မွန်မင်းသမီးလေး တလထော် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၅) မွန်မင်းသမီးလေး တလထော် (ကျောင်းသားကိုင်သို့)
339307ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၅) မွန်မင်းသမီးလေး တလထော် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၅)

မွန်အမျိုးသမီးလေး တလထော်

သင်ယူမှုဦးတည်ချက် ။ ။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးကိုတန်ဖိုးထားလာစေရန်နှင့် ဘုန်းတန်ခိုးကြီးမားပုံကိုသိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မွန်အမျိုးသမီးလေး တလထော် အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ပထမတန်းတုန်းက ဘုန်းကြီးကျောင်းသွားခဲ့တဲ့ ကလေးမလေးအကြောင်းကို မှတ်မိတဲ့ သူရှိလား၊ မှတ်မိရင် ပြန်ပြောပြပါ”ဟုဆိုပြီး စာသင်ချိန်ကို စတင်ပါ။

֍“ဟုတ်ပြီ၊ အဲဒီကလေးမလေးက ဘုန်းကြီးကျောင်းသွားတော့ .. ဘာလုပ်ရသလဲ “ကလေးတို့ရော ဘုန်းကြီးကျောင်းရောက်ရင် ဘာလုပ်ကြမလဲ” ဟုမေးပြီး သင်ခန်းစာ (၆) မှ ဘုရားရှိခိုးကြစို့နှင့် သင်ခန်းစာ (၇) မှ ရတနာသုံးပါးအကြောင်းကို ပြန်လည် ချိတ် ဆက်ပြောပြပါ။

֍“သားတို့၊ သမီးတို့ နေ့တိုင်းဘုရားရှိခိုးကြလား၊ ဘုရားရှိခိုးရင် ဘာတွေရွတ်ကြလဲ” စသည်ဖြင့် မေးမြန်းပြီး ကလေးများကို ဘုရားရှိခိုးစာသားများ ရွတ်ပြကြပါစေ။

֍ဩကာသဘုရားရှိခိုး စသော ရှိခိုးပုံများကို ရှိခိုးရမည်ဖြစ်ကြောင်း၊ အနည်းဆုံး . “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ဟူသော ရတနာသုံးပါး ရှိခိုး ပုံကို ရွတ်ဆိုရမည်ဖြစ်ကြောင်း ပြောပြပါ။

֍ထိုကဲ့သို့ နေ့စဉ်ရှိခိုးသည့်အတွက် အသက်ဘေးမှ လွတ်မြောက်သွားပြီး ကောင်းကျိုး ချမ်းသာများ ရရှိသွားသော တလထော်ဟုခေါ်သည့် မွန်အမျိုးသမီးလေးတစ်ဦး အကြောင်းကို ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြောပြပါ။

မွန်အမျိုးသမီးလေး တလထော်

ရှေးတုန်းက ဟံသာဝတီမင်းနေပြည်မှာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်သူ တလထော်ဆိုတဲ့ မွန်အမျိုးသမီးလေး တစ်ယောက်ရှိခဲ့တယ်။ သူတို့မိသားစုဟာ ချမ်းသာ ကြွယ်ဝကြသလို ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ကြ၊ တရားတော်များကို အမြဲမပြတ် နာယူလေ့ရှိကြတဲ့ မိသားစုဖြစ်တယ်။ တလထော်လေးဟာလည်း အကျင့်စာရိတ္တ ကောင်း မွန်ပြီး မိဘဘိုးဘွားများကို ရိုသေလေးစားတတ်သူလေး ဖြစ်ပါတယ်။

တစ်နေ့ တလထော်ဟာ သူငယ်ချင်းတွေနဲ့အတူ မြစ်ထဲရေချိုးနေတုန်း ရေ အောက်ထဲမှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူကို လက်နဲ့စမ်းမိလို့ ဆွဲယူကြည့်လိုက်ပြီး “ဗုဒ္ဓဆင်း တုတော်ကို ဘယ်သူတွေကများ ပစ်ထားကြပါလိမ့်”လို့ တွေးကာ စိတ်မကောင်းဖြစ်သွား ပါတယ်။ အဲဒီအခါ ဘေးနားက အဖော်လိုက်လာတဲ့ အမျိုးသမီးကြီးက “အရှင်မ ... ဒီတိုင်း ပြည်ကို အုပ်ချုပ်တဲ့ ဘုရင်ကြီးက ဗုဒ္ဓဆင်းတုတော်တွေကို ချောင်းတွေ၊ မြောင်းတွေ၊ ရွံ့ဗွက်တွေထဲကို စွန့်ပစ်ပါတယ်။ ဒီဆင်းတုတော်ကိုလည်း ဘုရင်ကြီးစွန့်ပစ်ထားတာပဲ ဖြစ်မှာပါ”လို့ ပြောပြတယ်။

တလထော်ဟာ ဆင်းတုတော်ကို စင်ကြယ်သွားအောင် ဆေးကြောပြီး စေတီ တစ်ဆူမှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ အဲဒီသတင်းကို ဘုရင်ကြီး သိသွားတဲ့အခါ တလ ထော်ကို ဖမ်းခိုင်းတယ်။ တလထော်က သူဟာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်သူ ဖြစ်လို့ ဆင်းတုတော်ကို ဆယ်ယူပြီး ပူဇော်ထားတာပါလို့ ဘုရင်ကြီးကို လျှောက်လိုက် တယ်။ ဘုရင်ကြီးက တလထော်ကို စိတ်ဆိုးလွန်းလို့ သတ်ခိုင်းတဲ့အတွက် ဘုရင့်စစ်သည် တော်တွေက နည်းမျိုးစုံနဲ့တလထော်ကို သတ်ကြပေမဲ့ သတ်လို့မရကြပါဘူး။ ဘာကြောင့် လဲဆိုတော့ တလထော်လေးရဲ့ နှုတ်က “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”လို့ ထပ်ခါတလဲလဲ ရွတ်ဆိုနေလို့ပါပဲ။

တလထော်ကို ဘယ်လိုမှ သတ်လို့မရတဲ့အခါမှာတော့ ကျင်းကြီးထဲကို ပစ်ချလိုက် ကြပြီး “ဒီမှာ သူငယ်မ ... နင် ကိုးကွယ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ကောင်းကင်ပျံတက် အောင် လုပ်နိုင်ရင် နင့်ကိုမသတ်တော့ဘူး။ အဲဒီလိုမလုပ်နိုင်ရင်တော့ နင့်ကိုလည်းသတ် မယ်၊ ဆင်းတုတော်တွေကိုလည်း အပိုင်းပိုင်းခုတ်ဖြတ်ပြီး လွှင့်ပစ်ရလိမ့်မယ်”လို့ ခြိမ်းခြောက် ပြောဆိုပါတယ်။

အဲဒီအခါ တလထော်ဟာ လက်အုပ်ချီပြီး “မြတ်စွာဘုရား ... ဘုရားတပည့်တော် သည် ဗုဒ္ဓဆင်းတုတော်များကို ကောက်ယူဆေးကြောပြီး ကိုးကွယ်ပူဇော်ခဲ့ပါတယ်ဘုရား၊ မြတ်စွာဘုရား၊ တရားတော်နှင့် သံဃာတော်များ၏ ဘုန်းတန်ခိုးတို့သည် ကြီးမြတ်တော် မူလှပါသည်ဘုရား၊ ဤမှန်ကန်သော သစ္စာစကားကြောင့် ဗုဒ္ဓဆင်းတုတော်များသည် ဘုရင် ၏ နန်းတော်အထက် ကောင်းကင်ပြင်သို့ ကြွရောက်တော်မူကြပါစေသားလို့ သစ္စာဆို လိုက်ပါတယ်။

တလထော်ရဲ့ သစ္စာစကားဆုံးတာနဲ့ ဗုဒ္ဓဆင်းတုတော်တွေ ကောင်းကင်ထက်ကို ပျံတက်သွားကြပြီး ကောင်းကင်မှာ တင့်တယ်စွာ ရှိနေကြပါတယ်။ အဲဒါကို ကိုယ်တိုင်တွေ့ မြင်ရတဲ့ ဘုရင်ကြီးဟာ အဲဒီနေ့ကစပြီး ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်သူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တလထော်လေးလည်း အသက်သေမယ့်ဘေးကနေ လွတ်မြောက်သွား ခဲ့ပါတယ်။ ဒီလိုနဲ့ တလထော်ရဲ့ ကျေးဇူးကြောင့် ဟံသာဝတီပြည်သူ၊ ပြည်သားတွေဟာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်တဲ့သူတွေ ဖြစ်လာကြပြီး ဟံသာဝတီပြည်မှာ ဗုဒ္ဓ သာသနာ စည်ပင်ထွန်းကားလာပါတော့တယ်။

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-မွန်အမျိုးသမီးလေး တလထော်ဟာ မြစ်ထဲက ဗုဒ္ဓဘုရားဆင်းတုတော်ကို ဘာလုပ်ခဲ့သလဲ။
-အဲဒီသတင်းကြားသွားတော့ ဘုရင်က တလထော်ကို ဘာလုပ်ဖို့ အမိန့်ပေးခဲ့သလဲ။
-တလထော်က ဘာတွေကို အမြဲရွတ်ဆိုခဲ့လို့ အန္တရာယ်က လွတ်မြောက်ခဲ့ရတာလဲ။
-သားတို့၊ သမီးတို့ရော ဆင်းတုတော်တွေကို တွေ့ ရင် ဘာလုပ်ရမလဲ။
-အန္တရာယ်ကင်းအောင် ဘာလုပ်သင့်သလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ရုပ်ပုံများ (တလထော်ပုံ၊ ရွှံ့ဗွက်ထဲကျနေသော ဆင်းတုတော်များကို သူငယ်ချင်းများနှင့် ဆယ်ယူပြီး ဆေးကြောနေပုံ၊ ဆင်းတုတော်များ ကောင်းကင်ပျံနေကြပုံ၊ အားလုံးပြုံးပျော်ကြည်နူးနေကြပုံ)၊ ရောင်စုံစက္ကူများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို အုပ်စုဖွဲ့ ပေးပါ။

[သတိပြုရန် 1]

֍အုပ်စုဖွဲ့ ရာတွင် ရောင်စုံစက္ကူလေးများ (အဖြူ၊ အဝါ၊ အပြာ၊ အနီ၊ အစိမ်း) စသည်ဖြင့် စာရွက်အပိုင်းလေးများကို ကလေးအရေအတွက်၊ မိမိဖွဲ့ လိုသော အုပ်စုအရေအတွက် အတိုင်း ပိုင်းဖြတ်ထားပြီး ကလေးငယ်များကို တစ်ယောက်တစ်ရွက် ဝေပေးပါ။ ထို့ နောက် အရောင်တူရာစုပါ။ အပြာချည်း တစ်အုပ်စု စသည်ဖြင့် အရောင်တူရာ အတိုင်း ထိုင်ခိုင်းပါ။ သို့မဟုတ် သင့်လျော်သလို အုပ်စုဖွဲ့နိုင်သည်။

֍မွန်အမျိုးသမီးလေး တလထော်အကြောင်းထဲမှ မှတ်မိသော အကြောင်းအရာများကို ကလေးအချင်းချင်း ပြန်ပြောကြပါစေ။

֍ထို့နောက် ရုပ်ပုံများကို ကြည့်ရှုပြီး အုပ်စုအလိုက် ပြန်လည်ပြောပြပါစေ။ အုပ်စုတစ်စု ပြောပြီးတိုင်း လက်ခုပ်တီးအားပေးပါ။

֍အနှစ်ချုပ်အနေဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ရ မည်ဖြစ်ကြောင်း၊ ယုံယုံကြည်ကြည် ကိုးကွယ်လျှင် အကျိုးကျေးဇူး ကြီးမားကြောင်း စသည်ဖြင့် ပြောကြားပြီး အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်သောပစ္စည်းများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက ဦးဆောင်၍ ဘုရားကျောင်းဆောင်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဘုရား ဆင်းတုတော် သန့်ရှင်းရေး သို့မဟုတ် ရေသပ္ပာယ်ခြင်းများ ပြုလုပ်ကြပါစေ။

[သတိပြုရန် 2]

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရတနာသုံးပါး တို့အားထား ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 3]

֍“အိမ်က ဘုရားကျောင်းဆောင်မှာ ဘာတွေရှိသလဲ၊ ဘုရားဆင်းတုတော်နဲ့ ဘုရား ကလေးများအားလုံး ကျောင်းဆောင် သန့်ရှင်းရေး လုပ်ဖူးလား၊ သန့်ရှင်းရေးလုပ်ပေးလို့ ဘာအကျိုး ပါဝင်ဖြေဆိုခွင့်ရအောင် ကျေးဇူးတွေ ရနိုင်သလဲ”စသော မေးခွန်းများ မေးမြန်းပြီး ကလေးများ၏ နားလည်မေးမြန်းရမည်။ သဘောပေါက်မှုကို မေးမြန်းဆွေးနွေးပါ။

֍ထို့နောက် ဩကာသဘုရားရှိခိုး၊ ရတနာသုံးပါးဘုရားရှိခိုးများကို တညီတညွတ်တည်း ရွတ်ဆိုကြပါစေ။

֍ထို့နောက် အောက်ပါကဗျာကို ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

ရတနာသုံးပါး တို့အားထား

ဘုရား၊ တရား၊ မြတ်သံဃာ၊
ဦးထိပ်ပန်ဆင်ကာ။
ရိုသေစွာ မြတ်နိုးလို့၊
တို့တစ်တွေ ဆည်းကပ်စို့။
ဆည်းကပ်ကြတဲ့ တို့တစ်တွေ၊
ကောင်းကျိုးများလှပေ။
အန္တရာယ်တွေ ကင်းစေသည့်၊
သရဏဂုံ ရွတ်ဆိုကြည့်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။

  1. ဆရာက ဆွေးနွေးမှု၊ ပြောဆိုမှု အားနည်းသော အုပ်စုများကို ဇာတ်လမ်း၏ အဓိက အချက်များကို ဖြည့်စွက်ပြောပြပြီး အားပေးရမည်။
  2. ဘုရားကျောင်းဆောင် ဟူသည် အချို့ ခေါ်ဝေါ် နေကြသော ဘုရားစင်ကို ဆိုလိုသည်။
  3. ကလေးများအားလုံး ဖြေဆိုခွင့်ရအောင် မေးမြန်းရမည်။