအမှိုက်တွေ တွေ့ ခဲ့သလဲ။
-ဘာဖြစ်လို့ အမှိုက်တွေရှိနေရတာလဲ။
-အမှိုက်တွေအများကြီး စုပုံလာရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ။
-ဒါဆိုရင် အမှိုက်တွေရှိနေတာ ကောင်းလား၊ 
-အမှိုက်တွေမရှိအောင် ဘာလုပ်ရမလဲ။

֍ကလေးများအားလုံး ပါဝင်ဖြေဆိုပြီးသွားပါက အောက်ပါအတိုင်း ရှင်းပြပေးပါ။ “ကလေးတို့တွေ့ ခဲ့တဲ့ အမှိုက်တွေဟာ သဘာဝအလျောက် အပင်တွေက ကြွေကျတဲ့ သစ်ရွက်တွေ ပါနိုင်သလို လူတွေစွန့်ပစ်တဲ့ အမှိုက်တွေလည်း ပါနိုင်တယ်။ ဒီလို အမှိုက် တွေများလာရင် ပတ်ဝန်းကျင်ညစ်ပတ်လာမယ်။ ကြွက်တွေ၊ ခြင်တွေ၊ ယင်တွေ၊ ပိုးဟပ် တွေ လာရောက်ပေါက်ပွားနိုင်တယ်။ ဘုရားကျောင်းကန်မှာ နေထိုင်ကြတဲ့ ဆရာတော် တွေ၊ ကိုရင်တွေ၊ သီလရှင်တွေလည်း အမှိုက်ကထွက်တဲ့ အနံ့ဆိုးတွေနဲ့ တိရစ္ဆာန်တွေ ကြောင့် ဘုရား၊ တရားအလုပ်တွေ ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ဒါ့အပြင် လူတွေ လည်း ရောဂါတွေပါ ရလာနိုင်တယ်။ ဒါကြောင့် အမှိုက်တွေမရှိအောင် သန့်ရှင်းရေး လုပ်ကြရမယ်”

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ တံမြက်စည်း၊ ဂေါ်ပြား၊ အမှိုက်ပုံး၊ ရေ၊ ဆပ်ပြာ၊

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား ကျောင်းပတ်ဝန်းကျင်အနီးတွင် စုပေါင်း၍ အမှိုက်ကောက်၊ တံမြက် စည်းလှည်းစေပြီး အမှိုက်များကို အမှိုက်ပုံး သို့မဟုတ် သတ်မှတ်ထားသည့်နေရာတွင် စွန့်ပစ်ပါစေ။ သန့်ရှင်းရေးလုပ်ပြီးပါက လက်များကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေး ပါစေ။

֍ကလေးများ အမှိုက်ပစ်ရန် အမှိုက်ပုံး၊ အမှိုက်လှည်းရန် တံမြက်စည်း၊ ဂေါ်ပြား၊ လက် ဆေးရန် ရေ၊ ဆပ်ပြာတို့ကို ဆရာက အဆင်သင့် ထားပေးပါ။

֍ထို့နောက် ကလေးများကို အောက်ပါမေးခွန်းများ မေးပါ။
-အမှိုက်တွေ ရှုပ်နေရင် သားတို့၊ သမီးတို့ရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။
-အခုလို အမှိုက်တွေကို သန့်ရှင်းအောင် လုပ်ပြီးသွားတဲ့အခါ စိတ်ထဲမှာ ဘယ်လိုခံစား ရလဲ။
-အမှိုက်လှည်းပြီး သန့်ရှင်းရေးလုပ်နေတဲ့ ကလေးတွေကို တွေ့ တဲ့လူကြီးတွေက ဘာပြောမယ်လို့ ထင်သလဲ။ ဘယ်လို ဆုတောင်းပေးကြမလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ တံမြက်စည်းလှည်းတဲ့ မင်းသားလေး ဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခု သားတို့၊ သမီးတို့ကို တံမြက်စည်းလှည်းလို့ အသက်ရှည်သွားတဲ့ မင်းသားလေး အကြောင်း ဇာတ်လမ်းကို ပြောပြမယ်နော်”ဟု အစချီကာ အောက်ပါဇာတ်လမ်းကို အဖြတ်အတောက် မှန်မှန်ဖြင့် စိတ်ဝင်စားအောင် ပြောပြပါ။

֍ဇာတ်လမ်းပြောနေစဉ် ကလေးများ သိချင်သော စကားလုံးများရှိပါက ရှင်းပြပေးပါ။

တံမြက်စည်းလှည်းတဲ့မင်းသားလေး

ရှေးအခါက မင်းသားလေးတစ်ပါးဟာ တက္ကသိုလ်ပြည်က ဆရာကြီးဆီကို ပညာသင် ကြားဖို့ ရောက်လာတယ်။ ဆရာကြီးကလည်း သူတတ်ကျွမ်းတဲ့ ဗေဒင်ပညာနဲ့ အကဲခတ် ကြည့်လိုက်တော့ ဒီမင်းသားလေးဟာ ဒီနေ့ကစပြီး နောင်ခုနစ်ရက်မြောက်နေ့မှာ သေဆုံးနိုင် တယ်ဆိုတာကို မြင်သွားခဲ့တယ်။ ဒါကြောင့် ဆရာကြီးက မင်းသားကို “နောင်ခုနစ်ရက်ကြာမှ ပညာစသင်ကြားသင့်တယ်၊ အခုတော့ ပညာသင်ကြားဖို့ အချိန်မဟုတ်သေးဘူး”လို့ ဆိုပြီး မင်းသားကို နေရပ်ပြန်ခိုင်းလိုက်တယ်။

မင်းသားလေးလည်း ဆရာကြီးပြောတဲ့အတိုင်း နေရပ်ကို ပြန်သွားခဲ့တယ်။ နေရပ်ကို ပြန်တဲ့လမ်းမှာ မိုးချုပ်သွားတာကြောင့် အနီးအနား ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဝင်ရောက်တည်းခိုခဲ့တယ်။ အဲဒီဘုန်းကြီးကျောင်းရှေ့ လမ်းဘေးမှာ ညောင်ပင်ကြီးတစ်ပင် ရှိ တယ်။ အဲဒီညောင်ပင်ကြီးရဲ့ အကိုင်းတစ်ကိုင်းဟာ လူသွားလမ်းပေါ်ကို ကိုင်းညွတ်နေတယ်။ မင်းသားလေးလည်း လမ်းသွားလမ်းလာတွေ လွယ်ကူအောင် ဝါးလုံးတစ်ချောင်းရှာပြီး ညောင် ကိုင်းကို ထောက်,ပေးလိုက်တယ်။ ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်ကိုလည်း အမှိုက်တွေ ရှင်းသွားအောင် တံမြက်စည်းလှည်းပြီး ချုံနွယ်ပိတ်ပေါင်းတွေကို ရှင်းလင်းပေးခဲ့တယ်။

ဒီလိုနဲ့ ခုနစ်ရက်ကြာတဲ့အခါ မင်းသားလေးဟာ ဆရာကြီးဆီကို ပညာသင်ကြားဖို့ ပြန်ရောက်ခဲ့တယ်။ မင်းသားလေး တက္ကသိုလ်ပြည်ကို ရောက်တဲ့အခါမှာတော့ (၇) ရက် ကြာရင် သေမယ်လို့ ထင်ထားသူက မသေသေးတာကြောင့် ဆရာကြီးက အံဩသွားပြီး “မင်းသား ဒီကအပြန် လမ်းခရီးမှာ ဘာကောင်းမှုကုသိုလ်တွေ လုပ်ခဲ့သလဲ”လို့ မေး လိုက်တယ်။ မင်းသားလေးကလည်း “လမ်းသွားလမ်းလာ အဆင်ပြေအောင် ညောင်ပင်ကို ဝါးလုံးနဲ့ ထောက်ပေးတယ်၊ ဘုန်းတော်ကြီးကျောင်းဝင်းထဲက ချုံနွယ်ပင်တွေ ရှင်းလင်းပြီး တစ်ကျောင်းလုံးကို အမှိုက်သရိုက်တွေ မရှိအောင် တံမြက်စည်းလှည်းခဲ့ပါတယ်”လို့ ဖြေလိုက် တယ်။

ဆရာကြီးလည်း “ကျောင်းကန်ဘုရားပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်၊ တံမြက်စည်း လှည်းတာကြောင့် မင်းသားလေး သေရမယ့်အချိန်မှာ မသေဘဲ အသက်ချမ်းသာရာ ရတာ”လို့ မိန့်ကြားလိုက်ပါတယ်။ မင်းသားလေးဟာ တံမြက်စည်းလှည်းပြီး ကျောင်းကန်ဘုရားတွေမှာ သန့်ရှင်းရေးလုပ်ပေးတဲ့ ကုသိုလ်ကောင်းမှုကြောင့် သေဘေးကလွတ်ပြီး ပညာရပ်တွေကို ဆုံးခန်းတိုင် သင်ယူနိုင်ခဲ့ပါတယ်။

֍ဇာတ်လမ်းပြောပြီးပါက အောက်ပါမေးခွန်းများနှင့် ဆွေးနွေးပါ။

-မင်းသားလေးဟာ ဘယ်လိုကောင်းမှု ကုသိုလ်တွေလုပ်ခဲ့သလဲ။
-အဲဒီကောင်းမှုကုသိုလ်တွေ လုပ်ခဲ့တဲ့အတွက် မင်းသားလေး ဘာဖြစ်သွားသလဲ။
-သားတို့၊ သမီးတို့ပတ်ဝန်းကျင်မှာရှိတဲ့ ဘုရား၊ ကျောင်းကန်တွေမှာ အမှိုက်တွေ၊ ချုံနွယ်တွေရှိနေရင် သားတို့၊ သမီးတို့ ဘာလုပ်နိုင်သလဲ။ ဘယ်သူတွေကို အကူအညီ တောင်းမလဲ။
-အဲဒီလို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဘယ်လိုကောင်းကျိုးတွေ ရလာနိုင်မယ်လို့ ထင်သလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ တံမြက်စည်းလှည်းကြစို့ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါကဗျာကို တိုင်ပေးပြီး ကလေးများနှင့်အတူ ဟန်ပန်အမူအရာဖြင့် ရွတ်ဆိုပါ။

တံမြက်စည်းလှည်းကြစို့

တောင်ကုန်းပေါ်က စေတီသာ၊
ဖူးကြရအောင်ကွာ။
ထုံးသင်္ကန်းမှာ ဖြူဖြူဖွေး၊
ပန်းတွေ တမွှေးမွှေး။
ရင်ပြင်ဘေးက ဇရပ်တွင်၊
သစ်ရွက်ခြောက်တွေတင်။
ပတ်ဝန်းကျင် သန့်ရှင်းဖို့၊
တံမြက်စည်းလှည်းကြစို့။ ။

֍ကဗျာပါအကြောင်းအရာများကို ကလေးများနားလည်အောင် ရှင်းပြပါ။

֍ထို့နောက် အုပ်စုဖွဲ့၍ ကလေးများကို ဟန်ပန်အမူအရာဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ လုပ်ပေးပါ။

֍တံမြက်စည်းလှည်း၍ ရသောအကျိုးများကို ပြောပြ၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. သန့်ရှင်းနေပါက ဆရာက သစ်ရွက်၊ စက္ကူစလေးတွေကို ကြိုတင်၍ နည်းနည်း ဖွထားပေးပါ။