မိဘကျေးဇူး -စ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၅။ မိဘကျေးဇူး(ကျောင်းသားကိုင်သို့)
348313ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁၅။ မိဘကျေးဇူး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၅)

သင်ခန်းစာခေါင်းစဉ်။ ။ မိဘကျေးဇူး

သင်ယူမှုဦးတည်ချက်။ ။ မိဘကျေးဇူးကို သိတတ်စေရန်နှင့် ကျေးဇူးတုံ့ပြန်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများကို မေးပါ။

-အသက် ဘယ်လောက်ရှိပြီလဲ။
-ဒီအသက်အရွယ် ရောက်လာတဲ့အထိ မေမေက ဘာတွေ လုပ်ပေးခဲ့သလဲ။
-ဖေဖေကရော ဘာတွေ လုပ်ပေးခဲ့သလဲ။

(ယခုလက်ရှိအရွယ်၊ ကျောင်းနေစအရွယ်၊ မွေးစအရွယ် စသည်ဖြင့် မေးရန်ဖြစ်ပါသည်။ တစ်ဦးချင်းမေးရာတွင် ကလေးများ၏ အခြေအနေအလိုက် မိဘမရှိလျှင် မိဘကိုယ်စား တာဝန်ယူလုပ်ဆောင်ပေးခဲ့သည့် အုပ်ထိန်းသူ ပုဂ္ဂိုလ်အကြောင်းကိုလည်း ပြောပြပါစေ။)

֍ ကလေးများ၏ ပြောကြားချက်များကို သင်ပုန်းပေါ်တွင် မှတ်သားထားပါ။

֍ ထို့နောက် မိမိတို့အပေါ်၌ ကျေးဇူးရှိသော ပုဂ္ဂိုလ်များအကြောင်း သုံးချက်မှ ငါးချက်ခန့်ကို ကလေးတစ်ဦးစီက ရေးသားပါစေ။ ရေးသားဖော်ပြပြီးသော အချက်များကို အားလုံးမြင်သောနေရာတွင် ကပ်စေပြီး ကလေးအားလုံး လှည့်လည်ဖတ်ရှုကြပါစေ။

֍ “သားတို့သမီးတို့ရဲ့ မိဘတွေ၊ မိဘမဟုတ်ပေမယ့် သားတို့သမီးတို့ကို ပြုစုစောင့်ရှောက်ပေးသူတွေရဲ့ ကျေးဇူးက အလွန်ကြီးမားတယ်ဆိုတာ အခုသားတို့သမီးတို့ဖော်ပြသွားတဲ့ အချက်တွေအရ သိရတယ်။ နောက်စာသင်ချိန်မှာ မိဘကျေးဇူးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို လေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းကို ဖတ်ကြပါစေ။ ကလေးများ နားမလည်နိုင်သော စကားလုံးများကို ရှင်းပြပေးပါ။ ကလေးများဖတ်ပြီးလျှင် ပုဏ္ဏားကြီး ရွတ်ဆိုသော စကားများကို ကလေးများ သေသေချာချာ နားလည်စေရန်အတွက် အပြန်အလှန် မေးမြန်းဆွေးနွေးပါ။

မိဘကျေးဇူး

ရှေးအခါက သာဝတ္ထိပြည်မှာ ငွေအသပြာရှစ်သိန်း ကြွယ်ဝချမ်းသာတဲ့ ပုဏ္ဏားကြီးဇနီးမောင်နှံရှိတယ်။ သူတို့မှာ သားလေးယောက်ရှိတယ်။ သားလေးယောက်တို့ အိမ်ထောင်ပြုကြတဲ့အခါ တစ်ယောက်ကို အသပြာ တစ်သိန်းစီ ခွဲဝေပေးလိုက်တယ်။

အဲဒီနောက် သိပ်မကြာခင် ပုဏ္ဏေးမကြီး ကွယ်လွန်သွားတဲ့အခါမှာတော့ သားလေးယောက်တို့ဟာ “အဖေ နောက်အိမ်ထောင်ပြုသွားရင် ကျန်အသပြာလေးသိန်းနဲ့ တခြားပစ္စည်းဥစ္စာတွေကို ငါတို့ ရမှာမဟုတ်တော့ဘူး” တွေးမိပြီး စိုးရိမ်လာကြတယ်။ ဒါ့ကြောင့် တစ်နေ့မှာ ဖခင်ပုဏ္ဏားကြီးကို “အဖေ့ သားတို့ တစ်သက်လုံး ပြုစုလုပ်ကျွေးပါ့မယ်၊ ကျန်တဲ့ အသပြာငွေ လေးသိန်းနဲ့ တခြားပစ္စည်းဥစ္စာတွေကို သားတို့ကို ခွဲပေးပါ” လို့ တောင်းဆိုကြတယ်။ ပုဏ္ဏားကြီးလည်း သားတွေစကားကို ယုံစားပြီး ပစ္စည်းဥစ္စာတွေကို ခွဲဝေပေးလိုက်တယ်။ အရင်ဆုံး သားကြီး၏ အိမ်မှာ သွားနေတယ်။ သားကြီးနဲ့ ချွေးမတို့လည်း ဖခင်ကြီးကို နှစ်ရက်သုံးရက် ကောင်း ကောင်းမွန်မွန် ပြုစုလုပ်ကျွေးကြတယ်။ ဒါပေမဲ့ ရက်အနည်းငယ် ကြာလာတဲ့အခါမှာတော့ မကြည်မဖြူ ဖြစ်လာ ကြတယ်။

တစ်နေ့ ပုဏ္ဏားကြီး ရေချိုးရာက ပြန်အလာ တံခါးမှာ ရပ်ပြီးတော့ ချွေးမက “အဘ ... သင်ဟာ သားကြီးကို ငွေတစ်ရာ၊ တစ်ထောင် ပိုပေးခဲ့တာ ရှိလို့လား၊ ညီတူညီမျှပဲ ပေးခဲ့တာ မဟုတ်လား၊ တခြားသားတွေရဲ့ အိမ်ကို မသွားတော့ဘူးလား”လို့ ကြိမ်းမောင်းပြောဆိုပါတော့တယ်။ ချွေးမရဲ့ စကားကို မမျှော်လင့်ဘဲ ကြားရအခါမှာ ပုဏ္ဏားကြီးဟာ စိတ်မသက်မသာနဲ့ သားကြီးအိမ်ကနေ ထွက်လာခဲ့ပြီး အခြားသားတစ်ယောက် အိမ်ကို သွားပြန်တယ်။ အဲဒီအိမ်မှာလည်း အလားတူ အပြောအဆို ခံရပြီး အခြားသားအိမ်ကို ဆက်သွားပြန်တယ်။ နောက်ဆုံးမှာ သွားစရာနေစရာ အိမ်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ဘဝနဲ့ လှည့်လည်တောင်းရမ်းပြီး စားသောက်နေရရှာတယ်။

အဲဒီလိုစားရမဲ့သောက်ရမဲ့ ဖြစ်လာချိန်မှာ မြတ်စွာဘုရားရှင်ကို သတိရလာပြီး “ငါ့ကို ကူညီကောင်း ကူညီနိုင်လိမ့်မယ်” ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြတ်စွာဘုရားဆီကို ချဉ်းကပ်သွားတယ်။ အသားအရေ ခြောက်ကပ် ညှိုးနွမ်းနေတဲ့ ပုဏ္ဏားကြီးကို မြင်တဲ့အခါ မြတ်စွာဘုရားရှင်က အကြောင်းရင်းကို မေးတော်မူတယ်။ ပုဏ္ဏားကြီးကလည်း သူကြုံခဲ့သမျှကို အစအဆုံး လျှောက်ထားတယ်။ အဲဒီအခါ မြတ်စွာဘုရားရှင်က “ပုဏ္ဏားကြီး ... ဒါဆိုရင် ဂါထာအချို့ကို ငါ သင်ပေးမယ်၊ ဒီဂါထာတွေကို မှတ်ပြီးတော့ လူအများစည်းပေးရာ တရားသဘင်မှာ သွားရောက် ရွတ်ဆိုပါ” လို့ မိန့်တော်မူပြီး သင်ပေးလိုက်တယ်။

ပုဏ္ဏားကြီးဟာ ဂါထာတွေကို သင်ယူပြီးတော့ လူအများစည်းဝေးရာ တရားသဘင်ဆီ သွားတယ်။ အဲဒီ တရားသဘင်မှာ သူ့ရဲ့ သားလေးယောက် ရှိနေတာကို သိလို့ ပရိသတ်အလယ်မှာ မတ်တတ်ရပ်ပြီး ဂါထာတွေကို ရွတ်ဆိုတယ်။

“သားတို့ကို ငါသည် အလွန်အမင်း ချစ်ခဲ့၏။ သားတို့၏ ကြီးပွားချမ်းသာခြင်းကို လိုလားတောင့်တခဲ့၏။ ခွေးတို့သည် ဝက်ကို ဟောင်၍ နှင်ထုတ်ကြသကဲ့သို့ သားတို့သည် မယားတို့နှင့် တိုင်ပင်ကာ ငါ့ကို နှင်ထုတ်ကြ၏။” “ဘီလူးတို့သည် သားအသွင် ဟန်ဆောင်၍ ငါ့ကို “ဖခင်၊ ဖခင်”ဟု ခေါ်ခဲ့ကြ၏။ ယုတ်မာသော သားတို့သည် အိုမင်းလာသော ငါ့ကို စွန့်ပစ်ကြကုန်၏။”

“အိုမင်းပြီ ဖြစ်၍ အသုံးမကျသော မြင်းကို အစာမကျွေးဘဲ ဖယ်ထားသကဲ့သို့ သားမိုက်တို့သည် ငါ့ကို အိမ်မှ နှင်ထုတ်ကြ၏။ သားမိုက်တို့၏ ဖခင်အိုသည် အိမ်တကာလှည့်လည် တောင်းရမ်းစားသောက် နေရ၏။

“ငါ၏ သားတို့သည် လက်စွဲတောင်ဝှေးလောက်မျှ အသုံးမကျပေ။ တောင်ဝှေးသည် ကြမ်းတမ်းသောခွေး၊ နွားရိုင်းတို့ကို တားမြစ်နိုင်၏။ အမှောင်ထဲ၌ အဖော်ဖြစ်နိုင်၏။ လဲကျသောအခါ တောင်ဝှေး၏ အကူအညီဖြင့် ပြန်ထနိုင်၏။”

ထိုခေတ်အခါက သာဝတ္ထိပြည်တွင် “မိဘတို့အား ပြုစုလုပ်ကျွေးခြင်း မရှိသော သားဆိုးသမီးဆိုးကို သတ်အပ်၏” ဆိုတဲ့ ထုံးစံတစ်ခုရှိတယ်။ ဒါ့ကြောင့် ပုဏ္ဏားကြီး ဂါထာရွတ်ဆိုပြီးတာနဲ့ တစ်ပြိုင်နက် သားလေး ယောက်တို့ဟာ သေရမှာ ကြောက်ကြတဲ့အတွက် ဖခင်ပုဏ္ဏားကြီးရဲ့ ခြေတွေကို ဖက်ပြီးတော့ သူတို့ကို ခွင့်လွှတ်ဖို့ တောင်းပန်ကြတယ်။ အဲဒီအခါမှာ ပုဏ္ဏားကြီးကလည်း ဖခင်မေတ္တာနဲ့ သားလေးယောက်တို့ကို ကြည်ကြည်သာသာပဲ ခွင့်လွှတ်စကား ပြောတယ်။ ဒါ့နောက် သားလေးယောက်တို့ဟာ ဖခင်ပုဏ္ဏားကြီးကို အိမ်ကို ထမ်းခေါ်လာကြပြီး ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေးကြတယ်။ ဖခင်ကြီးကို ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေးကြရမယ်၊ မလုပ်ကျွေးရင် ပြင်းပြင်းထန်ထန် ဒဏ်ပေးခံရမယ်လို့ မယားတွေကိုလည်း ခြိမ်းခြောက်ပြောဆိုထားကြတယ်။

အဲဒီနေ့ကစပြီး ပုဏ္ဏားကြီးဟာ သားလေးယောက်ဆီက ထမင်းလေးအုပ် နေ့တိုင်း ရတယ်။ အဝတ်အထည်များလည်း ရတယ်။ ပုဏ္ဏားကြီးဟာ မြတ်စွာဘုရားရှင်ကို အလွန်ကျေးဇူးတင်တဲ့အတွက် ပုဆိုးတစ်စုံ လှူဒါန်းလိုက်တယ်။ မြတ်စွာဘုရားရှင်ဟာ ပုဏ္ဏားကြီးရဲ့ အလှူဒါနကို လက်ခံတော်မူပြီး တရားဟောကြားရာ တရားတော်ရဲ့ အဆုံးမှာတော့ ပုဏ္ဏားကြီး သရဏဂုံ တည်သွားတယ်။ အဲဒီအခါမှာတော့ မြတ်စွာဘုရားရှင်အပေါ် ပိုမို ကြည်ညို လာပြီး ထမင်းနှစ်အုပ်ကို မြတ်စွာဘုရားရှင်အား လှူဒါန်းလိုကြောင်း လျှောက်ထားတယ်။

တစ်နေ့မှာ သားကြီးဟာ အလှူမင်္ဂလာတစ်ခု ပြုလုပ်လိုတဲ့အကြောင်း ဖခင်ကြီးကို ပြောတဲ့အခါ ဖခင်ကြီးက မြတ်စွာဘုရားရှင်နှင့် ရဟန်းတော် ၅၀၀ကို ပင့်ဖိတ်ပြီး အလှူပေးလိုကြောင်း ပြောတယ်။ သားကြီးကလည်း သဘောတူတယ်။ ဒါ့ကြောင့် နောက်နေ့နံနက်မှာ မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့ကို ပင့်ဖိတ်ပြီး ရေမရောတဲ့ ဃနာနို့ဆွမ်းနှင့် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တွေကို ဆက်ကပ်လှူဒါန်းတယ်။

ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ မြတ်စွာဘုရားရှင်က “သင်တို့ရဲ့ အလုပ်ဟာ ကောင်းမွန်ပါပေတယ်။ အမိအဘတို့ကို ပြုစုလုပ်ကျွေးတယ်ဆိုတာ ရှေးပညာရှိတို့ရဲ့ အလေ့အကျင့်ပဲ ဖြစ်တယ်”လို့ တရားတော်ကို ဟောတော်မူတယ်။ အဲဒီနေ့ကစပြီးတော့ ပုဏ္ဏားကြီးနှင့် သားလေးယောက်တို့လည်း ဘုရားရှင်ရဲ့ အဆုံးအမနဲ့အညီ ပျော်ပျော်ရွှင် ရွှင် နေထိုင်သွားကြတယ်။

မှီငြမ်း။ ။ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ စတုတ္ထတွဲ၊ ၂၆၇။ ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု၊ ဓမ္မ၊ဋ္ဌ၊၂၊၃၁၁။

֍ အောက်ပါမေးခွန်းများ မေးပါ။

-ပုဏ္ဏားအိုကြီးမှာ သား ဘယ်နှယောက် ရှိသလဲ။
-ပုဏ္ဏားအိုကြီးက သားတွေကို ဘယ်လို အမွေခွဲဝေပေးသလဲ။
-ပုဏ္ဏားကြီးက သားတွေရဲ့ အိမ်မှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲ။
-ပုဏ္ဏားကြီးဟာ ခိုကိုးရာမဲ့ပြီး ဘယ်သူ့ဆီကို ရောက်သွားသလဲ။
-မြတ်စွာဘုရားရှင်က ပုဏ္ဏားကြီးကို ဘာတွေ ရွတ်ဆိုစေသလဲ။
-ဘုရားရှင်ပေးတဲ့ ဂါထာတွေကို ပုဏ္ဏားကြီး ရွတ်ဆိုလိုက်တဲ့အတွက် ဘာတွေ ဆက်ဖြစ်လာသလဲ။
-သားတွေက တောင်းပန်တဲ့အချိန်မှာ ပုဏ္ဏားကြီးက ခွင့်လွှတ်လိုက်သလား။ ဘာကြောင့်လဲ။
-ဘုရားရှင်က ပုဏ္ဏားကြီး၊ သားများနဲ့ ချွေးမတို့ကို ဘယ်လို ဆုံးမစကား မိန့်ဆိုသလဲ။
-ကလေးတို့အနေနဲ့ မိဘတွေကို ဘယ်လို ကျေးဇူးဆပ်မှာလဲ။ ဘာကြောင့် ဆပ်သင့်တယ်လို့ ထင်သလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းဖြင့် စာသင်ချိန်ကိုစတင်ပါ။ ကလေးများအားလုံး စဉ်းစားဖြေဆိုကြပါစေ။

“မိဘကျေးဇူး ကြီးမားကြောင်းကို နှိုင်းယှဉ်လို့ရသလား။ ဘာကြောင့်လဲ”

֍ မေးခွန်းကို ကလေးများနှင့် အပြန်အလှန် ဆွေးနွေးဖြေဆိုပြီးနောက် ကလေးများအား နှစ်ယောက်တစ်ဖွဲ့ (သို့မ ဟုတ်) သုံးယောက်တစ်ဖွဲ့စီ ဖွဲ့ပါ။ ထို့နောက် တစ်ဖွဲ့လျှင် စာရွက်အလွတ် တစ်ပိုင်းစီ ဝေပေးပါ။

֍ စာသင်ချိန် (၂)တွင် လေ့လာခဲ့သောဇာတ်လမ်းကို ပြန်လည်ဖတ်ရှုစေကာ စိတ်ကြိုက်ခေါင်းစဉ် အသစ်တစ်ခုကို အဖွဲ့လိုက်စဉ်းစားစေပြီး စာရွက်ပိုင်းပေါ်တွင် ချရေးကြပါစေ။ (ကလေးများ အဖွဲ့လိုက်ဆွေးနွေးနေစဉ် ဆရာက လှည့်လည်ကြည့်ရှုပြီး ကလေးများစဉ်းစားနိုင်အောင် ကူညီပေးပါ။)

֍ ရေးထားသော စာရွက်ပိုင်းကို သင်ပုန်းပေါ်တွင် လာကပ်ကြပါစေ။

သင်ပုန်းပေါ်ရှိ စာရွက်ပိုင်းများပေါ်တွင် ရေးထားသော ခေါင်းစဉ်များကို လိုက်လံကြည့်ရှုကြစေကာ မိမိအကြိုက် ဆုံး ခေါင်းစဉ်သုံးခုကို (V) ခြစ်ကြပါစေ။

֍ ထို့နောက် (V) အများဆုံးရသော ခေါင်းစဉ်အမည်ကို ကြေညာပေးကာ ထိုခေါင်းစဉ်ကို ရေးသားသော အုပ်စုက အဘယ့်ကြောင့် ထိုခေါင်းစဉ် ရေးသားရကြောင်းကို ရှင်းပြပါစေ။

֍ ကလေးများ၏ အဖြေကို နားထောင်ပြီးလျှင် ဆရာက ရည်ရွယ်ချက်ကို ရရှိအောင် အနှစ်ချုပ်ပေးကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ကာ နေရာခွဲ၍ ထိုင်ကြပါစေ။

֍ အုပ်စုတိုင်းအား စာရွက်လွတ်များ ဝေပါ။

֍ “မိဘတွေက သားတို့သမီးတို့အတွက် လုပ်ပေးခဲ့တာတွေ အများကြီးပဲ။ အဲဒီ လုပ်ဆောင်ချက်တွေ၊ ကျေးဇူး တရားတွေကို သားတို့သမီးတို့က ပြန်သိတတ်ရမယ်၊ ကျေးဇူးပြန်ဆပ်တတ်ရမယ်၊ ဒီတော့ ကျေးဇူးပြန်ဆပ်ဖို့အတွက် ဘာတွေ လုပ်ဆောင်မယ်၊ ဘာတွေ ရှောင်ကြဉ်မယ် ဆိုတာကို အုပ်စုလိုက် စဉ်းစားကြရမယ်၊ ပြီးရင် စဉ်းစားထားတာတွေကို ချရေးထားကြရမယ်”ဟု ပြော၍ အုပ်စုလိုက်စဉ်းစားဆွေးနွေးကြစေကာ လုပ်ဆောင်မည့် အချက်များ၊ ရှောင်ကြဉ်မည့် အချက်များကို ခွဲပြီး ရေးထားကြပါစေ။ ရေးထားသော စာရွက်များကို မိမိတို့အုပ်စု နေရာတွင် ကပ်ထားကြပါစေ။

֍ ထို့နောက် ကပ်ထားသော စာရွက်များကို အုပ်စုများ အချင်းချင်း လိုက်လံ ကြည့်ရှုကြစေကာ အဘယ့်ကြောင့် ထိုသို့ ရေးထားရကြောင်း မေးလာသည်များကို အုပ်စုကိုယ်စားလှယ် တစ်ဦးစီက ရှင်းပြကြပါစေ။

֍ နောက်ဆုံးတွင် အောက်ပါအတိုင်း ...

“မိဘကျေးဇူးဟာ ကြီးမားတယ်။ သားတို့သမီးတို့ဟာ မိဘကျေးဇူးကို သိတတ်ရမယ်။ မိဘကို ပြုစုလုပ် ကျွေးမှုမရှိတဲ့ ပုဏ္ဏားအိုကြီးရဲ့ သားဆိုးသားမိုက်တွေကို ဗုဒ္ဓဘုရားရှင်က လိမ္မာယဉ်ကျေးပြီး မိဘကျေးဇူး ကြီးမားကြောင်း နားလည်လာအောင် ဆိုဆုံးမခဲ့ပုံကို ဇာတ်လမ်းထဲမှာ လေ့လာခဲ့ကြပြီးပြီ။ ဒါ့အပြင် မိဘတို့ကို ပြုစုလုပ် ကျွေးခြင်းဟာ ပညာရှိ သူတော်ကောင်းတို့ရဲ့ အလေ့အကျင့်ကောင်း ဖြစ်တယ်လို့ ဗုဒ္ဓဘုရားရှင်က မိန့်တော်မူခဲ့ တယ်” စသည်ဖြင့် မိဘကျေးဇူးအကြောင်းကို အကျဉ်းချုပ်ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။