အရှင်ပေါဋ္ဌိလ (ဆရာ)

348402ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၀။ အရှင်ပေါဋ္ဌိလ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၀)

သင်ခန်းစာပေါင်းစဉ်။ ။ အရှင်ပေါဋ္ဌိလ

ယေဘုယျရည်ရွယ်ချက်။ ။ မိမိသင်ယူတတ်မြောက်ပြီးသော အသိပညာများကို လက်တွေ့ကျင့်သုံးတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ အသိတရားနောက်တွင် အကျင့်လိုက်၍ လုပ်ဆောင်သင့်ပုံကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာအိတ်များ၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းဖြင့် စတင်ပါ။

-ကလေးတို့ ... ဓမ္မစကူးလ်မှာ သင်ယူရရှိခဲ့တာတွေထဲက ဘာတွေကို လက်တွေ့အသုံးပြုပြီးပြီလဲ။

֍ ကလေးများ ပြောပြီးလျှင် ဆရာက “ကလေးတို့ သင်ယူခဲ့တာတွေကို လက်တွေ့မှာ အသုံးပြုနေတယ်ဆိုတာ အလွန်ကောင်းပါတယ်၊ ပိဋကတ်စာပေတွေတတ်ပြီး အစပိုင်းမှာ လက်တွေ့ မကျင့်သုံးတဲ့ ရဟန်းတစ်ပါးဟာ နောက်ပိုင်းမှာ ဘာတွေ လုပ်ဆောင်သွားလို့ ဘာဖြစ်သွားသလဲဆိုတာကို လေ့လာကြည့်ရအောင်”ဟု ပြောပါ။

֍ အရှင်ပေါဋ္ဌိလ = အရှင်ပွတ်ထိလ ဟု ဖတ်ပါ။

လုပ်ငန်း (၂) အုပ်စုဖွဲ့၍ လုပ်ငန်းပေးဆွေးနွေးခြင်း၊

(၄၀ မိနစ်)

֍ ကလေးများကို အုပ်စု(၆) စု ဖွဲ့ပါ။ ဆရာက “အရှင်ပေါဋ္ဌိလ” ဇာတ်လမ်းမှ စာပိုဒ်တစ်ပိုဒ်စီမှ စာကြောင်းများကို သင့်လျော်သလို ပိုင်းဖြတ်ပြီး စာအိတ်တစ်အိတ်စီတွင် ထည့်ကာ အုပ်စုတစ်စုချင်းစီကို ပေးပါ။ ထို့နောက် မိမိတို့အဖွဲ့ ရသော စာပိုဒ်ပါ ကကြောင်းများကို အစီစဉ်တကျ ပြန်စီကြပါစေ။

֍ အစီအစဉ်တကျ ပြန်စီပြီးပါက အုပ်စုအချင်းချင်း အပြန်အလှန် လဲလှယ်၍ အစီအစဉ် မှန်မမှန်ကို ကျောင်းသားကိုင်စာအုပ်နှင့် စစ်ဆေးပြီး မူလအုပ်စုသို့ ပြန်လည်ပေးအပ်ကြပါစေ။ ထို့နောက် ဆရာက အမှားအနည်းဆုံးအုပ်စုကို ဖိတ်ခေါ်၍ ပြန်လည်တင်ပြစေကာ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးပါ။

အရှင်ပေါဋ္ဌိလ

မြတ်စွာဘုရားရှင် လက်ထက်က အရှင်ပေါဋ္ဌိလဟု ခေါ်သော ရဟန်းတစ်ပါးရှိ၏။ ထိုရဟန်းသည် တရားစာပေများကို သင်ကြားပို့ချရာတွင် အလွန်တော်သော်လည်း သံသရာမှ လွတ်မြောက်ကြောင်းဖြစ်သော တရားအားထုတ်ခြင်းကို ပြုလုပ်လေ့မရှိပေ။ ထိုအကြောင်းကို သိတော်မူသော မြတ်စွာဘုရားသည် အရှင်ပေါဋ္ဌိလအား အသိတရား ရရှိလာစေရန် “အနှစ်မရှိသူ”ဟု သုံးနှုန်း၍ ခေါ်လေ့ရှိသည်။ ထိုကဲ့သို့ အကြိမ်ကြိမ် အခေါ်ခံရသောအခါ အရှင်ပေါဋ္ဌိလသည် သူ့တွင် ဈာန်အစရှိသော တရားထူးများ မရှိ၍ ယခုကဲ့သို့ ခေါ်ဆိုခံရကြောင်းကို သဘောပေါက်လာသည်။

ထို့ကြောင့် အရှင်ပေါဋ္ဌိလသည် တစ်ခုသော နံနက်စောစောတွင် သပိတ်နှင့် သင်္ကန်းကို ပြင်ဆင်ထား ကာ သူ့ထံမှ တရားစာပေများ သင်ယူပြီး ပြန်သွားသော တပည့်ရဟန်းများနှင့်အတူ ကျောင်းမှထွက်သွားလေသည်။ ကျောင်းဝင်းအတွင်း စာအံနေကြသော ရဟန်းများကလည်း သူတို့ဆရာ အရှင်ပေါဋ္ဌိလ ကျောင်းမှ ထွက်သွားသည်ကို သတိမထားမိကြပေ။ ဤသို့ဖြင့် အရှင်ပေါဋ္ဌိလသည် မြို့နှင့်အလွန်ဝေးသော တောထဲရှိ ကျောင်းတစ်ကျောင်းသို့ ရောက်လာခဲ့သည်။

ထိုကျောင်းသို့ရောက်သောအခါ အရှင်ပေါဋ္ဌိလသည် ကျောင်းတိုက်အတွင်းရှိ မထေရ်ကြီးထံတွင် တရား အားထုတ်ရန် ကမ္မဋ္ဌာန်းတရားကို တောင်းခံလေသည်။ မထေရ်ကြီးက အရှင်ပေါဋ္ဌိလတွင် ပညာမာန်ရှိသည်ဟု န ယူဆသည့်အတွက် ဒုတိယမထေရ်ထံ လွှဲအပ်လိုက်သည်။ ဒုတိယမထေရ်ကလည်း တတိယမထေရ်ထံ ထပ်၍ လွဲပြန်သည်။ ဤသို့ဖြင့် မထေရ်အဆင့်ဆင့် လွှဲပေးလာခဲ့ရာ နောက်ဆုံးတွင် ခုနစ်နှစ်သားအရွယ်ရှိသော သာမဏေလေးထံသို့ ရောက်လာခဲ့သည်။

မာန်မာနများကို ခဝါချထားပြီးဖြစ်သော ... အရှင်ပေါဋ္ဌိလသည် ထိုသာမဏေလေးထံတွင် တရားကို ရိုရိုသေသေ တောင်းခံသည်။ သာမဏေလေးကလည်း အရှင်ပေါဋ္ဌိလ ဝတ်ရုံလာသော တန်ဖိုးကြီးလှသည့် နှစ်ထပ်သင်္ကန်းကို သတိထားမိပြီး အဆုံးအမကို နာယူလိုစိတ်ရှိ၊ မရှိ စစ်ဆေးစမ်းသပ်ပြန်သည်။ သာမဏေ လေးက “အရှင်ဘုရား ... သင်္ကန်းဝတ်ရုံထားတဲ့အတိုင်း ရေကန်ထဲကို ဆင်းပါဘုရား”ဟု လျှောက်ထားရာ အရှင်ပေါဋ္ဌိလကလည်း မည်သို့မျှ ပြန်မပြောဘဲ ကန်ထဲသို့ ဆင်းသွားသည်။ ဝတီရုံထားသော သင်္ကန်းစနှင့်ရေ ထိမိချိန်တွင် သာမဏေလေးက “ပြန်ကြွခဲ့ပါဘုရား”ဟု ပြန်ခေါ်လိုက်သည်။ အရှင်ပေါဋ္ဌိလသည် သာမဏေ လေးခိုင်းသမျှကို တစ်သဝေမတိမ်း လိုက်နာသည်။

ထိုအခါမှ သာမဏေလေးက “အရှင်ဘုရား ... တောင်ပို့တစ်ခုမှာ အပေါက်ခြောက်ပေါက်ရှိတယ်၊ အဲဒီ အပေါက်ခြောက်ပေါက်ထဲက တစ်ပေါက်ကနေ ဖွတ်တစ်ကောင် ဝင်သွားတယ်၊ အဲဒီဖွတ်ကို ဖမ်းချင်ရင် အပေါက် ငါးပေါက်ကို ပိတ်ပြီး ကျန်တစ်ပေါက်ကို ခွဲဖျက်ကာ ဖမ်းယူနိုင်ပါတယ်၊ အဲဒီလိုပဲ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ဒွါရခြောက်ပါးထဲကို အပြင်ကနေပြီးတော့ အာရုံတွေ အဆက်မပြတ် ဝင်လာနေတယ်၊ အရှင်ဘုရား ... ကျန်ဒွါရငါးပါးကို ပိတ်ပြီး စိတ်ဆိုတဲ့ ဒွါရတစ်ခုတည်းမှာ ကမ္မဋ္ဌာန်းစီးဖြန်းပြီး နေတော်မူပါဘုရား”ဟု လျှောက်တင်လိုက်သည်။

အရှင်ပေါဋ္ဌိလသည် တရားစာပေများ သင်ကြားပို့ချခဲ့သူဖြစ်၍ သာမဏေလေး၏ စကားကို ကြားရရုံဖြင့် အသိဉာဏ်များ ပွင့်လင်းလာပြီး. စိတ်ကိုတည်ငြိမ်အောင်ထားကာ တရားအားထုတ်လေတော့သည်။ ထိုသို့ အရှင်ပေါဋ္ဌိလ တရားအားထုတ်နေသည်ကို မြတ်စွာဘုရား သိမြင်တော်မူသောအခါ အရှင်ပေါဋ္ဌိလထံသို့ ရောင်ခြည်တော်များ လွှတ်ကာ တရားဒေသနာ ဟောကြားလိုက်လေသည်။ တရားတော်၏အဆုံးတွင် အရှင်ပေါဋ္ဌိလသည် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့သည်။

ဤသို့ဖြင့် အရှင်ပေါဋ္ဌိလသည် အသိနှင့်အကျင့်ကို တစ်ထပ်တည်းကျအောင် ကျင့်ကြံခဲ့သဖြင့် နောက်ဆုံးတွင် တရားထူးတရားမြတ်ကို သိရှိပြီး ရဟန္တာဖြစ်ခဲ့လေသည်။

မှီငြမ်း။ ။ ပိဋကတ်သုံးပုံဆောင် ပေါဋ္ဌိလမထေရ်ဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ၊ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ စတုတ္ထတွဲ၊ ၁၈၃-၁၈၆။ ဓမ္မပဒ၊ဋ္ဌ၊၂၊၂၆၂။

ခက်ဆစ်အဖွင့်

ဒွါရ = တံခါးပေါက်
ကမ္မဋ္ဌာန်းစီးဖြန်း = အာရုံများကို ဆင်ခြင်သုံးသပ်သည်။ တရားအားထုတ်သည်။

လုပ်ငန်း (၃) ကလေးများ၏ နားလည်မှုကို ဆွေးနွေး၍ အနှစ်ချုပ်ခြင်း။

֍ အောက်ပါမေးခွန်းများကို မေးမြန်းပါ။

-မြတ်စွာဘုရားက အရှင်ပေါဋ္ဌိလကို ဘာကြောင့် “အနှစ်မရှိသူ”လို့ ခေါ်တာလဲ။
-အရှင်ပေါဋ္ဌိလကို မထေရ်ကြီးကနေ သာမဏေလေးအထိ ဘာကြောင့် အဆင့်ဆင့် လွှဲပြောင်းပေးခဲ့သလဲ။
-သာမဏေလေးက အရှင်ပေါဋ္ဌိလအား ဘယ်လို တရားအားထုတ်နည်းကို ပေးခဲ့သလဲ။
-အရှင်ပေါဋ္ဌိလဟာ ဘယ်လို ကျင့်ကြံ အားထုတ်ခဲ့တဲ့အတွက် တရားထူး တရားမြတ်ကို ရရှိခဲ့သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ မိမိသင်ယူရရှိသောအသိပညာကို လက်တွေ့ကျင့်သုံးနိုင်သည့် နည်းလမ်းများ ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၅ မိနစ်)

֍ “ကလေးတို့ အရှင်ပေါဋ္ဌိလအကြောင်းကို ဆွေးနွေးခဲ့ပြီးပြီ၊ အရှင်ပေါဋ္ဌိလက အနှစ်ရှိသူဖြစ်အောင် ဘာတွေ လုပ်ဆောင်ခဲ့သလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။

(တရားထူးတရားမြတ် ရနိုင်မည့် နည်းလမ်းကိုရရန် မာန်မာနကို နှိမ့်ချခြင်း၊ အသိနှင့်အကျင့်ကို တစ်ထပ်တည်းကျအောင် ကျင့်ကြံအားထုတ်ခြင်းစသည် အချက်များပါအောင် ဆရာက ကူညီပေးပါ။)

လုပ်ငန်း (၂) လက်တွေ့လုပ်ငန်းပေး ဆွေးနွေးခြင်း။

(၄၅ မိနစ်)

֍ ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများ ဖွဲ့ပါ။ ထို့နောက် အောက်ပါမေးခွန်း၏ အဖြေကို ကလေးတစ်ဦးချင်းစီက သင်ယူရရှိခဲ့သော အကြောင်းအရာများကို စာရွက်ပိုင်းတစ်ခုစီတွင် တစ်ချက်သာ ရေးကြပါစေ။ (ဆရာက အချိန်ကို ကန့်သတ်ပေးပါ။)

-ဓမ္မစကူးလ်ကျောင်းကနေ ဘာတွေကို သင်ယူရရှိခဲ့ပြီးပြီလဲ။

֍ တစ်ဦးချင်းစီ ရေးထားသော စာရွက်ပိုင်းများကို အုပ်စုအတွင်း အကြောင်းအရာတူသော အချက်များနှင့် မတူသောအချက်များကို ခွဲခြားစုစည်းပါ။

ဥပမာ-
ဘုရားရှိခိုးခြင်း
ဘုရားဂုဏ်တော်ကို ရွတ်ဆိုခြင်း
သန်ရှင်းရေးလုပ်တတ်ခြင်း
ချိုချိုသာသာ ပြောဆိုခြင်း
ယဉ်ယဉ်ကျေးကျေးစားသောက်ခြင်း
ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရရှိသေသေ လှူခြင်း
တစ်ကိုယ်ရည်သန်ရှင်းရေး ပြုလုပ်ခြင်း
ဆီမီးကပ်လှူခြင်း
ရေချမ်းကပ်လှူခြင်း

(အထက်ပါဥပမာများသာမက သင်ယူရရှိပြီးသောအရာများကို မှတ်မိသလောက် ရေးသားကြပါစေ။)

֍ ပြီးလျှင် စာရွက်ပိုင်းများကို စာရွက်ကြီးတွင် ကပ်ပြီး အုပ်စုကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

֍ ထို့နောက် ကလေးများကပ်ထားသော စာရွက်ပိုင်းများထဲမှ “လက်တွေ့ကျင့်သုံးခဲ့သော အရာများနှင့် လက်တွေ့မကျင့်သုံးနိုင်သေးသောအရာများကို” ကလေးများအားလုံးနှင့် မေးမြန်းဆွေးနွေး၍ ခွဲထုတ်ပြီး ဆရာက သင်ပုန်းတွင် ကပ်ပေးပါ။

လုပ်ငန်း (၃) မေးခွန်းမေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ထို့နောက် အောက်ပါမေးခွန်းကို မေးမြန်းဆွေးနွေး၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။

-ကလေးတို့ သင်ယူရရှိခဲ့တဲ့အရာတွေထဲက မကျင့်သုံးနိုင်သေးတဲ့ အရာတွေကို လက်တွေ့မှာ ကျင့်သုံး သွားနိုင်အောင် ဘယ်လို လုပ်ဆောင်ကြမလဲ။

“ကလေးတို့ သင်ယူရရှိထားတဲ့ အသိပညာ၊ အတတ်ပညာအားလုံးကို နေ့စဉ်ဘဝမှာ အသုံးပြုမယ်ဆိုရင် အနှစ်ရှိတဲ့ လူတစ်ယောက်ဖြစ်လာမယ်၊ ဒီလိုပြုလုပ်မယ်ထိုရင် မိမိအတွက်လည်းအကျိုးရှိမယ် အများကိုလည်း အကျိုးပြုနိုင်မယ်၊ ဒါကြောင့် ဒီကနေ့ကစပြီး တို့တစ်တွေ အားလုံးသင်ယူပြီးတဲ့ အသိပညာ အတတ် ပညာတွေကို လက်တွေ့အသုံးချနိုင်တဲ့ သူတွေဖြစ်အောင် ကြိုးစားသွားကြပါစို့”