မြင်းဖြူရှင် (ဆရာ)

339327ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၅) မြင်းဖြူရှင် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၅)

မြင်းဖြူရှင်

သင်ယူမှုဦးတည်ချက် ။ ။ တစ်ပါးသူ ဒုက္ခရောက်အောင်မ စနောက်သင့်ကြောင်းသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ စာအုပ်ပျောက်၍ လိုက်ရှာနေသောကလေးကို စာအုပ်ဖွက်ထားသော ကလေးများက ကြည့်ပြီး ရယ်နေပုံ၊ မိန်းကလေးတစ်ဦးကို ယောက်ျားလေးများက မြွေရုပ်ဖြင့် ခြောက်လှန့်နေသောပုံ၊ ကလေးတစ်ဦးအား အခြားကလေးတစ်ဦးက ခြေနဲ့ထိုး၍ မှောက်လျက်လဲနေသောပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ရုပ်ပုံတစ်ခုချင်းစီကို ပြ၍ အောက်ပါမေးခွန်းများကို မေးပါ။

[သတိပြုရန် 1][သတိပြုရန် 2]

-ရုပ်ပုံထဲက ကလေးတွေ ဘာလုပ်နေကြတာလဲ။
-အဲဒီလို လုပ်တာ ကောင်းလား။
-သူ/သူတို့ အဲဒီလို လုပ်လိုက်တဲ့အတွက်ကြောင့် တစ်ဖက်လူက ဘယ်လို ဖြစ်သွားမလဲ။
-သားတို့၊ သမီးတို့သာ ဆိုရင်ရော အဲဒီလို သူငယ်ချင်းမျိုးကို လိုချင်ပါ့မလား/ ချစ်ခင် ကြပါ့မလား။
-သူတစ်ပါးစိတ်ညစ်အောင်၊ အခက်တွေ့ အောင်၊ ဒုက္ခရောက်အောင် စနောက်တဲ့သူ ဟာ လိမ္မာတဲ့သူလား၊ မိုက်တဲ့သူလား။

֍“သားတို့၊ သမီးတို့လည်း လိမ္မာတဲ့ကလေးတွေ ဖြစ်ချင်ရင် အန္တရာယ်ဖြစ်စေမယ့် စတာ၊ နောက်တာမျိုးတွေ မလုပ်ရဘူး” ဟု စသည်ဖြင့် ဆရာကပြောပြီး စာသင်ချိန်ကို အဆုံး သတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ (၁) ကုန်သည်တစ်ဦး၏ ဈေးဆိုင်ဘေးက လမ်းတွင် ဗွက်ထနေပြီး လမ်းလျှောက်သောသူများ ညစ်ပတ်နေသည့်ပုံ။

(၂) ကုန်သည်က ဗွက်ထနေသော နေရာတွင် သူကိုယ်တိုင် လမ်းခင်းပေး နေပြီး လူအများက ပျော်ရွှင်စွာ သွားလာနေသောပုံ။

(၃) လူအများ မြစ်တွင် ရေကူးနေပြီး မြစ်ကမ်းပါးပေါ်တွင် လူတစ်ဦး ချွတ်ထားသော အဝတ်များကို ကုန်သည်က ဖွက်နေပုံ။

(၄) ကုန်သည် သေသွားပြီးနောက် နတ်မြင်းဖြူပိုင်ဆိုင်သော၊ အဝတ်မပါသောနတ် ဖြစ်သွားပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက အောက်ပါမေးခွန်းများကို မေးပါ။

[သတိပြုရန် 3]

-“သားတို့၊ သမီးတို့တွေ သူငယ်ချင်းကို စနောက်ဖူးသလား”
-“နောက်လိုက်တဲ့အချိန် ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ”
-“အစခံလိုက်ရတဲ့ သူငယ်ချင်းရဲ့ စိတ်ထဲမှာရော ဘယ်လိုခံစားရမယ်လို့ ထင်သလဲ”

֍ကလေးများ ဖြေတတ်သလိုဖြေပါစေ။ ပြီးလျှင် “သူငယ်ချင်းတွေကို အလွန်အကျွံ မစ နောက်ရဘူး။ ဆရာက သူငယ်ချင်းတွေကို အလွန်အကျွံ စနောက်တဲ့သူတစ်ယောက် အကြောင်း ပြောပြမယ်။ ဒါပေမဲ့ ဆရာက အခုမပြောသေးဘူး။ သားတို့၊ သမီးတို့ထဲက တစ်ယောက်လောက် သင်ပုန်းပေါ်မှာ ကပ်ထားတဲ့ ပုံကိုကြည့်ပြီး သားတို့၊ သမီးတို့ထင်တဲ့ အတိုင်း၊ မြင်တဲ့အတိုင်း ပြောကြည့်ရအောင်” စသည်ဖြင့်ပြောပြီး ကလေးများပြောတတ် သလို ပြောကြပါစေ။

֍ကလေးတစ်ယောက်ပြောသည့် ကြာချိန်ပေါ်မူတည်ပြီး ပြောစေချင်သည့် ကလေးဦးရေကို ခန့်မှန်းထားပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မြင်းဖြူရှင်ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

ရုပ်ပုံများကိုပြပြီး အောက်ပါဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

မြင်းဖြူရှင်

ဟိုးရှေးရှေးတုန်းက ဝေသာလီပြည်မှာ ကုန်သည်တစ်ယောက် ရှိတယ်။ သူက သူ့အိမ်ရှေ့မှာ ကုန်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ဖွင့်ထားတယ်။ မိုးရာသီရောက် လာတော့ ကုန်သည်ရဲ့ စျေးဆိုင်ရှေ့ကလမ်းမှာ ဗွက်တွေထနေတယ်။ ဈေးဝယ်လာတဲ့သူတွေ က ဗွက်တွေကို ခုန်ကျော်ပြီး သွားရတာကြောင့် စိတ်ညစ်ကြတယ်။ ခြေထောက်တွေ၊ ဖိနပ် တွေကိုလည်း ရွံ့တွေကပ်ပြီး ပေကုန်တယ်။

ဒါကို မြင်တွေ့ နေရတဲ့ ကုန်သည်က “ဒီလမ်းမှာ သွားလာနေတဲ့သူတွေ စိတ်ချမ်းသာ ရအောင်၊ အဆင်ပြေပြေ လမ်းလျှောက်သွားနိုင်အောင် ငါ လုပ်ပေးချင်တယ်” လို့ တွေးနေ တယ်။ အဲဒါကြောင့် နောက်နေ့မှာ ရွှံ့ဗွက်အိုင်တွေပေါ် အဆင်ပြေပြေ လမ်းလျှောက်လို့ ရအောင် သူကိုယ်တိုင် လမ်းခင်းထားပေးလိုက်တယ်။ လမ်းသွား၊ လမ်းလာတွေလည်း စိတ် ချမ်းချမ်းသာသာနဲ့ သွားလာလို့ ရသွားတယ်။

ဒီကုန်သည်က စိတ်ထားကောင်းတယ်.. သူတစ်ပါးကိုလည်း ကူညီတတ်တယ်။ စကားကိုလည်း ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့ မွေ့ ပြောဆိုတယ်။ မှန်မှန်ကန်ကန်လည်း ပြောတယ်။ ဒီအချက်တွေကြောင့် ကုန်သည်က လူချစ်လူခင် ပေါများတဲ့သူတစ်ယောက် ဖြစ် လာခဲ့တယ်။

တစ်နေ့တော့ ညနေခင်းလောက်မှာ ကုန်သည်က သူ့သူငယ်ချင်းနဲ့ မြစ်ဆိပ်ကို ရေချိုးထွက်လာတယ်။ သူ့သူငယ်ချင်းက မြစ်ထဲ အရင်ဆင်းသွားတော့ သူက သူငယ်ချင်းကို နောက်ချင်တာနဲ့ အဝတ်တွေကို ဖွက်ထားလိုက်တယ်။ ရေချိုးပြီးတဲ့အချိန် သူက အဝတ်ကို အရင် ပြန်ဝတ်တယ်။ သူ့သူငယ်ချင်းက အဝတ်မရှိတာကြောင့် ရေထဲမှာပဲ နေ နေရတယ်။ သူက အဲဒါကိုကြည့်ပြီး ပျော်ရွှင်စွာရယ်နေတယ်။ သူ့သူငယ်ချင်းက အလွန်စိတ်ညစ်နေတယ်။ တော်တော်ချမ်းနေတဲ့အခါကျတော့မှ သူက အဝတ်ကို ပြန်ထုတ်ပေးတယ်။

ဒီလိုနဲ့ တစ်ရက်မှာ ကုန်သည် အပြင်းအထန် နေမကောင်းဖြစ်ပြီး သေဆုံးသွား တယ်။ နောက်ဘဝမှာ နတ်သားတစ်ပါး ဖြစ်သွားတယ်။ လူ့ဘဝတုန်းက လမ်းခင်းပေးခဲ့တဲ့ ကုသိုလ်တွေကြောင့် အလွန်လျင်မြန်အောင် ပြေးနိုင်တဲ့ အဖြူရောင်နတ်မြင်းတစ်ကောင်ကို ရတယ်။ ဒါပေမဲ့ လူ့ဘဝတုန်းက ရေချိုးဆိပ်မှာ သူ့သူငယ်ချင်းရဲ့ အဝတ်ကို စနောက်ပြီး ဖွက် ထားခဲ့တာကြောင့် နတ်ဘဝကို ရောက်ရပေမဲ့ နတ်ဝတ်အင်္ကျီတွေ မဝတ်ရဘူး။ နတ်ဖြစ်နေ ပေမဲ့လည်း မပျော်ရွှင်ရဘူး။ အခြားနတ်တွေ စုဝေးတဲ့နေရာကိုလည်း မသွားရဲဘူး။ ညကျ တော့မှပဲ နတ်မြင်းဖြူကြီးကို စီးပြီး လှည့်လည်သွားရရှာတယ်။

မှီငြမ်း ။ ။ အမ္ဗသက္ကာရပေတဝတ္ထု ပေတဝတ္ထု၊ ဋ္ဌ၊ ၂ဝဝ။

֍ဇာတ်လမ်းပြောပြီးပါက အောက်ပါမေးခွန်းများ မေးပါ။

-ကုန်သည်က ဗွက်တွေထနေတဲ့လမ်းကို ဘာလုပ်ပေးလိုက်သလဲ။
-ကုန်သည်ကြီးရဲ့ စိတ်ထားက ကောင်းလား/မကောင်းဘူးလား။
-သူတစ်ပါးကို ကူညီပေးတတ်တဲ့ စိတ်ထားက ကောင်းလား/မကောင်းဘူးလား။
-စိတ်ထားကောင်းတဲ့အတွက် ကုန်သည်ကြီး သေလွန်သွားတဲ့အခါမှာ ဘယ်ဘဝ ကို ရရှိလဲ။
-လမ်းခင်းပေးလိုက်တဲ့ ကုသိုလ်ကြောင့် ကုန်သည်ကြီး ဘာကို ရရှိသလဲ။
-ကုန်သည်ကြီးက ဘာ့ကြောင့် နတ်ဝတ်အင်္ကျီတွေ မဝတ်ရတာလဲ။
-သူတစ်ပါးကို စနောက်တယ် ဆိုတာ ကောင်းလား။
-ဘာကြောင့် စနောက်ခြင်းက မကောင်းတာလဲ။(ကလေးများ ဖြေတတ်သလို ဖြေပါစေ။)

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ အစက်များချထားသည့် မြင်းပုံပါ စာရွက်များ၊ ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက အစက်များချထားသည့် မြင်းပုံပါ စာရွက်ကို ကလေးများအား တစ်ရွက်စီ ဝေပေးပြီး အစက်များဆက်ကာ ဆေးခြယ်ပါစေ။

֍ပြီးလျှင် အဝတ်မပါသောနတ်ပုံကို ပြ၍ “သားတို့၊ သမီးတို့ သူ့လိုမျိုး အဝတ်မပါတဲ့နတ် ဖြစ်ချင်သလား။ သားတို့၊ သမီးတို့သာ အဝတ်မပါတဲ့နတ် ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ခံစား ရမလဲ။ အဲဒါဆိုရင် ဒီအဝတ်မပါတဲ့နတ်ကို အဝတ် ဝတ်ပေးလိုက်ရအောင်” ဟုဆို၍ ကလေးများကို တစ်ပုံစီ ဝေပေးပြီး ၎င်းတို့စိတ်ကြိုက် အဝတ်ဝတ်ပေးကြပါစေ။ ပြီးလျှင် ဆေးခြယ်ကြပါစေ။

֍ကလေးများအားလုံး ဆေးခြယ်ကြပြီးသောအခါ ဆရာက ချီးကျူးပြောဆိုပေးပါ။

  1. ကလေးတစ်ဦးချင်းစီကို မေးပါ။
  2. ရုပ်ပုံတစ်ခုလျှင် ကလေး ၃/၄ ဦးခန့်အား မေးနိုင်ပါသည်။
  3. ဆရာက ရုပ်ပုံများကို အစဉ်အတိုင်းစီပြီး သင်ပုန်းတွင် ကပ်ထားပါ။