ရန်ငြိုးထားက ပျက်စီးရ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၉။ ရန်ငြိုးထားက ပျက်စီးရ(ကျောင်းသားကိုင်သို့)
348401ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၁၉။ ရန်ငြိုးထားက ပျက်စီးရ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၉)

သင်ခန်းစာခေါင်းစဉ်။ ။ ရန်ငြိုးထားက ပျက်စီးရ

ယေဘုယျရည်ရွယ်ချက်။ ။ ရန်ငြိုးထားခြင်း၏ ဆိုးကျိုးများကို သိရှိပြီး တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်၍ ပြေလည်စွာ ဖြေရှင်းတတ်ရန်။

စာသင်ချိန်(၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးရပုံကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ မဲလိပ် (၅) လိပ်။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) သင်ခဲ့ပြီးသော သင်ခန်းစာနှင့် ချိတ်ထက်၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ “သူများမကောင်းကြံ ကိုယ့်ဘေးရန် ဆိုတဲ့စကားကို ကြားဖူးလား။ စတုတ္ထတန်း၊ သင်ခန်းစာ (၃၇)မှာ လေ့လာခဲ့ရတယ်၊ မှတ်မိသမျှ ပြန်ပြောပြပါ”ဟု မေး၍ မှတ်မိသော ကလေးအချို့က အလှည့်ကျ ပြောကြပါ စေ။ ပြန်ပြောနိုင်သော ကလေးမရှိလျှင် ဆရာက “အဲဒီဇာတ်လမ်းထဲမှာ ဆေးဆရာက သူဆေးကုပြီး ငွေရချင်တာနဲ့ ညောင်ပင်ခွကြားမှာ အိပ်နေတဲ့ မြွေကိုက်အောင် ကလေးကို ညောင်ပင်ပေါ် တက်ခိုင်းတယ်၊ ကလေးက မြွေကိုကိုင်မိတော့ လန့်ပြီး ပစ်ချလိုက်တာ ဆေးဆရာရဲ့ လည်ပင်းပေါ် ကျသွားတယ်၊ မြွေက ဆေးဆရာရဲ့ လည်ပင်းကို ကိုက်လိုက်လို့ ဆေးဆရာ သေသွားတယ်၊ ဆေးဆရာဟာ အပြစ်မဲ့တဲ့ ကလေးငယ်ကို မကောင်းကြံမိတဲ့အတွက် အဲဒီမကောင်းကျိုးကို သူပြန်ပြီး ခံခဲ့ရခြင်း ဖြစ်တယ်၊ အဲဒီလိုမျိုး နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်ကို လေ့လာကြရအောင်”ဟု ပြောပါ။

လုပ်ငန်း (၂) ဇာတ်လမ်းကို ဖတ်၍ သရုပ်ဆောင်ခြင်း။

(၃၀ မိနစ်)

֍ ကလေးများကို အုပ်စု (၄) စု ဖွဲ့၍ ဇာတ်လမ်းကို အစအဆုံး သေချာနားလည်အောင် ဖတ်ကြပါစေ။

ရန်ငြိုးထားက ပျက်စီးရ

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း.စိုးစံစဉ် ဟိမဝန္တာတောတွင် ဝက်ဝံတစ်ကောင်သည် အစာရှာ ထွက်လာတိုင်း ကြို့ပင်ကြီး၏ ခြေရင်း၌ အိပ်လေ့ရှိ၏။ တစ်နေ့တွင် လေတိုက်၍ ကြို့ပင်၏ သစ်ကိုင်းခြောက် တစ်ခုသည် ဝက်ဝံ၏ ကျောကုန်းပေါ်သို့ ကျိုးကျလာလေသည်။ ဝက်ဝံသည် ကျောကုန်းနာ၍ အလန့်တကြား ထပြေးမိ၏။ အတန်ကြာမှ ပြန်လာပြီးကြည့်သော် တစ်စုံတစ်ရာထူးခြားမှုကို မမြင်၍ “ဒီကြို့ပင်မှာစောင့်တဲ့ နတ်က သူ့အပင်အောက် ငါအိပ်တာကို မကျေနပ်လို့ လုပ်တာဖြစ်ရမယ်”ဟု တွေးကာ ရန်ငြိုးဖွဲ့၏။

ထို့နောက် ကြို့ပင်ကို ဒေါသတကြီးပုတ်ခတ်၍ “နင့်သစ်ပင်က အရွက်ကိုလည်း ငါမစား၊ နှင့်သစ်ခက်ကိုလည်း ငါမမျိုး၊ သူများတွေ လာနေတာကို နင်လက်ခံတယ်၊ ငါ့ကိုကျတော့ လက်မခံဘူး၊ ငါ့မှာ ဘာအပြစ်ရှိလို့လဲ၊ နှစ်ရက်သုံးရက်လောက်ကြာတာနဲ့ နှင့်အပင် အမြစ်ကကျွတ်ပြီး အပိုင်းပိုင်း ပြတ်စေရမယ်”ဟု ကြို့ပင်စောင့် နတ်ကို ခြိမ်းခြောက်ပြီး ထွက်သွားလေသည်။

ထိုအချိန်၌ လက်သမားတစ်ယောက်သည် လှည်းရထားပြုလုပ်ရန်အတွက် လူနှစ်ယောက်သုံးယောက် နှင့်အတူ ပုဆိန်စွဲကိုင်လျက် သစ်ရှာနေ၏။ ဝက်ဝံသည် ထိုလက်သမားကို မြင်လျှင် ယနေ့ ငါ၏ရန်သူကို ပျက်စီးစေအံ့ဟုကြံ၍ ကြို့ပင်ရင်းသို့ သွား၍ရပ်နေ၏။ လက်သမားသည် သစ်ရှာရင်း ကြို့ ပင်အောက်သို့ ရောက်လာလေသည်။

ဝက်ဝံက “အချင်း ယောက်ျား ... ဘယ်လိုသစ်မျိုးကို ရှာနေတာလဲ”ဟု မေးရာ လက်သမားက “လှည်းရထားလုပ်ဖို့အတွက် ဘယ်သစ်ကိုသုံးရင် ခိုင်ခံ့မလဲ သိပါသလား”ဟု ပြန်၍ မေးလေသည်။ အကြံဆိုး ရှိသော ဝက်ဝံကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် “အဆွေလက်သမား ... ကြို့ ပင်ရဲ့ အသားကသာ လှည်းရထား လုပ်ရာမှာ အခိုင်ခံ့ဆုံးပါပဲ”ဟု ဆို၏။ ထိုအခါ လက်သမားက “အဆွေ ... အဲဒီကြို ပင်ဆိုတာ ဘယ်လိုအရွက် ဘယ်လိုပင်စည်မျိုး ရှိသလဲ၊ ဘယ်မှာရှာလို့တွေ့နိုင်မလဲ”ဟု ဆက်မေး၏။ ဝက်ဝံကလည်း “အခု ကျွန်ုပ်ရပ်နေတဲ့ အပင်ဟာ ကြို့ပင်ပါပဲ၊ ဒီသစ်နဲ့လုပ်ရင် လှည်းရထားဟာ အလွန်ခိုင်ခံ့ပါလိမ့်မယ်”ဟု ပြောပြီး ဝမ်းမြောက်ဝမ်း သာဖြင့် ထွက်ခွာသွားလေသည်။

ကြို့ ပင်စောင့်နတ်သည်လည်း အမျက်ထွက်၍ ဝက်ဝံကို လက်စားချေရန် ကြံစည်၏။ ထို့နောက် လူယောက်ျားအသွင် ဖန်ဆင်းကာ လက်သမားအား “ဘာကြောင့် ဒီကြို့ ပင်ကို ခုတ်နေတာလဲ”ဟု မေးမြန်း၏။ လက်သမားကလည်း လှည်းရထားလုပ်ရန်အတွက် ခုတ်နေကြောင်း ပြောသောအခါ “ဒီကြို ပင်နဲ့ လှည်းရထား လုပ်ရင် ကောင်းပါတယ်၊ ဒါပေမယ့် ဒီထက်ပိုကောင်းချင်ရင် ဝက်ဝံအရေခွံကို ခွာပြီး လှည်းကို ကွပ်လိုက်ရင် အလွန်ခိုင်ခံ့မယ်၊ လှလည်းလှမယ်၊ လှည်းကိုရောင်းရင်လည်း ဈေးပိုရမှာပေါ့”ဟု ဆို၏။ လက်သမားသည် ထိုအကြံကို လက်ခံကာ ဝက်ဝံကို သတ်ပြီး ကြို့ ပင်ကိုလည်း ခုတ်ယူသွားလေသည်။

ဤသို့ဖြင့် အပြန်အလှန်ရန်ငြိုးဖွဲ့ လက်စားချေမှုများကြောင့် ဝက်ဝံလည်းသေ၊ ကြို့ပင်လည်း ပျက်စီးသဖြင့် ကြို့ပင်စောင့်နတ်လည်း ဘုံဗိမာန်ပျောက်လေတော့သည်။

မှီငြမ်း။ ။ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ စတုတ္ထတွဲ၊ ၉၅-၁၀၁၊ ဇာ၊ဋ္ဌ၊၄၊၂၀၈၊

֍ ဇာတ်လမ်းဖတ်ပြီးလျှင် အုပ်စုတစ်ခုစီမှ သရုပ်ဆောင်မည့်သူ တစ်ဦးစီကို ကလေးများကိုယ်တိုင် ရွေးချယ်ကြပါစေ။

֍ ထို့နောက်ဆရာက ဇာတ်ကြောင်းပြောသူ၊ လက်သမား၊ ကြို့ ပင်စောင့်နတ်၊ ဝက်ဝံဟု ရေးထားသော မဲလိပ် (၄) လိပ်ဖြင့် သရုပ်ဆောင်မည့်သူ (၄) ဦးအား မဲနှိုက်၍ ရွေးချယ်ကြပါစေ။

֍ သရုပ်ဆောင်မည့်သူတစ်ဦးစီက မိမိရရှိသော မဲလိပ်ပါဇာတ်ကောင်၏ ပြောဆိုရမည့်စကား၊ သရုပ်ဆောင်ရမည့် အမူအရာတို့ကို မိမိအုပ်စုဝင်များနှင့် ဆွေးနွေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ကြပါစေ။

֍ ထို့နောက် သရုပ်ဆောင် (၄) ဦး ဆွေးနွေးတိုင်ပင်၍ (၅ မိနစ်ခန့်) ကြိုတင်ဇာတ်တိုက်ကြပါစေ။

သရုပ်ဆောင်တစ်ဦးစီက မိမိသရုပ်ဆောင်ရမည့် ဇာတ်ကောင်အမည်ကို စာရွက်ပိုင်းတွင်ရေး၍ အင်္ကျီတွင် ကပ်ထားပြီး စတင်သရုပ်ဆောင်ကြပါစေ။

֍ အုပ်စုဝင်အားလုံးတို့သည် သရုပ်ဆောင် (၄) ဦး သရုပ်ဆောင်နေစဉ် ပြောဆိုသောစကား၊ သရုပ်ဆောင်သည့် အမူအရာနှင့် သဘာဝကျမှုတို့ကို သေချာစွာကြည့်ရှု နားထောင်ထားရန် မှာကြားထားပါ။

֍ ပြီးလျှင် ကြည့်ရှုနားထောင်ထားသူများအချင်းချင်း အုပ်စုအတွင်း ဆွေးနွေး၍ သရုပ်ဆောင်သွားသူများ၏ ပြောဆိုသောစကား၊ အမူအရာနှင့် သဘာဝကျမှုတို့ကို တစ်အုပ်စုလျှင် ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည် အကြံပြုဖြည့်စွက်ပါစေ။

လုပ်ငန်း (၃) မေးခွန်းမေးခြင်း။

(၁၀ မိနစ်)

֍ အုပ်စုအားလုံးတင်ပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။

-ဝက်ဝံနဲ့ ကြို့ပင်စောင့်နတ်တို့ဟာ ဘယ်လိုအပြန်အလှန် ရန်ငြိုးဖွဲ့ကြသလဲ။
-ဝက်ဝံနဲ့ ကြို့ပင်စောင့်နတ်တို့ရဲ့ တွေးခေါ်မှုဟာ မှန်ကန်ရဲ့လား။ ကလေးတို့သာ သူတို့နေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ။
-လူတစ်ယောက်က ကလေးတို့ကို အထင်မှားမယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။

လုပ်ငန်း (၄) ကဗျာဆို၍ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ “တစ်ဦးနဲ့တစ်ဦး ရန်ငြိုးဖွဲ့ပြီး လက်စားချေရင် နှစ်ဦးစလုံး. ပျက်စီးဆုံးရှုံးရတယ်”ဟု ပြော၍ အောက်ပါ ကဗျာကို ရွတ်ဆိုပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

ရန်ငြိုး

ရန်ကိုရန်ချင်း၊ မတုံ့နှင်းဘဲ
ရန်ကင်းစေဖို့၊ ရန်ငြိုးတို့ကို
ရန်စတိုအောင်၊ တို့စွမ်းဆောင်မှ
လောကပြည်ရွာ၊ ငြိမ်းအေးသာ၍
သိမ်မွေ့စိတ်ဓာတ်၊ မတ်မတ်မြင့်မား
စံလူသားဖြစ်၊ လူနတ်ချစ်ပေ
လက်စားချေခြင်း၊ ရန်တုံ့နှင်းမူ
ပူလောင်နှလုံး၊ မရွှင်ပြုံးဘဲ
အဆိုးဝဲမှာ၊ သံသရာ . .
ဘယ်မှာရပ်နား ထုံးမလဲ...။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ မိမိအပေါ် ရန်လိုတိုက်ခိုက်လာသူများကို ရန်ငြိုးမထားဘဲ ပြေလည်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ဖြစ်ရပ်တစ်ခုစီ ရေးထားသော စာရွက်နှစ်စုံ၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

(၁၀ မိနစ်)

လုပ်ငန်း (၁) နိဒါန်းပျိုးခြင်း။

֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-သူငယ်ချင်းတွေကို ထိခိုက်မိအောင်လုပ်ရင်၊ ရန်ရှာရင် သူငယ်ချင်းတွေက ဘယ်လို တုံ့ပြန်မယ်ထင်သလဲ။
-သူငယ်ချင်းတွေကို ကူညီမယ်၊ ချစ်ခင်မယ်ဆိုရင် သူငယ်ချင်းတွေက ဘယ်လို တုံ့ပြန်မယ်ထင်သလဲ။

֍ ထို့နောက် ဆရာက “သူတစ်ပါးအပေါ် ကိုယ်ပြုမူခဲ့တဲ့ အပြုအမူနဲ့ စိတ်စေတနာအတိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်လည်း ပြန်ခံစားရမယ်”ဟု ရှင်းပြပါ။

လုပ်ငန်း (၂) ဖြစ်ရပ်ပေး၍ အုပ်စုဖွဲ့ ဆွေးနွေးတင်ပြခြင်း၊

(၄၀ မိနစ်)

֍ ကလေးများကို အုပ်စု(၆) စု ဖွဲ့ပါ။ အုပ်စု(၁) နှင့် အုပ်စု(၂) အား ဖြစ်ရပ် (၁) ရေးထားသော စာရွက်တစ်ရွက်စီ ပေးပါ။ အုပ်စု(၃) နှင့် အုပ်စု(၄) အား ဖြစ်ရပ် (၂) ရေးထားသော စာရွက်တစ်ရွက်စီပေးပါ။ အုပ်စု(၅)နှင့် အုပ်စု(၆)အား ဖြစ်ရပ် (၃) ရေးထားသော စာရွက်တစ်စီပေးပါ။

֍ မိမိအဖွဲ့ရရှိသောဖြစ်ရပ်နှင့်ပတ်သက်၍ အကောင်းဆုံးဖြေရှင်းနည်းကို အုပ်စုဝင်များအချင်းချင်း ဆွေးနွေး ကြပါစေ။ အုပ်စုလိုက်ဆွေးနွေးရာတွင် ဖြစ်ရပ်ကို ဖြေရှင်းသော နည်းလမ်းများပေါ် မူတည်၍ ဖြစ်ပေါ်လာနိုင်သည့် အကျိုးထက်တို့ကိုလည်း ရေးသားကြပါစေ။

֍ ထို့နောက် ကိုယ်စားလှယ်တစ်ဦးစီက တစ်တန်းလုံးသို့ တင်ပြပါစေ။ တစ်ဖွဲ့တင်ပြပြီးလျှင် အခြားအဖွဲ့များ ကလည်း အကြံပြုဆွေးနွေးကြပါစေ။

ဖြစ်ရပ် (၁)

မောင်မောင်နဲ့ ဆက်နိုင်တို့ သူငယ်ချင်းတွေ ဘောလုံးကစားဓနကြတယ်။ ဂိုးသွင်းဖို့ ဘောလုံးဆွဲလာတဲ့ ဆက်နိုင်ကို မောင်မောင်က နောက်ကနေ တွန်းလှဲပစ်လိုက်တယ်။ ဆက်နိုင် လဲကျသွားပြီး ခြေထောက် နာသွားတယ်။

-ဆက်နိုင်က မောင်မောင်ကို ဘာပြောမယ်လို့ ထင်သလဲ။
-ဆက်နိုင်နေရာမှာ သားတို့သမီးတို့သာဆိုရင် ဘာလုပ်မလဲ။
-ဘာတွေဆက်ဖြစ်မလဲ။

ဖြစ်ရပ် (၂)

မင်းမင်းဟာ အစသန်တဲ့ ကလေးတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ ကျောင်းကိုလာရင်း မထင်မှတ်ဘဲ မိုးရွာတဲ့အတွက် မိုးရေထဲမှာ လမ်းလျှောက်ပြီး ကျောင်းကို လာရတယ်။ အဲဒီအချိန်မှာ ကျောင်းအောက်မှာ ရပ်နေတဲ့ သင်းသင်းကိုတွေ့တော့ မိုးရေတွေစိုအောင် လုပ်လိုက်တယ်။ အဲဒီတော့ သင်းသင်း အင်္ကျီမှာ ရေတွေစိုသွားတယ်။

-သင်းသင်း ဘာပြောမယ်ထင်သလဲ၊ ဘာပြန်လုပ်မယ်လို့ ထင်သလဲ။
-သင်းသင်းနေရာမှာ သားတို့သမီးတို့ဆိုရင်ရော ဘာလုပ်မလဲ။
-ဘာတွေဆက်ဖြစ်မလဲ။

ဖြစ်ရပ် (၃)

မွန်မွန်နဲ့ ချောစုတို့ဟာ အတန်းတူ သူငယ်ချင်းတွေ ဖြစ်ကြတယ်။ စာမေးပွဲနီးလာချိန်မှာ မွန်မွန်က နေမကောင်းလို့ ရက်အတော်ကြာ ကျောင်းပျက်သွားတယ်။ သက်သာလာတဲ့အခါ မွန်မွန်ဟာ ကျောင်း ပျက်တုန်းက စာတွေကူးဖို့ ရောစုဆီကို စာအုပ်သွားငှားတယ်။ ချောစုက မွန်မွန်ကို သူ့ထက် သာသွား မှာစိုးလို့ စာအမှားတွေ ပေးလိုက်တယ်။ မွန်မွန်ဟာ အခြားသူငယ်ချင်းတွေနဲ့ စာစုကျက်တဲ့အခါ ချောစုပေးလိုက်တဲ့ စာတွေဟာ မှားနေတယ်ဆိုတာ သိလိုက်ရတယ်။

-မွန်မွန်က ချောစုကို ဘယ်လို တုံ့ပြန်မယ်ထင်သလဲ။
-မွန်မွန်နေရာမှာ သားတို့သမီးတို့သာဆိုရင် ဘာလုပ်မလဲ။
-ဘယ်လိုအကျိုးတွေ ဖြစ်လာမလဲ။

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကလေးများ၏ တင်ပြချက်များကို ဆရာက မှတ်သားထားပြီး လိုအပ်သောအချက်များကို ဖြည့်စွက် ဆွေးနွေးကာ အောက်ပါအတိုင်း အနှစ်ချုပ်၍ သင်ခန်းစာကို အဆုံးသတ်ပါ။

“တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင် နေထိုင်ချင်တယ်ဆိုရင် အခြားသူတွေ စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်သင့်ဘူး၊ မတော်တဆ ဖြစ်သွားရင်လည်း ခံရသူကျေနပ်အောင် တောင်းပန်ရမယ်၊ ခံရသူကလည်း လက်စားမချေဘဲ ဒီလိုလုပ်တာကို မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြီး ရန်ငြိုး ထားခြင်း၊ လက်စားချေခြင်းတွေ မလုပ်သင့်ဘူး၊ ကိုယ့်ရဲ့ ဒေသကို မထိန်းဘဲ ပြန်လည်တုံ့ပြန်လိုက်ရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးကိုလည်း ထိခိုက်နိုင်တယ်၊ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ရန်ငြိုးမထားဘဲ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အသုံးပြုနိုင်အောင် ကြိုးစားကြရမယ်”