လိမ္မာသူကို အတုယူ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၄) လိမ္မာသူကို အတုယူ (ကျောင်းသားကိုင်သို့)
339326ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၄) လိမ္မာသူကို အတုယူ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄)

လိမ္မာသူကို အတုယူ

သင်ယူမှုဦးတည်ချက် ။ ။ ကောင်းမွန်သောအမူအကျင့်များကိုအတုယူတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍“သားတို့၊ သမီးတို့ အလွန်ပျော်စရာကောင်းတဲ့ ကစားနည်းလေးတစ်ခု ကစားကြမယ်၊ ကစားချင်ကြတယ်မဟုတ်လား” ဟု ပြောပြီး အောက်ပါအတိုင်း ကစားနည်း ကို ပြောပြပါ။

֍ကလေးအားလုံးထဲမှ တစ်ယောက်ကို ရွေးထုတ်ပြီး အခန်းအပြင်တွင် ထွက်နေ ရမည်ဖြစ်ကြောင်း၊ အခန်းထဲပြန်ဝင်လာလျှင် ပထမဦးဆုံး အမူအရာ ပြုလုပ်သူကို ရှာဖွေရွေးချယ်ပေးရမည်ဖြစ်ကြောင်း ကြိုတင်ပြောပြထားရမည်။ (အခန်းတွင်း၌ လုပ် ဆောင်နေပုံများကို အခန်းအပြင်က ကလေး မမြင်စေရပါ)။

֍ကျန်ကလေးများထဲမှ သင့်လျော်သောကလေးတစ်ယောက်ကို ဦးဆောင်ကလေး အဖြစ် စတင်ရွေးချယ်ပါ။ ဆရာ ပြုလုပ်စေချင်သော အမူအရာကို ထိုကလေးအား သင်ပေးပြီး ပြုလုပ်စေပါ။ ကျန်ကလေးများအားလုံးက ထိုဦးဆောင်ကလေး အမူ အရာအတိုင်း လိုက်လုပ်ရမည်ကို ဆရာက ကြိုတင်ညှိနှိုင်းပေးထားရမည်။

֍ပြီးလျှင် ကလေးအားလုံး (ဦးဆောင် အမူအရာ ပြုလုပ်သူအပါအဝင်) ကို စက်ဝိုင်း ပုံစံဝိုင်းလျက် မတ်တတ်ရပ်နေစေပြီး အခန်းအပြင်မှကလေးကို အခန်းတွင်းပြန် ခေါ်ပါ။

֍ထိုကလေးကို စက်ဝိုင်းအလယ်တွင် ရပ်စေလျက် ကစားပွဲကို စတင်ပါ။ ဥပမာ ဦးဆောင်သူက ခေါင်းကုတ်လျှင် အားလုံးက ခေါင်းကုတ်ရမည်။ ခါးထောက်လျှင် အားလုံး ခါးထောက်ကြရမည်။ (လက်ပိုက်ခြင်း၊ ခေါင်းခါခြင်း၊ လက်မြှောက်ခြင်း၊ ခြေ တစ်ဖက် ရှေ့ထုတ်ခြင်း၊ ခေါင်းညိတ်ခြင်း၊ ယုန်ကလေး နားရွက်ထောင်ပုံစံ၊ နားရွက် ကိုင်ခြင်း၊ နှာခေါင်းကိုင်ခြင်း၊ ဗိုက်ပုတ်ခြင်းစသော အမူအရာများကို အသုံးပြုနိုင် သည်။ ထိုအမူအရာများအနက် အမူအရာတစ်မျိုးကို စက္ကန့် (၃၀) ခန့် အမူအရာပြု လုပ်ရပါမည်။)

֍အပြင်မှ ပြန်ဝင်လာသော စက်ဝိုင်းအတွင်းမှ ကလေးက ပထမဆုံး ဦးဆောင်အမှု အရာပြုလုပ်သော ကလေးကို လက်ညှိုးထိုးပြီး ရှာဖွေ ရွေးချယ်ပေးရမည်။

֍မှန်မှန်ကန်ကန် ရွေးပေးနိုင်ပါက လက်ညှိုးထိုးခံရသူကို အခန်းပြင်ထွက်ခိုင်းပြီး ပထမအကြိမ်ကဲ့သို့ ပြန်လည်စီစဉ်ပြီး ဆက်လက်ကစားပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ လိမ္မာသူကို အတုယူဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

[သတိပြုရန် 1]

သင်ယူမှုလုပ်ငန်းစဉ်

֍လိမ္မာသူကိုအတုယူဇာတ်လမ်း သရုပ်ဖော်ပုံကိုပြလျက် အောက်ပါ မေးခွန်းများကို မေးပါ။

-ကလေးတို့ သူငယ်ချင်းတွေနဲ့ အတူတူကစားကြသလား။
-ကစားရရင် ပျော်လား။
-သူငယ်ချင်းတွေနဲ့ အတူတူမကစားရရင်ရော ပျော်လား။
-သူငယ်ချင်းတွေနဲ့ အတူတူကစားချင်သလား။
-ကစားချင်ရင် သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်နေရမှာလား၊ ရန်ဖြစ်နေရမှာလား။

֍ထို့နောက် အောက်ပါဇာတ်လမ်းကို ပြောပြပါ။

လိမ္မာသူကို အတုယူ

ယုန်ကလေးဖြူဖွေးဟာ စိတ်ကောင်းရှိပြီး သူတစ်ပါးကို အလွန်ကူညီတတ် တယ်။ ဖြူဖွေးဟာ မွေးရာပါ ခြေတစ်ဖက်မသန်တဲ့ ယုန်ကလေးဖြစ်ပေမဲ့ အားငယ် မနေဘဲ အမြဲတက်ကြွနေတတ်တယ်။ သူငယ်ချင်းယုန်ကလေးတွေနဲ့ ကစားရင် အလျှော့ ပေးပြီး ကစားတတ်သလို ကြင်ကြင်နာနာလည်း ဆက်ဆံတတ်တယ်။ ဒီတော့ ကစားချိန် တန်ရင် သူငယ်ချင်းတွေက ဖြူဖွေးကို မရမကခေါ်ပြီး ပျော်ပျော်ရွှင်ရွှင် ကစားကြတယ်။

အသက်ကြီးတဲ့ ယုန်ဘိုးဘိုး၊ ဘွားဘွားတွေကိုလည်း ဖြူဖွေးက လိုအပ်တာတွေ ကူညီပေးလေ့ရှိတယ်။ ရေမရှိရင် ရေခပ်ပေးပြီး စားစရာမရှိရင်လည်း မြက်နုနု ချိုချိုလေး တွေကို ရှာပေးတတ်တယ်။ မိုးရွာရင် မိုးရေမစိုအောင် လုံခြုံတဲ့တဲတွေ ဆောက်ပေး တယ်။ ဆောင်းတွင်းမှာ ချမ်းရင် မီးလှုံဖို့ ထင်းခြောက်တွေ စုထားပေးတယ်။ ဒါကြောင့် ဖြူဖွေးဟာ ယုန်ကလေးတွေထဲမှာ စံပြယုန်ကလေး အဖြစ် သတင်းမွှေးနေပါတယ်။

ဖြူဖွေးလေးနဲ့ ရွယ်တူဖြစ်တဲ့ ယုန်ကလေးရွှေဝါကတော့ သူတစ်ပါးကို အလွန် ကျီစယ် နောက်ပြောင်တတ်တဲ့ အကျင့်ရှိတယ်။ ယုန်ငယ်လေးတွေကို ငိုအောင် စတတ် ပြီး ရွယ်တူယုန်လေးတွေကို အမျိုးမျိုး နောက်ပြောင်တတ်လို့ ရွှေဝါဆိုရင် အဝေးက ရှောင်ကြတယ်။ ကစားရင် ခေါ်မယ့်သူမရှိသလို အစာရှာထွက်ရင်လည်း တစ်ကောင် တည်းသွားရတယ်။ ရွှေဝါဟာ တဖြည်းဖြည်းနဲ့ အထီးကျန်လာပါတော့တယ်။

အဲဒီအခါမှာ ရွှေဝါဟာ ယုန်ငယ်လေးတွေ ရွယ်တူယုန်သူငယ်ချင်းတွေနဲ့ ပျော် ပျော်ရွှင်ရွှင် ဆော့ကစားနေတဲ့ ဖြူဖွေးကို ကြည့်ပြီး မကျေမနပ်ဖြစ်လာတယ်။ ဒါကြောင့် ဖြူဖွေးရဲ့ အားနည်းချက်ကို အသုံးချပြီး လှောင်ပြောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကစား နေတဲ့ ဖြူဖွေးတို့အနားသွားပြီး “ဒီမှာ သူငယ်ချင်းတို့ .. ငါလမ်းလျှောက်တာ ကြည့်ကြ ပါဦး”လို့ပြောရင်း ဖြူဖွေးလမ်းလျှောက်သလို ထော့နင်းထော့နင်း လျှောက်ပြတယ်။ ဖြူဖွေးကိုလည်း လှမ်းကြည့်ပြီး လှောင်ပြုံး ပြုံးပြလိုက်တယ်။ စိတ်ထားကောင်းတဲ့ ဖြူဖွေး ကတော့ ဘာမှ ပြန်မပြောပါဘူး။

ဖြူဖွေးရဲ့စိတ်သဘောထားကို သိကြတဲ့ သူငယ်ချင်းတွေထဲက ယုန်မလေး ကြာ ဖြူကတော့ ဖြူဖွေးလို ငြိမ်ခံမနေဘဲ “ဒီမှာ ရွှေဝါ .. သူတစ်ပါးရဲ့ အားနည်းချက်ကို အသုံးချပြီး လှောင်ပြောင်တာဟာ စိတ်ကောင်းရှိသူရဲ့ အလုပ်မဟုတ်ဘူး။ ပြီးတော့ ဖြူဖွေးက ခြေထောက်မသန်သူဆိုပြီး အားငယ်စိတ်နဲ့ ဘာမှမလုပ်ဘဲ နေတဲ့သူလည်း မဟုတ်ဘူး။ ခြေထောက်မသန်ပေမဲ့ အစွမ်းအစ အရည်အချင်းရှိတယ်။ ဖြူဖွေးစိတ် ကောင်းရှိတာ၊ သူတစ်ပါးကို ကူညီတတ်တာ အားလုံးအသိပဲ။ ဖြူဖွေးက စံပြဆုတောင် ရထားတာ၊ ဖြူဖွေးရဲ့ ကောင်းတဲ့အကျင့်တွေကို အတုယူဖို့သာ ကြိုးစားပါ။ နောက်တစ်ခါ လှောင်ပြောင်ဖို့ မကြိုးစားပါနဲ့လို့ ဝင်ပြောတယ်။

ရွှေဝါဟာ ဂရုမစိုက်တဲ့ အမူအရာနဲ့ ထွက်သွားပြီး တောအုပ်ထဲ ပြေးဝင်သွား ခဲ့တယ်။ အဲဒီလိုပြေးထွက်ခဲ့တဲ့ ရွှေဝါဟာ စမ်းချောင်းလေးတစ်ခုကို တွေ့ တော့ ခုန်ကူး လိုက်တယ်။ အရှိန်နဲ့ပြေးလာပြီး ခုန်းကူးလိုက်တဲ့အတွက် ခြေထောက်ပြန်အချမှာ အရှိန် လွန်ပြီး ခြေထောက်နာသွားပါတယ်။ နာလွန်းလို့ ချက်ချင်း ပြန်မထနိုင်ပါဘူး။ တော် တော်ကြာမှ ထကြည့်တော့ ကောင်းကောင်း မလျှောက်နိုင်လို့ ထော့နင်းထော့နင်းပဲ လျှောက်ရတယ်။ ရွှေဝါဟာ ကိုယ်ကိုယ်တိုင် ထော့နင်းထော့နင်းလျှောက်ရမှ အဲဒီလို လျှောက်နေရတဲ့ ဖြူဖွေးရဲ့ ဒုက္ခကို ကိုယ်ချင်းစာမိပြီး အားနာသွားမိတယ်။

ဒါကြောင့် ရွှေဝါဟာ ဖြူဖွေးကို ဘယ်တော့မှ မနောက်ပြောင်တော့ဘဲ “ဖြူဖွေး လို စိတ်ကောင်းထားပြီး သူတစ်ပါးကို ကူညီတဲ့သူဖြစ်ဖို ့ ကြိုးစားတော့မယ်”လို့ ဆုံးဖြတ် လိုက်တယ်။ ဖြူဖွေးကိုလည်း တောင်းပန်တယ်။ အဲဒီအခါ ဖြူဖွေးနဲ့ သူငယ်ချင်းတွေက ဝမ်းသာအားရနဲ့ ရွှေဝါကို ပွေ့ဖက်ပြီး ကစားတဲ့နေရာကို ဆွဲခေါ်သွားကြပါတော့တယ်။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကိုမေးပါ။

-ဇာတ်လမ်းထဲမှာ ဘာကောင်ပါသလဲ။
-ယုန်ကလေးတွေရဲ့ နာမည်ကို မှတ်မိသလား။
-စိတ်ထားကောင်းတဲ့ ယုန်ကလေးက ဘယ်သူလဲ။
-စိတ်ထားမကောင်းတဲ့ ယုန်ကလေးက ဘယ်သူလဲ။
-သူငယ်ချင်းတွေ အချစ်ခံရတာ ဘယ်သူလဲ။
-ဘာဖြစ်လို့ အချစ်ခံရတာလဲ။
-သားတို့၊ သမီးတို့လဲ အချစ်ခံချင်သလား။
-အချစ်ခံရအောင် ဘယ်လိုလုပ်ရမလဲ ... စသည်ဖြင့်မေးပါ။

֍ထို့နောက် “သားတို့၊ သမီးတို့လည်း ဖြူဖွေးလေးကို အတူယူပြီး သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်နေကြရမယ်နော်” စသည်ဖြင့် ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ လိမ္မာသူကို အတုယူဇာတ်လမ်း သရုပ်ဖော်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 2]

֍ဆေးခြယ်ရန် ရုပ်ပုံများ (လိမ္မာသူကို အတုယူဇာတ်လမ်း သရုပ်ဖော်ပုံများ) ဆရာက ဆရာက ကလေးများနှင့် ကလေးများအား “ပန်းချီ ဆေးရောင်ခြယ်ချင်လား၊ ဆေးရောင်လှလှလေး ခြယ်ကြရ အတူတူ ပါဝင်ရမည်။ အောင်”ဟု ပြောပြီးနောက် ကလေးများအား ဆေးရောင်ခြယ်ကြပါစေ။

֍ဆေးရောင်ခြယ်ပြီးသောအခါ မိမိတို့ ဆေးခြယ်ထားသောပုံများကို ကလေးများ အချင်းချင်း အပြန်အလှန် ပြကြပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ လူယဉ်ကျေး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါကဗျာကို အမူအရာဖြင့် ရွတ်ဆိုပါ။

လူယဉ်ကျေး

လိမ္မာသူကို အတုယူ၊
ကိုယ်လည်း လိမ္မာသူ။
အမူအရာ အကျင့်ကောင်း၊
တို့လူငယ် အပေါင်း။
မရဲ့ မစောင်း လမ်းကြောင်းမှန်၊
တို့များ လျှောက်နိုင်ရန်။
ဟန်ပန်မူရာ ယဉ်ကျေးဖို့၊
ကြိုးစားကြပါစို့။

֍ကဗျာသင်ပြီး အချိန်ပိုနေပါက အောက်ပါ သင်ယူမှုလုပ်ငန်းစဉ်ကို ပေးပါ။

֍ဆရာက ဦးစွာ အမူအရာ လုပ်ပြပါ။

-ကလေးနှစ်ယောက်က လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းပြီး မျက်နှာချင်းဆိုင် လက်ချင်းထိထားပါ။
-ကလေးများကို တန်းစီ၍ ရပ်နေစေပြီး လက်အောက်မှ ယုန်ကဲ့သို့ ခုန်၍ခုန်၍ သွားပါစေ။
-ပါးစပ်မှလည်း ယုန်ကလေးလို ကျွီ- ကျွီ- ကျွီ- ကျွီ အော်၍ သွားပါစေ။
-နောက်တစ်ကြိမ် ယုန်ကလေးလို နားရွက်ထောင်၍ ခုန်ဆွခုန်ဆွ သွားပါစေ။

֍“ကလေးတို့ဟာ သူတစ်ပါးတွေရဲ့ ကောင်းတဲ့ အမူအရာတွေကိုပဲ ယူရမယ်နော်၊ မကောင်းတဲ့ အမူအရာဆိုရင် ရှောင်ရမယ်နော်ဟု ပြောပြီး သင်ခန်းစာကို အဆုံး သတ်ပါ။

  1. ကလေးများ ကြိုက်နှစ် သက်သလိုဖြေပါစေ။ ဆရာက လိုရာသို့ ရောက်အောင် ဆွဲခေါ်ပြောပါ။
  2. ဆရာက ကလေးများနှင့် အတူတူ ပါဝင်ရမည်။