မင်းမြတ်အနော်ရထာ (ဆရာ)

339308ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၆) မင်းမြတ်အနော်ရထာ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၆)

မင်းမြတ်အနော်ရထာ

သင်ယူမှုဦးတည်ချက် ။ ။ အနော်ရထာမင်း၏သာသနာပြန့်ပွားအောင်ဆောင်ရွက်ခဲ့ပုံကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ အနော်ရထာမင်း၏ ရုပ်ပုံ၊ အနော်ရထာမင်းအကြောင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား မိမိကြားဖူးသော မင်းတို့၏အမည်များကို မေးမြန်းကြည့်ပါ။

֍ထို့နောက် ဆရာက အနော်ရထာမင်း၏ ရုပ်ပုံကိုပြ၍ ကလေးများအား “အနော်ရထာမင်းက ဘယ်လို ပုဂ္ဂိုလ်မျိုးဖြစ်မယ်လို့ ထင်သလဲ” ဟု မေးပါ။

֍ကလေးများ ထင်မြင်သည့်အတိုင်း ပြောကြပါစေ။

֍ပြီးလျှင် အောက်ပါ အနော်ရထာမင်းအကြောင်းကို ပြောပြပါ။

အနော်ရထာမင်း

အနော်ရထာမင်းဟာ မြန်မာ့သမိုင်းမှာ အလွန်ထင်ရှားတဲ့ သာသနာပြုမင်းတစ်ပါး ဖြစ်ပြီး ပုဂံပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့တယ်။ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံတယ်။ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူဖြစ်တယ်။ နိုင်ငံတော်ကို ချမ်းသာကြွယ်ဝစေရန် ဆောင်ရွက်သလို ဆည်၊ မြောင်း၊ ချောင်း၊ ကန်တွေကိုလည်း တူးဖော်ဆောက်လုပ်ပြီး စိုက်ပျိုး ရေးသီးနှံတွေ ဖြစ်ထွန်းအောင်လည်း ကြိုးပမ်းခဲ့တယ်။ ဒါ့ကြောင့် တိုင်းသူပြည်သားတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ခဲ့ကြတယ်။

အနော်ရထာမင်းလက်ထက် မတိုင်မီက ပုဂံပြည်မှာ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော် တွေ မထွန်းကားသေးဘဲ မိစ္ဆာဝါဒတွေသာ ကြီးစိုးခဲ့တယ်။ မွန်ဒေသက ရှင်အရဟံဆိုတဲ့ ရဟန်းတစ်ပါး ပုဂံပြည်ကို ကြွလာပြီး ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေကို ဟောကြားပြသ ပေးရာမှ အနော်ရထာမင်းကြီးနဲ့ သူ့ရဲ့တိုင်းသူပြည်သားတွေက ဗုဒ္ဓရဲ့တရားတော်တွေကို သက်ဝင်ယုံကြည်လာကြတယ်။ ဒါ့အပြင် ဗုဒ္ဓရဲ့တရားတော်တွေကို ဟောကြားပေးခဲ့တဲ့ ရဟန်းမြတ် ရှင်အရဟံကိုလည်း လေးစားကြည်ညိုသွားကြတယ်။

အဲဒီနေ့ကစပြီး အနော်ရထာမင်းကြီးက ဗုဒ္ဓသာသနာပြန့်ပွားအောင် ဆောင်ရွက် တော့တယ်။ ပထမဦးစွာ မိစ္ဆာဝါဒသမားတွေကို နှိမ်နင်းအပြစ်ပေးတယ်။ အဲဒီနောက် မွန်ဒေသ ကနေ ပိဋကတ်သုံးပုံကို သယ်ဆောင်လာခဲ့ပြီး ပုဂံပြည်မှာပဲ ထားရှိပူဇော်ခဲ့တယ်။ ပုဂံပြည်သူ၊ ပြည်သားတွေကလည်း ပုဂံမြို့ တော်ဝန်းကျင်မှာ စေတီပေါင်းများစွာကို တည်ထားကိုးကွယ်ခဲ့ တယ်။ အနော်ရထာမင်းကြီး တည်ထားခဲ့တဲ့ စေတီတော်တွေထဲက တန့်ကြည်တောင်စေတီ၊ တူရွင်းတောင်စေတီ၊ လောကနန္ဒာစေတီ၊ ရွှေစည်းခုံစေတီနှင့် ပုဂံရွှေဆံတော်စေတီတို့ဟာ အထင်ကရစေတီများအဖြစ် တည်ရှိနေကြတယ်။ အုတ်ခွက်ဘုရားများကိုလည်း ကိုယ်တိုင် လက်ဖြင့် သွန်းလုပ်ပူဇော်ခဲ့တယ်။

အနော်ရထာမင်းကြီးက ရဟန်းသံဃာများကိုလည်း နေ့စဉ် လှူဒါန်းဖွယ်ရာပစ္စည်း တွေကို ဆက်ကပ်လှူဒါန်းတယ်။ ပုဂံပြည်သာမကပဲ အနော်ရထာမင်း အုပ်ချုပ်တဲ့ အခြား ဒေသတွေမှာလည်း ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်စေပြီး ဘုရားရှင်ရဲ့ အဆုံးအမတွေအတိုင်း လိုက်နာကျင့်သုံးစေတယ်။ ဒီလိုနဲ့ အနော်ရထာမင်းလက်ထက်က စပြီးတော့ ပုဂံပြည်မှာ ဘုရားရှင်ရဲ့ တရားတော်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပူဇော်လာကြတဲ့အတွက် ဗုဒ္ဓသာသနာလည်း ထွန်းကားလာခဲ့တယ်။

֍အောက်ပါမေးခွန်းများကို မေးပါ။

-အနော်ရထာမင်းကြီးက လေးစားဖို့ ကောင်းလား/မကောင်းဘူးလား။
-ဘာ့ကြောင့် လေးစားဖို့ ကောင်းတာလဲ/မကောင်းတာလဲ။
-အနော်ရထာမင်းနဲ့ တိုင်းသူပြည်သားတွေကို ပထမဦးဆုံး တရားဟောခဲ့တဲ့ ရဟန်းက ဘယ်သူလဲ။
-အနော်ရထာမင်းကြီးက ဗုဒ္ဓသာသနာပြန့်ပွားအောင် ဘာတွေ လုပ်ခဲ့သလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ရှင်အရဟံပုံ၊ ပိဋကတ်သုံးပုံ စာအုပ်များပုံ၊ ရွှေစည်းခုံစေတီပုံ၊ အနော်ရထာမင်းက သံဃာတော်များအား လှူဒါန်းနေပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကို အခန်းထောင့်လေးထောင့်၏ သင့်လျော်သောနေရာတွင် ကပ်ထားပါ။

֍ဆရာက ရုပ်ပုံတစ်ခုချင်းစီ၏ အမူအရာများကို သတ်မှတ်ပေးထားပါ။

ဥပမာ - လက်အုပ်ချီပြလျှင် ရှင်အရဟံ၏ ပုံဖြစ်သည် ... စသည်ဖြင့်။

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီး တစ်အုပ်စုလျှင်တစ်ယောက် ရှေ့ထွက်၍ နေပါစေ။ အဖွဲ့ဝင်ကလေးများကို တစ်ယောက်ပြီးတစ်ယောက် ပါဝင်ယှဉ်ပြိုင်ကြပါစေ။

֍ဆရာက လက်အုပ်ချီပြလျှင် အုပ်စုအသီးသီးမှ ကလေးများက “ရှင်အရဟံ” ပုံရှိရာသို့ ပြေးသွားစေပြီး ရပ်နေပါစေ။

֍ပြီးလျှင် မည်သည့်ပုံဖြစ်ကြောင်းကို မေးပါ။

အထက်ပါနည်းအတိုင်း လက်ဝါးနှစ်ဖက်ကို ဖြန့်ပြီး စာဖတ်နေသည့်ပုံ လုပ်ပြလျှင် ပိဋကတ်သုံးပုံ စာအုပ်များပုံ၊ လက်နှစ်ဖက်ဖြင့် စေတီပုံသဏ္ဌာန်လုပ်ပြလျှင် ရွှေစည်းခုံ စေတီပုံ၊ လှူဒါန်းပေးကမ်းနေသည့်သဏ္ဌာန် လုပ်ပြလျှင် အနော်ရထာမင်းက သံဃာ တော်များအား လှူဒါန်းနေပုံ ... စသည်ဖြင့် ရုပ်ပုံများဆီသို့ အသီးသီး သွားရောက် ရပ်နေ ကြပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ရွှေတိဂုံစေတီတော်ပုံ၊ အာနန္ဒာစေတီပုံ၊ ကောင်းမှုတော်စေတီပုံ၊ ရွှေစည်းခုံစေတီပုံ၊ ဆူးလေစေတီပုံ၊ စွယ်တော်မြတ်စေတီပုံ၊ ရွှေစည်းခုံစေတီ၏ အရပ်လေးမျက်နှာ၌ ရှိသော မတ်တတ်ရပ် ရုပ်ပွားတော်ပုံများ၊ ရွှေစည်းခုံစေတီအကြောင်း။

သင်ယူမှုလုပ်ငန်းစဉ်

֍ပုံများကို စားပွဲပေါ်တွင် စီချထားပြီး အုပ်စုလိုက် သို့မဟုတ် ထိုင်နေသော အတန်းလိုက် ကြည့်ရှုစေပြီး ရွေးချယ်ကြပါစေ။

֍ထို့နောက် အုပ်စုကိုယ်စားလှယ်တစ်ဦးက မိမိတို့အုပ်စုရွေးချယ်ထားသောပုံကို တစ်တန်း လုံး မြင်နိုင်ရန် ထောင်ပြပါစေ။

֍အုပ်စုအားလုံး ရွေးချယ်/ထောင်ပြပြီးသောအခါ ဆရာက ရွှေစည်းခုံစေတီတော်ပုံကို ထောင်ပြလျက် ဤပုံသည် ရွှေစည်းခုံစေတီတော်ပုံဖြစ်ကြောင်း၊ ရွှေစည်းခုံစေတီတော် သည် အနော်ရထာမင်း တည်ခဲ့တဲ့စေတီဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပြီး ရွှေစည်းခုံ နှင့်ပတ်သက်သော အောက်ပါအချက်အလက်များကို ပြောပြပါ။

ရွှေစည်းခုံစေတီ

[သတိပြုရန် 1]

ရွှေစည်းခုံစေတီက ပုဂံခေတ် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စေတီ ရုပ်ပုံများပြ၍ ပြောပြပါ။ တော်တွေထဲက အထင်ရှားဆုံး စေတီတော်တစ်ဆူ ဖြစ်တယ်။ ပုဂံပြည်၊ ညောင်ဦးမြို့၊ ဧရာဝတီမြစ်ကမ်းနဖူးပေါ်မှာ တည်ရှိတယ်။ ရွှေစည်းခုံစေတီက ရွှေရောင်ဝင်းပြီး ကြည်ညို ဖွယ် အလွန်ကောင်းလှတယ်။

ရွှေစည်းခုံစေတီကို အနော်ရထာမင်းလက်ထက်မှာ ပုဂံပြည်သူပြည်သားတို့က တူရွင်းတောင်ခြေကနေ ကျောက်သားတွေကို လက်ဆင့်ကမ်းသယ်ယူပြီး ဆောက်လုပ်ခဲ့ကြ တာ ဖြစ်တယ်။ ထူးဆန်းတာတစ်ခုက ကျောက်သားတွေကို သယ်ယူတဲ့သူတွေ အရိပ်ရစေဖို့ မန်ကျည်းပင်တွေ ချက်ချင်းပေါက်လာပြီးတော့ ကျောက်သယ်အပြီးမှာပဲ မန်ကျည်းပင်တွေက အလိုအလျောက် ပျောက်သွားတယ်။ ဒါ့အပြင် ရွှေစည်းခုံစေတီကို အဝေးကနေ လှမ်းကြည့် လိုက်ရင် ကုန်းမြင့်ပေါ်မှာ တည်ရှိနေသလိုမျိုး ထင်ရတယ်။

ရွှေစည်းခုံစေတီရဲ့ လေးဘက်လုံးမှာ မတ်တတ်ရပ်ရုပ်ပွားတော် တစ်ဆူစီ ရှိတယ်။ ရွှေစည်းခုံစေတီရဲ့ ရင်ပြင်ပေါ်မှာလည်း ဘုရားရဲ့ ခြေတော်ရာ၊ သစ်သားပန်းပုနဲ့ သိကြားမင်း ရုပ်တို့ကို တွေ့ နိုင်တယ်။ ပုဂံခေတ်ကတည်းက အနော်ရထာမင်းကြီး တည်ထားခဲ့တဲ့ ရွှေ စည်းခုံစေတီက အခုချိန်ထိ တန်ခိုးကြီးစေတီတော်အဖြစ် ထင်ရှားရှိနေဆဲ ဖြစ်ပါတယ်။

֍ရွှေစည်းခုံစေတီအကြောင်း ပြောပြီးပါက အောက်ပါမေးခွန်းများကို မေးပါ။

-ရွှေစည်းခုံစေတီကို ဘယ်မင်းက တည်ခဲ့တာလဲ။ ဘယ်နေရာမှာ ရှိလဲ။
-ရွှေစည်းခုံစေတီကို ဘယ်သူတွေရဲ့ လုပ်အားနဲ့ ဆောက်ခဲ့တာလဲ။
-ရွှေစည်းခုံစေတီကို ဘာနဲ့ ဆောက်လုပ်ခဲ့ကြတာလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရှင်အရဟံပုံ၊ ပိဋကတ်သုံးပုံ စာအုပ်များပုံ၊ ရွှေစည်းခုံစေတီပုံ၊

သင်ယူမှုလုပ်ငန်းစဉ်

֍အနော်ရထာမင်းနဲ့ သက်ဆိုင်တဲ့ပုံတွေကို ပြန်ပြပါ။ (ဥပမာ - ရှင်အရဟံပုံ၊ ပိဋကတ် သုံးပုံ စာအုပ်များပုံ၊ ရွှေစည်းခုံစေတီပုံ)

֍ပြီးလျှင် “ပုဂံပြည်ကြီး သာယာဝပြော စည်ပင်လာတာဟာ အနော်ရထာမင်းကြီးတစ်ဦး တည်းရဲ့ အားထုတ်မှတင်မဟုတ်ဘဲ ပုဂံပြည်သူပြည်သားတွေရဲ့ အားထုတ်မှုကြောင့် လည်းပါတယ်။ အဲဒီလို ကြိုးစားအားထုတ်ခဲ့လို့လည်း ပုဂံပြည်ကြီးမှာ ဗုဒ္ဓဘာသာ ထွန်းကားလာတယ်”ဟု စသည်ဖြင့်ပြောပြီး ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍အုပ်စုအသီးသီးအား “သားတို့၊ သမီးတို့ရော ကိုယ့်နိုင်ငံကို သာယာဝပြောအောင် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ချင်လဲဟူသော မေးခွန်းကို မေးပြီး လုပ်ချင်သော အရာ (၅) ခုခန့်ရအောင် စဉ်းစားရမည်ဖြစ်ကြောင်း ပြောပြပါ။ အားလုံးစဉ်းစားပြီးသော အခါ အုပ်စုအသီးသီးမှ ကိုယ်စားလှယ်က ၎င်းတို့အုပ်စု စဉ်းစားထားသော အချက် (၅) ချက်ကို အတန်းသားအားလုံးသို့ ပြန်လည်တင်ပြပါစေ။

֍နောက်ဆုံးတွင် ဆရာက “သားတို့/သမီးတို့ နေထိုင်တဲ့ ဘဝတစ်လျှောက်လုံးမှာ အလုပ်တွေ အများကြီး လုပ်ကြရဦးမှာ၊ အခု သားတို့/သမီးတို့က ကျောင်းသား/သူတွေ ဆိုတော့ စာကြိုးစားကြရမယ်၊ လူတော်လူကောင်းလေးတွေ ဖြစ်အောင်လည်း ကြိုးစား ကြရမယ်၊ ဒါ့အပြင် စောစောက ပြောခဲ့တဲ့ အနော်ရထာမင်းလိုလည်း ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်သွားနိုင်အောင် ကြိုးစားရမယ်” စသည်ဖြင့် အနှစ်ချုပ်ပြောကြားပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ရုပ်ပုံများပြ၍ ပြောပြပါ။