မိတ်ဆွေစစ် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၆။ မိတ်ဆွေစစ်(ကျောင်းသားကိုင်သို့)
348314ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁၆။ မိတ်ဆွေစစ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၆)

သင်ခန်းစာခေါင်းစဉ်။ ။ မိတ်ဆွေစစ်

သင်ယူမှုဦးတည်ချက်။ ။ မိတ်ဆွေစစ် မိတ်ဆွေကောင်းတို့တွင် ရှိသော အရည်အချင်းများကို သိရှိလိုက်နာတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်၊ ခဲတံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို ဘေးမှသူငယ်ချင်းနှင့် နှစ်ယောက်တစ်တွဲ တွဲပေးပါ။

֍ တစ်တွဲလျှင် စာရွက်လွတ် တစ်ရွက်စီ ဝေပါ။

֍ အတွဲတိုင်း သူငယ်ချင်း၏ လက်ဖဝါးကို စာရွက်ပေါ်တွင်ချစေပြီး ခဲတံနှင့်လက်ဖဝါးပုံကို အပြန်အလှန် ရေးဆွဲကြပါစေ။

֍ ထို့နောက် ထိုလက်ဖဝါးပုံထဲတွင် သူငယ်ချင်း၏ အမည်၊ အသက်၊ အတန်း၊ ကျောင်း စသည်တို့အပါအဝင် သူငယ်ချင်းနှင့် ပတ်သက်သမျှ ရေးလိုသောအကြောင်းများကို အပြန်အလှန် ရေးသားပါစေ။ ရေးသားပြီးနောက် အတွဲအချို့က မိမိသူငယ်ချင်းအကြောင်းကို အတန်းသို့ အပြန်အလှန်တင်ပြပြီး သင်ပုန်းတွင် ကပ်ကြပါစေ။

ဥပမာ-

֍ ထို့နောက် ကျန်သော ကလေးအားလုံးက၎င်းတို့ဆွဲထားသော လက်ဖဝါးပုံများကို သင်ပုန်းတွင် လာကပ်ကြပါစေ။

֍ ဆရာက “နောက်စာသင်ချိန်မှာ မိတ်ဆွေနှစ်ဦးရဲ့ အကြောင်း ဖတ်ကြည့်ကြမယ်”ဟု ဆိုကာ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ မိတ်ဆွေစစ် ဇာတ်လမ်းကို ကလေးများ ဖတ်ကြပါစေ။

မိတ်ဆွေစစ်

ရှေးအခါက တောအုပ်ကြီးအတွင်း လိုဏ်ဂူတစ်ခုမှာ ခြင်္သေ့နဲ့ကျားတို့ဟာ မိတ်ဆွေဖွဲ့ပြီး အတူတကွ နေထိုင် ကြတယ်။ အဲဒီတောအုပ်မှာ ခြင်္သေ့နဲ့ကျားတို့ရဲ့ စားကြွင်းစားကျန်တွေကို စားသောက်နေတဲ့ မြေခွေးတစ်ကောင်လည်း ရှိတယ်။ တစ်နေ့မှာ မြေခွေးဟာ “ငါဟာ ခြင်္သေ့သား၊ ကျားသားကို တစ်ခါမှ မစားဖူးဘူး၊ သူတို့ရဲ့ ချစ်ခင် ရင်းနှီးမှုကို ပျက်ပြယ်စေကာ ခိုက်ရန်ဖြစ်အောင် လုပ်ပြီး သူတို့အသားကို စားရရင် ကောင်းမယ်”လို့ ကြံစည်နေတယ်။

အဲဒီလိုအကြံနဲ့ မြေခွေးဟာ ခြင်္သေ့ထံဆီ သွားပြီး “အရှင်ခြင်္သေ့မင်း ... အရှင်ဟာ ကျားနဲ့ ခိုက်ရန်ဖြစ်ဖူး သလား” လို့ မေးတယ်။ “အချင်းမြေခွေး ... မဖြစ်ဖူးပါ” လို့ ခြင်္သေ့က ပြန်ဖြေတဲ့အခါ “အရှင်ခြင်္သေ့မင်း ... အကျွန်ုပ် အရှင့်ဆီလာတဲ့ လမ်းမှာ ကျားနဲ့တွေ့တော့ ကျားက ခြင်္သေ့ရဲ့ အဆင့်အတန်းဟာ သူ့ကို မမီဘူးလို့ ကဲ့ရဲ့စကား ပြောဆိုတယ်”လို့ မြေခွေးက ကုန်းတိုက်တယ်။ အဲဒီအခါ ခြင်္သေ့က “သင်ထွက်သွား၊ ငါ့သူငယ်ချင်း ကျားဟာ ဒီစကားမျိုး မပြောဘူး”လို့ ပြောဆိုပြီး မြေခွေးကို မောင်းထုတ်လိုက်တယ်။

အဲဒီအခါမှာ မြေခွေးဟာ ခြင်္သေ့ကို ပြောခဲ့တဲ့အတိုင်း ကျားထံဆီလည်း ကုန်းတိုက်စကား သွားပြောပြန်တယ်။ ကျားဟာ မြေခွေးရဲ့ ကုန်းတိုက်စကားကို ကြားပြီး မြေခွေးပြောတဲ့အတိုင်း ဟုတ်၊ မဟုတ် ခြင်္သေ့ဆီသွားပြီး မေးမြန်းတယ်။ အဲဒီအခါမှာ ခြင်္သေ့က “မိတ်ဆွေကျား မြေခွေးကုန်းတိုက်တဲ့စကားကို တကယ်ထင်မှတ်ပြီး သင်က ငါ့ကို ပြစ်မှားခဲ့မိရင် ငါတို့အချင်းချင်း မိတ်ပျက်ကြလိမ့်မယ်”လို့ ပြောတယ်။

ထပ်ပြီး ခြင်္သေ့က “တစ်စုံတစ်ယောက်ဟာ သေသေချာချာ စုံစမ်းစိစစ်မှု မရှိဘဲ ... ကုန်းတိုက်စကားကို ယုံကြည်ခဲ့မယ်ဆိုရင် အချင်းချင်း မိတ်ပျက်မယ်၊ စကားများပြီး ခိုက်ရန် ဖြစ်ကြလိမ့်မယ်၊ တကယ်လို့ တခြားသူက ကုန်းတိုက်စကား ပြောလာသည့်တိုင် သတိထားမယ်ဆိုရင် မိတ်မပျက်ဘူး။ မိတ်ဆွေစစ်ဟာ အချင်းချင်း မိတ်ဆွေ အဖြစ် ခိုင်မြဲနေတာကို အစဉ်အမြဲ လိုလားတယ်၊ တစ်ပါးသူရဲ့ စကားကြောင့် မိတ်အပျက်မခံဘူး၊ မိတ်ဆွေစစ် မှန်ရင် တစ်ယောက်နဲ့တစ်ယောက် သံသယမရှိဘူး၊ ကြောက်ရွံ့မှု မရှိဘူး၊ ဥပမာပြောရမယ်ဆိုရင် သားတစ်ယောက် ဟာ မိခင်ရင်ခွင်မှာ ကြောက်ရွံ့မှု မရှိ အိပ်စက်သလိုပဲ” လို့ ပြောပြန်တယ်။

အဲဒီအခါမှာ ကျားက “အဆွေခြင်္သေ့ ... ကျွန်ုပ်မှာ အပြစ်ရှိပါတယ်” လို့ ပြောဆိုပြီး ခြင်္သေ့ကို တောင်းပန်တယ်။ နောက်ဆုံးမှာတော့ ခြင်္သေ့နှင့်ကျားတို့ဟာ ယခင်အတိုင်း ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် နေထိုင်သွားကြတယ်။ ကုန်းတိုက်တဲ့မြေခွေးကတော့ သူရဲ့အကြံ မအောင်မြင်ဘူးဆိုတာ သိရှိသွားတဲ့အခါ အခြားတစ်နေရာကို ထွက်ပြေးသွားပါတော့တယ်။

မှီငြမ်း။ ။ ဝဏ္ဏာရောဟဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ၊ ၅၇-၆၁။ ဇာ၊ဋ္ဌ၊၃၊၁၇၆။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ခြင်္သေ့မိသားစုနဲ့ ကျားမိသားစုတို့ဟာ ဘယ်လို နေထိုင်စားသောက်ကြသလဲ။
-သူတို့ရဲ့ ပိုလျှံနေတဲ့ အစားအသောက်တွေကို ဘယ်သူက လာစားသလဲ။
-မြေခွေးက ဘယ်လို အကြံအစည်မျိုးနဲ့ ကုန်းတိုက်စကားဆိုတာလဲ။
-ခြင်္သေ့နဲ့ကျား စိတ်ဝမ်းကွဲအောင် မြေခွေးက ဘယ်လိုလုပ်သလဲ။
-မြေခွေးရဲ့ ကုန်းတိုက်စကားကြောင့် ကျားက ဘယ်လိုတွေးမိသလဲ။
-သူတို့ ဘယ်လို ဖြေရှင်းလိုက်ကြသလဲ။ မိတ်ဆွေစစ်ဆိုတာ ဘယ်လိုမျိုးလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊ မိတ်ဆွေကျင့်ဝတ် ငါးပါးကဗျာ၊ မာကာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေရဲ့ ကျင့်ဝတ်တွေကို မှတ်မိကြသေးလား” ဟု မေးကာ ကလေးများ မှတ်မိသလောက် ပြောပြကြပါစေ။

֍ မိတ်ဆွေကျင့်ဝတ် ငါးပါးကို ပြောပြပြီးလျှင် ကျင့်ဝတ်တစ်ခုချင်းစီ၏ အဓိပ္ပာယ်များကို နားလည်သလို ပြန်လည် ပြောပြကြပါစေ။

֍ ဆရာက မိတ်ဆွေကျင့်ဝတ် ငါးပါးကဗျာနှင့် အဓိပ္ပာယ်များကို လိုအပ်သလို ဖြည့်စွက်ပြောပြပေးပါ။

မိတ်ဆွေကျင့်ဝတ် ငါးပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။

၁။ လိုအပ်သည့်အချိန်တွင် ပေးကမ်းကူညီခြင်း
၂။ ချမ်းသာ၊ ဆင်းရဲ မခွဲခြားဘဲ ကိုယ်နှင့်တန်းတူ သဘောထားခြင်း
၃။ အကျိုးစီးပွားဆောင်ရွက်ပေးခြင်း
၄။ စကားပြော ချိုသာခြင်း
၅။ သစ္စာရှိခြင်း

֍ ထို့နောက် ဇာတ်လမ်းကို ပြန်လည်ချိတ်ဆက် ပြောပြပြီးလျှင် “ဒီဇာတ်လမ်းထဲမှာပါတဲ့ ခြင်္သေ့နဲ့ ကျားတို့ကရော မိတ်ဆွေကျင့်ဝတ် ငါးပါးထဲက ဘယ်အချက်တွေနဲ့ ကိုက်ညီသလဲ။ ဘာကြောင့်လဲ” စသည်ဖြင့်မေးကာ ကလေးများ နားလည်သလို ဖြေဆိုကြပါစေ။

֍ ကလေးများကို စာရွက်တစ်ရွက်စီပေးပြီး စာရွက်ပေါ်တွင် အသည်းပုံဆွဲကြပါစေ။ အတန်းအတွင်းရှိ သူငယ်ချင်း တစ်ဦးအပေါ် မိမိလုပ်ပေးခဲ့ဖူးသော မိတ်ဆွေကျင့်ဝတ် ငါးပါးမှ အချက်များကို ထိုအသည်းပုံပေါ်တွင် ရေးသား ကြပါစေ။ အသည်းပုံ ရေးသားထားသော စာရွက်ကို ထိုသူငယ်ချင်းအား ပေး၍ ဖတ်ပါစေ။

֍ ကလေးများ ဖတ်ပြီးသောအခါ ဆရာက “မိတ်ဆွေကျင့်ဝတ်တွေထဲက တချို့ အချက်တွေကို သားတို့သမီးတို့ကိုယ်တိုင် ပြုလုပ်ခဲ့ကြပြီးပြီ။ နောင်မှာလည်း ဒီမိတ်ဆွေကျင့်ဝတ်တွေကို သူငယ်ချင်းအားလုံးအပေါ်မှာ အမြဲလုပ် ဆောင်နိုင်အောင် ကြိုးစားကြရမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... မိတ်ဆွေစစ် ဇာတ်လမ်းကို လေ့လာခဲ့ကြပြီးပြီ။ အခုချိန်မှာ မိတ်ဆွေကျင့်ဝတ်များနဲ့ ပတ်သက်ပြီး ဆွေးနွေးကြအောင်”ဟု ပြော၍ ကလေးများကို အုပ်စု (၃) စုဖွဲ့ပါ။

֍ အုပ်စုတစ်စုစီမှ ကိုယ်စားလှယ် တစ်ဦးစီကို ရွေးချယ်ပါစေ။ ထိုကိုယ်စားလှယ်များကို လက်ဖက်ရည်ဆိုင် ပိုင်ရှင် အဖြစ် သတ်မှတ်စေပြီး ကျန်ကလေးများကို စားသုံးသူများအဖြစ် သတ်မှတ်ပါ။

֍ မိမိအုပ်စု၏ ဆိုင်အမည်ကို အုပ်စုဝင်အားလုံး စဉ်းစားရွေးချယ်ကြပါစေ။ ထို့နောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီကို စာရွက်ကြီး တစ်ရွက်စီပေး၍ ဆိုင်အမည်ကို ရေးပါစေ။

֍ ဆိုင်ရှင်သုံးဦးသည် မိမိဆိုင်တွင် လာရောက်စားသုံးသူများနှင့် စကားဝိုင်းဖွဲ့မှတ်တမ်းတင်ရန် သတ်မှတ်နေရာ သုံးနေရာတွင် နေရာယူပါစေ။ စားသုံးသူများသည် မိမိဆိုင်တွင် ဆွေးနွေးပြီးပါက အခြားဆိုင်နှစ်ဆိုင်သို့ သွားရောက်၍ စကားဝိုင်းဖွဲ့ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောပြပါ။

֍ စကားဝိုင်းစတင်မည့် အချိန်ကို ဆရာက သတ်မှတ်ပေးပါ။ ဆိုင်ပြောင်းရွှေ့ကာ စကားဝိုင်းပြောင်းရန်ကိုလည်း ဆရာက အချက်ပေးပါ။ (ဆရာက စကားဝိုင်းပြောင်းရမည့်အချိန်ကို သင့်လျော်သလို စီစဉ်ပေးပါ။)

֍ အုပ်စု (၁) သည် “မိတ်ဆွေကျင့်ဝတ်ငါးပါးအတိုင်း လိုက်နာဆောင်ရွက်ပါက ဘယ်လို ကောင်းကျိုးတွေ ရရှိမလဲ” ဟူသောမေးခွန်းကို ဆွေးနွေးပါစေ။

֍ အုပ်စု (၂) သည် “မိတ်ဆွေကျင့်ဝတ်ငါးပါးအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဘယ်လို ဆိုးကျိုးတွေ ရရှိ မလဲ” ဟူသောမေးခွန်းကို ဆွေးနွေးပါစေ။

֍ အုပ်စု (၃) သည် “မိတ်ဆွေကောင်း တစ်ယောက်ဖြစ်အောင် မိမိကိုယ်တိုင် ဘယ်လို နေထိုင်ကြရမလဲ” ဟူသော မေးခွန်းကို ဆွေးနွေးကြပါစေ။

֍ ထို့နောက် မေးခွန်းအားလုံးမှ ရရှိသော ဆွေးနွေးမှုရလဒ်များကို ဆိုင်ရှင်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

ကလေးများ၏ တင်ပြမှုများကို ဆရာက နားထောင်ပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ သင်ခန်းစာကို အဆုံးသတ်ပါ။